သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နယ်စပ်လူထုအကျိုး မယ်တော်ဆေးခန်း ပြည်တွင်းနဲ့ ပူးပေါင်း ဆောင်ရွက်လို


နှစ်ပေါင်း ၂၀ကျော် ကာလအတွင်း ပြည်ပခရီးစဉ်တွေ သွားလာနိုင်ပြီးတော့ လွှတ်တော် နိုင်ငံရေး မှာလည်း ဒေါ်အောင်ဆန်းစုကြည် ပါဝင်လာနိုင်တဲ့အထိ အပြောင်းအလဲတွေ ရှိလာနေတဲ့ မြန်မာနိုင်ငံမှာ တိုင်းရင်းသားတွေ အတိုက်အခံနိုင်ငံရေးအဖွဲ့တွေနဲ့လည်း အစိုးရက ငြိမ်းချမ်းရေးရဖို့ ကြိုးပမ်းနေတာပါ။ ဒီကနေ့မှာဆိုရင်တော့ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ ဒု-ဥက္ကဋ္ဌ မီးရထား ဝန်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ အဖွဲ့ဟာ မယ်တော်ဆေးခန်းအပါအဝင် အဖွဲ့ ၅ဖွဲ့နဲ့ တွေ့ဆုံခဲ့ပါတယ်။

ဒီလို တွေ့ဆုံချိန်မှာ ဦးအောင်မင်းက အစိုးရ မလုပ်နိုင်တဲ့ ကျန်းမာရေး ကိစ္စ တွေကို ဆောင်ရွက်နေတဲ့ အတွက် မယ်တော်ဆေးခန်းကို လိုအပ်တဲ့ အကူအညီတွေ ပေးအပ် မယ်ဆိုတဲ့ အကြောင်းနဲ့ မယ်တော် ဆေးခန်း ဘက်ကလည်း ကျန်းမာရေး ပညာရေး လူမှုရေး လုပ်ငန်း တွေကို ပြည်တွင်းမှာ ရှိတဲ့ အဖွဲ့တွေနဲ့ ပူးပေါင်းလုပ်ဆောင်သွားဖို့ ဆက်ဆွေးနွေးမယ်ဆိုတဲ့အကြောင်း ပြောသွားခဲ့သလို နယ်စပ် မှာတော့ မယ်တော်ဆေးခန်းဘက်က ရွှေ့ပြောင်း မြန်မာအလုပ်သမားတွေ အတွက် ဝန်ဆောင်မှုတွေ ဆက်ပြီး ပေးသွားဖို့ ရှိနေတယ်လို့ ဆိုပါတယ်။ ဒီအခြေနေကို ထိုင်းနယ်စပ်ကနေ မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ ဒု-ဥက္ကဋ္ဌ မီးရထားဝန်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ အဖွဲ့ဟာ ထိုင်းမြန်မာနယ်စပ်မှာ ဖွန်လ ၂၆ ရက်နေ့က ပညာရေး ကျန်းမာရေး လူမှုရေး လုပ်ငန်းတွေကို ဦးစီးဆောင်ရွက်နေတဲ့ မယ်တော်ဆေးခန်းအပါအဝင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ဖြစ်တဲ့ ကေအန်ယူ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်သားများ ဒီမိုကရက်တစ် တပ်ဦး ကျောင်းသား တပ်မတော် ၊ ဒီမိုကရက်တစ် အင်အားစု တွေနဲ့ တွေဆုံခဲ့တာပါ။ ဒီလိုတွေ့ဆုံချိန်မှာ နယ်စပ်က အခြေ အနေတွေ ကို ပြောပြဖြစ်ခဲ့သလို ပြည်တွင်းနဲ့ ဆက်စပ်လုပ်ဆောင်မယ့် ကိစ္စတွေကို ဆက်ပြီး ဆွေးနွေးဖ့ိုတွေ ရှိနေတယ်လို့ မယ်တော်ဆေးခန်းက ဒေါက်တာစင်သီယာမောင် က ပြောပါတယ်။

“ အဓိကကတော့ ဒီကျမတို့ နယ်စပ်မှာ ရှိနေတဲ့ ကျန်းမာရေး ပညာရေးနဲ့ ဒီကလေးအခွင့်အရေး အဖွဲ့အစည်းတွေ ရဲ့ လက်ရှိလုပ်ငန်းတွေကို ကျမတို့ တင်ပြပေးတယ်၊ ပြီးတော့ လာမယ့်အချိန်တွေမှာ ထိုင်းနိုင်ငံထဲမှာ ရှိနေတဲ့ ကျန်းမာရေး ပညာရေး လူမှုရေး အခြေခံအဖွဲ့တွေနဲ့ ပြည်တွင်းထဲမှာ ရှိတဲ့ အဖွဲ့တွေ ပိုပြီးတော့ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်နိုင်အောင်အတွက်ကို ဆက်လက်ပြီးတော့ ဆွေးနွေးသွားမယ်ပေါ့”

ဝန်ကြီး ဦးအောင်မင်းဟာ ကျန်းမာရေးကိစ္စတွေနဲ့ ပတ်သက်လို့ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်မယ် ဆိုတဲ့ အကြောင်းကိုလည်း ဒေါက်တာစင်သီယာမောင် ကို အခုလို ပြောသွားပါတယ်။

“အစိုးရက မလုပ်ပေးဘူး၊ ဒါကြောင့်မို့လို့ ဆရာမကြီးက လုပ်ပေးတယ်၊ အစိုးရကိုယ်စားလည်း ဆရာမကြီး ကို ကျေးဇူးတင်တဲ့အကြောင်း၊ သမ္မတကြီးကိုယ်စားလည်း ကျေးဇူးတင်တဲ့အကြောင်း၊ ကျနော် ပြောပြတာပါ၊ ဒီတော့ ဆရာမကြီးတို့ ဖြစ်စေချင်တာ အရင်တုန်းက စနစ်က ခွင့်မပြုလို့ လုပ်မပေး နိုင်ပေမဲ့ အခု စနစ်က ခွင့်ပြုတယ်၊ ဆရာမကြီးက ဒီဘက်မှာလာပြီးတော့ မြန်မာနိုင်ငံက တိုင်းရင်းသားတွေ ကို လာလုပ်ပေးနေ တဲ့အတွက် ဆရာမကြီးကို ကျေးဇူးတင်ရမယ်၊ ဆရာမကြီးလုပ်တဲ့အလုပ်က တကယ်တော့ ကျနော်တို့ နိုင်ငံ မှာဆိုရင် တော်ရုံတန်ရုံလူ မလုပ်နိုင်ပါဘူး။ ဒါကြောင့်မို့ ကျနော်တို့က အားပေးတယ်၊ ဝိုင်းကူပေးမယ်၊ လိုအပ် တာတွေ အကုန်လုံးပေါ့၊ ဖြည့်ဆည်းပေးမယ်၊ အဲဒါလေးကို ကျနော်က တွေ့ရင်ပြောမယ်ဆိုပြီးတော့ လာတာ ပါပဲ။ အဲဒီတော့ ဆရာမကြီးတို့ ကျောပိုးအိတ်အဖွဲ့ ဆိုတာကလည်း သိပ်လိုအပ်တာပဲ၊ ဒီကိစ္စက Primary Health Care ပဲ”

ပြည်တွင်းမှာ ရှိနေတဲ့ နယ်လှည့် ကျောပိုးအိတ် အဖွဲ့လိုမျိုး တိုင်းရင်သားဒေသတွေမှာ ဆေးဝါး ကုသမှု တွေ ကို မြန်မာအစိုးရဘက်က လက်ခံသွားမယ်ဆိုရင် နောက်ပိုင်းမှာ ကျန်းမာရေး ကိစ္စတွေ ပူးပေါင်း လုပ်ဆောင် သွားမှာ ဖြစ်သလို မယ်တော်ဆေးခန်းအနေနဲ့ကတော့ ထိုင်းမြန်မာနယ်စပ်မှာပဲ ရွှေ့ပြောင်း အလုပ်သမား တွေအတွက် ဝန်ဆောင်မူတွေ ဆက်ပေးသွားမှာဖြစ်တယ်လို့ ဒေါက်တာ စင်သီယာမောင် က ဆိုပါတယ်။

“လက်ရှိ တိုင်းရင်းသားဒေသအလိုက် ကျန်းမာရေးလုပ်ငန်းတွေ အဖွဲ့အစည်းတွေ အများကြီး ရှိတယ်၊ အဓိက လက်ရှိ ပြည်တွင်းထဲမှာ ရှိနေတဲ့ နယ်လှည့် ကျောပိုးအိတ် ကျန်းမာရေး လုပ်သား အဖွဲ့တွေ၊ ပြီးတော့ ကျမတို့ ကျန်းမာရေး ဝန်ထမ်းတွေကို တရားဝင် အသိအမှတ်ပြုတဲ့အဆင့် ရှိသွားပြီဆိုရင် ကျမတို့ နယ်စပ်မှာ ရှိနေတဲ့ တခြားသော အဖွဲ့အစည်းတွေကလည်း ဒီကျန်းမာရေးကိစ္စကို ပူးပေါင်း ဆောင်ရွက်မှုထဲမှာ တဆက်တည်း ပါသွားမှာပေါ့၊ ထိုင်းနိုင်ငံထဲမှာ ရှိတဲ့ လုပ်ငန်းအစီအစဉ်ကတော့ လက်ရှိ မြန်မာပြည်သားတွေ နယ်စပ်ဖြတ်ကျော်ပြီး ဒီမှာ ဆေးလာကုရတဲ့အခြေနေ ရှိတာတို့၊ နောက် ရွှေ့ပြောင်းလူထုတွေရဲ့ လိုအပ်ချက်ရှိတာတို့မှာတော့ ကျမတို့ ဆေးခန်းအနေနဲ့ ဝန်ဆောင်မှုတွေ ဆက်ဆောင်ရွက်ပေးသွားမှာပါ”

