သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

AIDS ရန်ပုံငွေ ထိရောက်စွာ အသုံးပြုရေး ၁၈ ကြိမ်မြောက် နိုင်ငံတကာ ညီလာခံမှာ တောင်းဆို


AIDS ရောဂါ တိုက်ဖျက်ရေး အလှူငွေတွေကို ပိုပြီး နည်းမှန်လမ်းမှန်နဲ့ ထိထိရောက်ရောက် ဖြစ်အောင် အသုံးပြုကြဖို့ AIDS တိုက်ဖျက်ရေး အကူအညီတွေ အများဆုံး ပေးနေတဲ့ အမေရိကန် သမ္မတဟောင်း ဘီလ် ကလင်တန် (Bill Clinton) နဲ့ မိုက်ကရိုဆော့ဖ် ကုမ္ပဏီ ထူထောင်သူ ဘီလ် ဂိတ်စ် (Bill Gates) တို့က AIDS ရောဂါ တိုက်ဖျက်ရေး ကူညီရေးအဖွဲ့တွေကို တိုက်တွန်းလိုက်ပါတယ်။

သြစတြီးယားနိုင်ငံ ဗီယင်နာမြို့မှာ ကျင်းပနေတဲ့ နိုင်ငံတကာ AIDS ညီလာခံကြီးအတွင်း တနင်္လာနေ့မှာ မစ္စတာ ကလင်တန်က စကားပြောခဲ့ပါတယ်။ အဖွဲ့အစည်း အတော်များများဟာ AIDS ကူညီရေး ဝန်ထမ်းတွေ၊ လုပ်သားတွေကို အစည်းအဝေးတွေနဲ့ အခြားလုပ်ငန်း ဆောင်ရွက်မှုတွေ စေလွှတ်ပြီး ငွေကြေးရန်ပုံငွေ အများအပြားကို သုံးစွဲနေတယ်လို့ မစ္စတာ ကလင်တန်က ဝေဖန်သွားပါတယ်။

အခုလို ဖြုန်းတီးပစ်တဲ့ တဒေါ်လာ တန်ဖိုးတိုင်းဟာ လူ့အသက်တချောင်းကို ကယ်တင်နိုင်တယ်လို့ သမ္မတဟောင်း ဘီလ် ကလင်တန်က ပြောပါတယ်။

AIDS ရောဂါ တိုက်ဖျက်ရေးအတွက် အနာဂတ်မှာ ရန်ပုံငွေကြေးဟာ လက်ရှိ ပမာဏ အနည်းငယ်ပဲ ထည့်ဝင်တဲ့ လူအတော်များများကနေ ပမာဏ များများရအောင် လုပ်ဖို့အပေါ် မူတည်နေတယ်လို့ မစ္စတာ ကလင်တန်က ပြောပါတယ်။

ဇန်နဝါရီလတုန်းက ဟေတီမှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်ဘေးအတွက် ကောက်ခံရရှိခဲ့တဲ့ အလှူငွေတွေကို သူက ဥပမာပြပြီး ရှင်းပြခဲ့ပါတယ်။

မိုက်ခရိုဆော့ဖ် ထူထောင်သူ ဘီလ်ဂိတ်စ်ကတော့ အဖွဲ့အစည်းတွေ အနေနဲ့ ရုံးစရိတ်နဲ့ အခြား လုပ်ငန်းစရိတ်တွေကို လျှော့ချပြီး ရောဂါကာကွယ်ရေးနဲ့ ကုသရေး အပါအဝင် လူနာတွေအတွက် ရန်ပုံငွေကြေးတွေကို ပိုပြီးထိရောက်အောင် အသုံးပြုဖို့ တိုက်တွန်းသွားပါတယ်။

AIDS ရောဂါ တိုက်ဖျက်ရေးအတွက် ငွေကြေးရန်ပုံငွေ တိုးပြီး အသုံးပြုမယ်လို့ ကတိပေးခဲ့ပေမဲ့ ဖြစ်မလာတဲ့အပေါ် လက်ရှိ အမေရိကန်သမ္မတ အိုဘားမား (Obama) ကို ဝေဖန်ကြတဲ့ အပေါ်မှာလည်း မစ္စတာ ကလင်တန်က ကာကွယ်ပြောခဲ့ပါတယ်။ အဲဒီတုန်းက အခြေအနေဟာ အမေရိကန် ငွေကြေးအကျပ်အတည်း မကြုံရခင်မှာ ပေးခဲ့တဲ့ ကတိစကား ဖြစ်တယ်လို့ ပြောပါတယ်။

XS
SM
MD
LG