သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် KFC စားသောက်ဆိုင် မြန်မာနိုင်ငံမှာ ဖွင့်လှစ်မည်


အမေရိကန် KFC ကြက်ကြော်။
အမေရိကန် KFC ကြက်ကြော်။

ရန်ကုန်မြို့မှာ ဗမာနဲ့ တိုင်းရင်သားရိုးရာ စားသောက်ဆိုင်တွေသာမက နိုင်ငံတကာ စားသောက်ဆိုင်တွေ အတော်များများလည်း ဆိုင်ခွဲတွေ လာဖွင့်နေကြပါပြီ။ ကမ္ဘာတဝန်း KFC လို့ လူသိများတဲ့ Kentucky Fried Chicken အမေရိကန်ကြက်သားကျော် စားသောက်ဆိုင်ခွဲတွေကိုတော့ မြန်မာနိုင်ငံမှာ၂၀၁၅ ခုနှစ်ကစပြီး ဖွင့်လှစ်ဖို့ ပြင်ဆင်နေပါပြီလို့ Yoma Strategic Holdings Limited ကအတည်ပြုပါတယ်။ အသေးစိတ်ကိုတော့ ဆက်သွယ်စုံစမ်းထားတဲ့ ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် မသိင်္ဂီလင်းက တင်ပြပေးထားပါတယ်။

အမေရိကန်ပြည်ထောင်စုအခြေစိုက် KFC ကြက်ကြော်ဆိုင်ဟာ Franchise လို့ခေါ်တဲ့ လုပ်ပိုင်ခွင့်ချပေးပြီး ဆိုင်ခွဲတွေ တစ်ကမ္ဘာလုံးအနှံ့ ဖွင့်လှစ် ရောင်းချနေတာပါ။ Yum! Brands Fast Food Company ကနေတဆင့် မြန်မာနိုင်ငံမှာလည်း Franchise ရထားတဲ့ Yoma Strategic Holdings Limited ရဲ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဌာန အကြီးအကဲ J.R. Ching က ၂၀၁၅ ခုနှစ် မှာ ဖွင့်နိုင်ဖို့ အခုတည်းက ပြင်ဆင်နေပြီလို့ ပြောပါတယ်။

“၂၀၁၅ ခုနှစ်ကတည်းက စတင်နိုင်ဖို့ အခုကတည်းက လုပ်ငန်းစဉ်အများအပြားကို စတင်နေပါပြီ။ ခင်ဗျားတို့သိတဲ့အတိုင်းပါပဲ၊ ပြင်ဆင်ရမှုတွေကတော့ အများကြီးပါ။ ဆိုင်ခန်းတည်နေရာ၊ ဒီဇိုင်းနဲ့တည်ဆောက်ရေး၊ လိုအပ်တဲ့ပစ္စည်းတွေကို ပံ့ပိုးကူညီတဲ့ စီမံကွပ်ကဲမှုဌာနနဲ့ ဝန်ထမ်းစုဆောင်းရေးတို့ ပါဝင် ပါတယ်။ ဒီလုပ်ငန်းစဉ်တွေကို ကျနော်တို့ဘက်ကနေ စတင် လုပ်ကိုင်နေပါပြီ။ ”

KFC ကြက်ကြော် မြန်မာနိုင်ငံမှာ ဆိုင်ခွဲဖွင့်မယ့် အစီအစဉ်နဲ့ ပတ်သက်ပြီး နိုင်ငံတကာမှာ ဖွင့်လှစ်ရောင်းချနေတဲ့ အစားအသောက် အရည်အသွေးအတိုင်း ရောင်းချဖို့ မျှော်လင့်တယ်လို့ အသင့်စား စားသောက်ဆိုင်တွေကို မကြာခဏ အားပေးလေ့ရှိတဲ့ ရန်ကုန်မြို့ခံ ကိုသီဟမင်းသွင်က အခုလို ပြောပြပါတယ်။

