သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သိန်းချီစိတ်ကြွဆေးပြား ဖမ်းဆီးရရှိမှု နယ်ခြားစောင့်ရဲ စစ်ဆေးခံရ


ရခိုင်ပြည်နယ် မောင်တောမြို့နယ် နယ်စပ်လုံခြုံရေးတပ်ဖွဲ့ စခန်းကနေ စိတ်ကြွဆေးပြား သိန်းနဲ့ချီ ဖမ်းဆီးရမိပါတယ်။ စိတ်ကြွဆေးပြားတွေ လက်ဝယ်တွေ့ရှိတဲ့ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် ၇ ဦးကို စစ်ဆေးနေတယ်လို့ မူးယစ်ရဲတပ်ဖွဲ့က ပြောပါတယ်။ မူးယစ်ဆေးဝါးတွေနဲ့ နယ်ခြားစောင့်ရဲတပ်ဖွဲ့ကြား ဘယ်လို ဆက်စပ်မှုတွေ ရှိနေလဲ ဆိုတာကို မသိင်္ဂီထိုက် က တင်ပြထားပါတယ်။

ရခိုင်ပြည်နယ် မောင်တောမြို့နယ် ကျောက်ပန်းဒူး နယ်စပ်လုံခြုံရေး ရဲတပ်ဖွဲ့စခန်းကနေ စိတ်ကြွဆေးပြား ၃ သိန်းနီးပါးကို အင်္ဂါနေ့ညက တွေ့ရှိတာ ဖြစ်ပါတယ်။ မြန်မာကျပ်ငွေ သိန်း ၆၀၀ နီးပါးတန်ဖိုးရှိတဲ့ မက်သာဖက်တမင်း စိတ်ကြွဆေးပြားတွေနဲ့အတူ တွေ့ရတဲ့ ရဲတပ်ဖွဲ့ဝင် ၇ ဦးကိုလည်း စစ်ဆေးမေးမြန်းနေတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ မူးယစ်ရဲတပ်ဖွဲ့က ဒုတိယ ရဲမှူးကြီး စိုးလင်းအေးကတော့ စိတ်ကြွဆေးပြား ဖမ်းဆီးရမိမှုနဲ့ ပတ်သက်ပြီး အခုလို ပြောပါတယ်။

“ရခိုင်ပြည်နယ်မှာ ကျနော်တို့ မူးယစ်ဆေးဝါးမိတယ်ဆိုတာ မှန်တယ်။ အမှန်တကယ်ဖြစ်စဉ်က သူတို့တွေက အထုပ်တထုပ်ကို သွားတွေ့တယ်။ သူတို့က တယ်လီဖုန်းလိုင်းသွားသွင်းရင်းနဲ့ လမ်းမှာ အထုပ်တထုပ်ကို သွားတွေ့တယ်။ သွားတွေ့ပြီးတော့ ယူလာတယ်။ ယူလာတော့ မူးယစ်ဆေးဝါးမှန်းသိတယ်။ အဲဒါကို ကင်းအဖွဲ့ရဲတွေက တွေ့သွားတာပေါ့နော်။ ရဲတပ်ဖွဲ့ကလူတွေက တွေ့သွားတာပါ။ အဲဒါကို သူတို့က ယူထားလိုက်တယ်။ ယူထားလိုက်တော့ သတင်းကပေါက်ပြီးတော့ ပြန်စစ်တဲ့အခါမှာ သူတို့ဆီကနေ ရပါတယ်။”