ဇွန်လ ၂၆ရက်နေ့ ဆွေးနွေးပဲွဲကို ဒီမိုကရက်တစ်အင်အားစုတွေ ပါဝင်တဲ့ တပ်ပါင်းစုတခုဖြစ်တဲ့ မြန်မာ နိုင်ငံ ဒီမိုကရက်တစ်အင်အားစု နဲ့ ကရင်အမျိုးသားအစည်းအရုံး KNU ၊ NLD လွတ်မြောက်နယ်မြေ၊ မယ်တော် ဆေးခန်း နဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ကျောင်းသား တပ်မတော် တိုနဲ့ လည်း ဆွေးနွေးခဲ့ကြပါတယ်။ ကျောင်းသားတပ်မတော် ABSDF ကတော့ ဧပြီလ အတွင်း ဝန်းကြီးဦးအောင်သောင်း နဲ့ အပစ်ရပ်ရေး၊ ဆွေးနွေးဖို့ ရှိပေမဲ့ အစီအစဉ် ပျက်ခဲ့တာကြောင့် အခုမှ ပြန် ဆွေးနွေးခဲ့တာလို့ ဆိုပါတယ်။

ABSDF ဒု-ဥက္ကဋ္ဌ ကိုမျိုးဝင်း ပြောပြတာကတော့

"ပြီးခဲ့တဲ့ကာလမှာ ကျနော်တို့နဲ့ ဦးအောင်သောင်း ဦးဆောင်တဲ့ ငြိမ်းချမ်းရေး ဆွေးနွေးရေး အဖွဲ့တို့ လုပ်ငန်း စဉ်တွေ တွေ့ဆုံ ဆွေးနွေး အဖြေရှာနိုင်ဖို့အတွက် သီးသန့် ဆောင်ရွက် ဖြစ်ခဲ့တာပါ။ အခု ကာလ မှာတော့ အဖွဲ့မှူးပြောင်းပြီးတဲ့နောက်မှာ ဦးအောင်မင်းကလည်းပဲ ဆွေးနွေးရေးအဖွဲ့မှာ ဒု-ဥက္ကဋ္ဌတယောက်အနေနဲ့ တာဝန်ယူလာတယ်ဆိုတဲ့ အခြေခံအပေါ်မှာ တဖွဲ့တည်း ဖြစ်သွားတယ် ဆိုတဲ့ အနေအထားပေါ်မှာ မူတည်ပြီးတော့မှ ပြီးခဲ့တဲ့ကာလ ဆောင်ရွက်မှုတွေအပေါ် အခြေခံပြီး ရှေ့ဆက် ဆောင်ရွက်နိုင်မယ့် နည်းလမ်းတွေကို အမြင်တွေ ဖလှယ်တဲ့ အနေအထားပါ။ သူကတော့ ဒီကနေ့ကာလ တိုင်းပြည်မှာ ဖြစ်နေ တဲ့ ပြဿနာတွေကို ဘယ်လို အဖြေရှာမလဲ၊ ပြီးတော့ အဓိက အခြေခံအားဖြင့်တော့ ကျနော်တို့ ကျောင်းသား တပ်မတော် ABSDF နဲ့ ပတ်သက်ပြီးတော့မှ လက်ရှိ ပြန်လည် အသစ် ဖွဲ့စည်း လိုက်တဲ့ အဖွဲ့အစည်းရဲ့ သဘောထားက ဘယ်လို ရှိလဲ၊ အဲဒီအပေါ်မှာ ပြီးခဲ့တဲ့ ကာလ ဆောင်ရွက်ထား တဲ့ ဆောင်ရွက်မှုတွေကို ဘယ်လို ပုံသဏ္ဍန်နဲ့ ဆက်လက်ပြီး ဘယ်လို ဖော်ဆောင်သွားမလဲ ဆိုတာကို၊ အဓိက နည်းလမ်းပိုင်းဆိုင်ရာတွေ ကျနော်တို့ တင်ပြခဲ့ပါတယ်”

ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒု-ဥက္ကဋ္ဌ မီးရထားဝန်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ အဖွဲ့ဟာ ဇွန်လ ၂၇ ရက်နေ့မှာလည်း မဲတော်ဆေးခန်းကို သွားရောက် လည်ပတ်ဖို့ ရှိတယ် လို့ သိရပြီး ညနေပိုင်းမှာတော့ NLD လွတ်မြောက်နယ်မြေ ၊ KNU တို့ နဲ့ ဆက်လက်ပြီး ဆွေးနွေးမှုတွေ လုပ်နေ ဆဲ ဖြစ်ပါတယ်။

XS
SM
MD
LG