“KFC ဆိုတော့ တခြား စင်ကာပူတို့ ဘာတို့မှာရောင်းတဲ့ quality အတိုင်းပဲ မျှော်လင့်ပါတယ်။ ပြီးတော့ အဲလိုမျိုးပဲ --- သူတို့ တခြားရောင်းတဲ့ဟာတွေ ရှိသေးတယ်။ အဲဒီ taste တွေအတိုင်းပဲ မျှော်လင့်တယ်။”

အခုလို နိုင်ငံတကာစားသောက်ဆိုင်တွေ မြန်မာနိုင်ငံမှာ ခြေချလာပေမယ့်လည်း ဖွံ့ဖြိုးဆဲ မြန်မာနိုင်ငံက အခြေခံလူတန်းစားတွေတော့ စားနိုင်မှာ မဟုတ်ဘူးလို့ ပြည်တွင်းက CP ကြက်ကြော်ကိုသာ များသောအားဖြင့် စားလေ့ရှိပြီး နိုင်ငံတကာ စားသောက်ဆိုင်တွေမှာ သိပ်မစားဖြစ်တဲ့ ဒေသခံ မအေးမြတ်သင်း သူ့အမြင်ကို အခုလို ဖွင့်ဟပါတယ်။

“အထက်တန်းလွှာတွေကတော့ ပိုစားဖြစ်မယ်လို့ ထင်တာပဲအမ၊ လူလတ်တန်းစားနဲ့ အောက်ခြေလူတန်းစားကတော့- လူလတ်တန်းစားကတော့ ရာခိုင်နှုန်း နည်းနည်းပဲ စားနိုင်မယ်လေ။ အောက်ခြေလူတန်းစားတွေကတော့ စားနိုင်မှာ မဟုတ်ဘူး။”

ရန်ကုန်မြို့မှာ ဖွင့်လှစ်ထားတဲ့ နိုင်ငံတကာစားသောက်ဆိုင်တွေ၊ အသင့်စား စားသောက်ဆိုင်တွေဟာအခြေခံလူတန်းစားတွေအတွက် ဈေးကြီးနေ သေးတာကြောင့် အခုလာမယ့် KFC အနေနဲ့လည်း ပြည်သူတွေ စားနိုင်လောက်တဲ့ ဈေးနှုန်း ထားသင့်တယ်လို့ ကိုသီဟမင်းသွင်က သုံးသပ်ပါတယ်။

“ဈေးကွက်ထဲမှာ သူနဲ့ အမျိုးအစားတူပေါ့နော်- ဥပမာ ဆိုပါတော့ သူရောင်းတဲ့ပစ္စည်း အမျိုးအစားလိုမျိုး တခြား ရောင်းတဲ့လူတွေလည်း ရှိတာပဲ၊ အဲဒီလူတွေရဲ့ဈေးနှုန်း နဲ့တော့ ချိန်ပြီးတော့ ဈေးကွက်ထဲကို ဖောက်သင့်တာပေါ့နော်။”

အမေရိကန်ပြည်ထောင်စု Kentucky ပြည်နယ်မှာ အခြေစိုက်တဲ့ ဒီ KFC ကြက်ကြော်ဆိုင်ဟာ ၁၉၅၂ ခုနှစ်ကတည်းက ဆိုင်ခွဲတွေကို Franchise လုပ်ပိုင်ခွင့် ပေးပြီး ရောင်းချတဲ့ စနစ်ကို စတင်ခဲ့တာပါ။ ဒီစနစ်နဲ့ပဲ စားသုံးသူပေါင်း ၁၂ သန်းခန့်ကို နေ့စဉ် ရောင်းချနေပြီး အခုဆိုရင် နိုင်ငံပေါင်း ၁၁၈ နိုင်ငံမှာ ဆိုင်ခွဲပေါင်း ၁၈,၀၀၀ ကျော် ဖွင့်လှစ်ပြီး မြန်မာပြည်သူတွေအနေနဲ့လည်း KFC ကြက်ကြော်ကို လာမယ့် ၂၀၁၅ ခုနှစ်မှာ ဝယ်ယူအားပေး နိုင်ကြတော့မှာ ဖြစ်ပါတယ်ရှင်။

XS
SM
MD
LG