မောင်တောမြို့နဲ့ မိုင် ၂၀ ဝေးတဲ့ ကျောက်ပန်းဒူး နယ်စပ်လုံခြုံရေး ရဲစခန်းငယ်က တာဝန်ကျ ရဲတပ်သားတွေက စိတ်ကြွဆေးပြားတွေ တွေ့ရှိတာကို အထက်ကို မတင်ပြဘဲ စခန်းမှာ ထားရှိထားတာ ဖြစ်တယ်လို့ ဒုတိယ ရဲမှူးကြီး စိုးလင်းအေးက ပြောတာပါ။ ဒီရဲတပ်ဖွဲ့ဝင် ၇ ဦးတို့ကိုတော့ ဖမ်းဆီးထားတာ မဟုတ်ဘဲ စစ်ဆေးမေးမြန်းဖို့ နယ်ခြားစောင့်တပ်ဖွဲ့မှူးက ခေါ်ယူထားတယ်လို့လည်း မူးယစ်ရဲတပ်ဖွဲ့ရဲ့ ဒုတိယ ရဲမှူးကြီး စိုးလင်းအေးက ပြောပါတယ်။

“လောလောဆယ် ကျနော်တို့က သူတို့ကို စစ်ဆေးဖို့ အရေးယူဖို့ သူတို့ကို ဖမ်းထားပါတယ်။ လက်ရှိ စစ်ဆေးမေးမြန်းဖို့ ခေါ်ထားပါတယ်။ ဖမ်းတာမဟုတ်ပါဘူး။ စစ်မေးဖို့အတွက် သက်ဆိုင်ရာက အခု ကင်းစခန်းငယ်လေးဖြစ်တယ်ပေါ့နော်။ သူတို့ရဲ့ သက်ဆိုင်ရာသူတို့ဆီက တပ်မှူးတွေကနေပြီးတော့ သွားစစ်ပြီးတော့ သူတို့ကို ခဏ ထိန်းသိမ်းထားတာဖြစ်ပါတယ်။ သူတို့သက်ဆိုင်ရာတပ်က ထိန်းသိမ်းထားတာ ဖြစ်ပါတယ်။”

ရခိုင်ပြည်နယ်တွင်းမှာ မူးယစ်ဆေးဝါး၊ စိတ်ကြွဆေးပြား ဖမ်းဆီးရမိမှုက ပမာဏ အများအပြား မဟုတ်ပေမဲ့ မကြာခဏဆိုသလို ဖမ်းဆီးရမိနေတယ်လို့လည်း ရခိုင်ပြည်နယ်ရဲမှူးကြီး ထင်ကျော်ကလည်း အခုလို ပြောပါတယ်။

“ဖမ်းဆီးရမိတဲ့ဥစ္စာကတော့ အနည်းအများပေါ်မူတည်ပြီးတော့ မကြာမကြာတော့ ဖမ်းမိပါတယ်။ များများစားစား ဖမ်းမိတာတော့ မရှိဘူးခင်ဗျ။ ဆယ်ဂဏန်း၊ ရာဂဏန်းလောက် ဖမ်းမိတာကတော့ ရှိပါတယ်။ ကျနော်တို့ ဒီမှာ ဖမ်းဆီးရမိတာတော့ သုံးစွဲတဲ့သူတွေကိုလည်း မိတယ်။ ရောင်းဝယ်ဖောက်ကားတဲ့ သဘောမျိုးနဲ့ သယ်ဆောင်တာတွေလည်း မိတယ်။”

အခု ရခိုင်ပြည်နယ် နယ်ခြားစောင့်ရဲတပ်ဖွဲ့ရဲ့ မောင်တောမြို့နယ် စခန်းကနေ သိမ်းဆည်းရမိတဲ့ မက်သာဖက်တမင်း စိတ်ကြွဆေးပြားတွေနဲ့ ပတ်သက်လို့တော့ ပြည်နယ်ရဲတပ်ဖွဲ့က ကိုင်တွယ်ဆောင်ရွက်နေတာမဟုတ်ဘဲ နယ်ခြားစောင့်ရဲတပ်ဖွဲ့ကသာ ဆောင်ရွက်နေတယ်လို့လည်း ရခိုင်ပြည်နယ် ရဲမှူးကြီးက ပြောပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG