သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကျောက်စိမ်း ဒေါ်လာ ပြဿနာ


မြန်မာကျောက်စိမ်းဈေးကွက်
မြန်မာကျောက်စိမ်းဈေးကွက်
ကျောက်စိမ်း ဒေါ်လာ ပြဿနာ
please wait

No media source currently available

0:00 0:05:13 0:00
တိုက်ရိုက် လင့်ခ်


မြန်မာပြည် ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ငြိမ်းချမ်းရေးအတွက် လာမယ့် (၅) နှစ်ကာလမှာ ဒေါ်လာသန်း (၇၇၃၀) ဖိုး ကူညီထောက်ပံ့မယ်လို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုကျိုမှာ တွေ့ဆုံစဉ် ဂျပန်ဝန်ကြီးချုပ်က ပြောလိုက်ပါတယ်။ ဦးသိန်းစိန်နဲ့ တွေ့ဆုံတုန်းကလည်း မဆလခေတ်က တင်ခဲ့တဲ့ အကြွေးဒေါ်လာသန်း (၃၀၀၀) ကို လျှော်ပစ်ပြီး နောက်ထပ်ဒေါ်လာသန်း (၄၀၀) ချေးဖို့ ဂျပန်က သဘောတူခဲ့ပါတယ်။ ကမ္ဘာဘဏ်က ကူညီထောက်ပံ့ဖို့ ဂတိပြုထားတာကလည်း ဒေါ်လာသန်း (၁၈၂၆) ရှိပါတယ်။ ၂၀၁၃ ကစပြီး အမေရိကန်က ကူညီထားတာ ဒေါ်လာသန်း (၂၈၁) ရှိပြီး ဒီနှစ်မှာ ဒေါ်လာသန်း (၁၁၄) ကူညီဖို့ သတ်မှတ်ထားပါတယ်။

တရုတ်ကတော့ ဒေါ်လာသန်းပေါင်းသောင်းချီ ရင်းနှီးမြုပ်နံှထားပြီး ချေးငှားထားတာလည်း ဒေါ်လာသန်းပေါင်း ထောင်ချီနေပါပြီ။ ဗမာအစိုးရဟာ ဖွံ့ဖြိုးရေးလုပ်ငန်းအတွက် နိုင်ငံခြားအကူအညီ ရယူနေပေမယ့် ကျောက်စိမ်းရောင်းလို့ရတဲ့ငွေဟာ နိုင်ငံခြားထောက်ပံ့မှုထက် ပိုများပါတယ်။ ဒါကြောင့် သယံဇာတ က ရတဲ့ဒေါ်လာတွေ ဘယ်ရောက်ကုန်လဲဆိုတာ စဉ်းစားစရာ ဖြစ်ပါတယ်။ နိုင်ငံပိုင်အဖြစ် သတ်မှတ်ထားတဲ့ သယံဇာတတွေကို နိုင်ငံသူနိုင်ငံသားတွေအတွက် အသုံးမပြုဘဲ အစိုးရတပ်အပါအဝင် လက်နက်ကိုင်အဖွဲ့အစည်းနဲ့ ခရိုနီတွေက ချယ်လှယ်တာဟာ ပြည်သူတွေ ကျိန်စာသင့်သလို ဖြစ်နေပါတယ်။

ကျောက်စိမ်းကရတဲ့ငွေဟာ (၂၀၁၄) တနှစ်ထဲမှာတင် ဒေါ်လာသန်း (၃) သောင်း (၁) ထောင် ရှိပါတယ်လို့ Global Witness အဖွဲ့က ခန့်မှန်းတာမို့ နိုင်ငံခြားအကူအညီ စုစုပေါင်းထက် သုံးဆ ပိုများနေပါတယ်။ တရုတ်ရဲ့ သွင်းကုန်စာရင်းအရ (၂၀၁၄) မှာ ကျောက်စိမ်းဒေါ်လာ (၁) သောင်း (၂) ထောင်ဖိုး တင်သွင်းတယ်လို့ ခန့်မှန်းပါတယ်။ ဒါကြောင့် စစ်တပ်ရဲ့ ခရိုနီအသိုင်းအဝိုင်းဟာ ကျောက်စိမ်းဒေါ်လာ သန်းပေါင်းသောင်းချီပြီး အိပ်ထဲထည့်ထားတယ်လို့ ခန့်မှန်းနိုင်ပါတယ်။ ကျောက်စိမ်းငွေကို အခွန်ကောက်ယူပြီး တိုင်းပြည်အတွက် သုံးနိုင်ဖို့ အလွန်အရေးကြီးပုံကို ဟားဗတ်တက္ကသိုလ် ပါမောက္ခ ဒေးဗစ် ဒါပီချေ က A Grand Bargain ဆိုတဲ့ စာတမ်းကို လွန်ခဲ့တဲ့ သြဂုတ်လက ထုတ်ထားပါတယ်။ ဒီကိစ္စမှာ စစ်တပ်၊ NLD အစိုးရ၊ တိုင်းရင်းသားလက်နက်ကိုင်နဲ့ ကျောက်စိမ်းလုပ်ငန်းရှင်တွေ သဘောတူချက် ရယူဖို့ လိုပါတယ်။

ငြိမ်းချမ်းရေး တည်မြဲဖို့နဲ့ ဖယ်ဒရယ် သဘောတရားမှာ အနှစ်သာရ ရှိဖို့အတွက် ကျောက်စိမ်းထုတ်ယူနေတဲ့ အင်အားစုတွေနဲ့ NLD အစိုးရတို့ သဘောတူချက် ရယူဖို့ လိုအပ်နေပြီလို့ ဒေးဗစ်ဒါပီချေက အကြံပေးထားပါတယ်။ ထုတ်ယူတဲ့ ကျောက်စိမ်းပေါ်မှာ (၅၀) ရာခိုင်နှုန်း အခွန်စည်းကြပ်လို့ ရရှိလာမယ့်ဝင်ငွေကို ဘယ်လို ခွဲဝေသုံးစွဲမယ်ဆိုတာကို အခွန်မကောက်မီကတည်းက ၂ကြိုတင်သဘောတူချက်ရဖို့ လိုတယ်လို့ ဆိုပါတယ်။ ကျောက်စိမ်းကို လက်လွှတ်လိုက်တဲ့ စစ်တပ်အတွက် အစိုးရအသုံးစရိတ် တိုးပေးရပါလိမ့်မယ်။ အလုပ်လုပ်နေတဲ့ KIA နဲ့ အခြားလက်နက်ကိုင် အဖွဲ့ဝင်ဟောင်းတွေအတွက် လစာပေးရာမှာ ကျောက်စိမ်းခွန်ကို သုံးနိုင်ပါတယ်။ ကျောက်စိမ်းထွက်တဲ့ ကချင်ပြည်နယ်ဟာ လူဦးရေအချိုးထက်ပိုပြီး သယံဇာတငွေဝေစုရဖို့နဲ့ အခြားဒေသတွေလည်း အကျိုးခံစားခွင့်ရှိဖို့ အာမခံ ရပါလိမ့်မယ်။

ဒေါ်စု ခေါင်းဆောင်တဲ့ NLD အစိုးရလက်ထက်မှာ ဥပဒေစည်းမျဉ်းတွေ ပြောင်းလဲမှာ စိုးရိမ်တဲ့အတွက် (၂၀၁၅) မှာ ကျောက်စိမ်းထုတ်ယူတဲ့ ပမာဏဟာ (၂၀၁၄) ထက် နှစ်ဆကျော်လောက် ပိုများနေပါတယ်။ ဒါကြောင့် (၂၀၁၅) မှာ ကျောက်စိမ်းဝင်ငွေဟာ အနည်းဆုံး ဒေါ်လာသန်း သုံးသောင်းကျော် ရှိမယ်လို့ ခန့်မှန်းနိုင်ပါတယ်။ ဒီလောက်များပြားတဲ့ ကျောက်စိမ်းငွေကို မှန်မှန်ကန်ကန် အသုံးမပြုနိုင်ရင်တော့ ငြိမ်းချမ်းရေးတည်ဆောက်ဖို့နဲ့ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အခက်အခဲရှိမယ်လို့ ဒေးဗစ်ဒါပီချေ က ဆိုပါတယ်။ နိုင်ငံခြားရင်းနှီးမြုပ်နံှမှုနဲ့ နိုင်ငံခြားထောက်ပံ့မှု နှစ်ခုပေါင်းထက် သယံဇာတဝင်ငွေက များနေတာ သေချာပါတယ်။ ဒါပေမဲ့ ဒီငွေကို တိုင်းပြည်အတွက် မသုံးနိုင်တာဟာ ပြဿနာ ဖြစ်နေပါတယ်။

ဖက်စပ်နဲ့ ပုဂ္ဂလိကကုမ္ပဏီတွေ သိုလှောင်ထားတဲ့ ကျောက်စိမ်းတန်ချိန်ဟာ ငါးသောင်းလောက် ရှိပါတယ်။ နေပြည်တော် ရတနာပြပွဲမှာ တန်ချိန် နှစ်ထောင်ပျမ်းမျှနှုန်းနဲ့ နှစ်ကြိမ်ကျင်းပတာမို့ တူးဖော်မှု ရပ်ဆိုင်းလိုက်ရင်တောင် ရောင်းဝယ်နေဦးမှာ ဖြစ်ပါတယ်။ ကုန်ကျစရိတ်ဟာ ရောင်းရငွေရဲ့ (၁၀) ရာခိုင်နှုန်းသာ ရှိတာမို့ အမြတ်များတဲ့ လုပ်ငန်း ဖြစ်ပါတယ်။ ဒါပေမဲ့ အစိုးရ ကောက်ခံနေတဲ့ ကျောက်စိမ်းခွန်ဟာ (၃) ရာခိုင်နှုန်းသာရှိလို့ အလွန်နည်းပါးနေပါတယ်။ ကျောက်စိမ်းငွေ (၆၅) ရာခိုင်နှုန်းကို တရုတ်နဲ့ ဝကုမ္ပဏီတွေ ရရှိပြီး၊ KIA က (၅) ရာခိုင်နှုန်း၊ စစ်တပ်နဲ့ ခရိုနီအသိုင်းအဝိုင်းက (၁၇) ရာခိုင်နှုန်းနဲ့ ကုန်ကျစရိတ်က (၁၀) ရာခိုင်နှုန်း ဖြစ်ပါတယ်။

ကျောက်စိမ်းခွန်ကို (၅၀) ရာခိုင်နှုန်း ကောက်ခံနိုင်မယ်ဆိုရင် ဒေါ်လာသန်း (၄) ထောင် နှစ်စဉ်ခွဲဝေပေးနိုင်လိမ့်မယ်လို့ ဒေးဗစ်ဒါပီချေ က တွက်ပြထားပါတယ်။ ဒီအတိုင်းဆိုရင် နိုင်ငံခြားက ငွေချေးစရာ မလိုတော့တဲ့ အခြေအနေကို ရောက်သွားပါလိမ့်မယ်။ ကျောက်စိမ်းသဘောတူချက်ကို မရယူနိုင်ဘူးဆိုရင် အချုပ်အခြာအာဏာ ဆုံးရှုံးတာမျိုးကိုတောင် တွေ့နိုင်တယ်လို့ ဆိုပါတယ်။ တကယ်တမ်း ငြိမ်းချမ်းရေး တည်ဆောက်ချင်တယ်ဆိုရင် မြန်မာအာဏာပိုင်တွေဟာ လက်ဝါးကြီးအုပ်ချုပ် ကိုင်တာတွေကို လျော့ပေးပြီး ဝေစားမျှစား လုပ်နိုင်အောင် ကြိုးပမ်းသင့်ကြောင်း ဒေဗစ်ဒါပီချေ က အကြံပေးထားပါတယ်။

XS
SM
MD
LG