သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိုင်းရင်းသားဒေသနဲ့ ရွေးကောက်ပွဲဆိုင်ရာ သတင်းများ


ကျွန်မက နူးပန်ပါ။ တိုင်းရင်းသားဒေသက သတင်းတွေကို စိုင်းမိဏ်းနဲ့အတူ တင်ဆက်သွားမှာပါ။

ရှမ်းပြည်နယ်နဲ့ကယားပြည်နယ်က မြို့နယ်တချို့မှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီကို မဲ မပေးရင် ထောင်ဒဏ်နဲ့ငွေဒဏ် အပြစ် ပေးခံရမယ်လို့ ခြိမ်းခြောက်မှုတွေ ရှိနေပါတယ်။

ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် ခေါင်းဆောင်တဦးဖြစ်တဲ့ ခွန်သိန်းဖေက ကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီကို မဲမပေးရင် လူတစ်ယောက် ထောင်ဒဏ် နှစ်နှစ်ကျခံရမယ့်အပြင် ဒဏ်ငွေကျပ်တစ်သိန်း ပေးဆောင်ရ မယ်လို့ ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့က တောင်ကြီးမြို့နယ်ထဲက ကက္ကူကျေးရွာမှာ ဟောပြောခဲ့တယ်လို့ တောင်ကြီး မြို့ခံတစ်ဦးက ပြောပါတယ်။

ပအိုဝ်းအမျိုးသား အဖွဲ့ချုပ် PNO ဟာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီနဲ့ နယ်မြေတွေခွဲပြီး ရွေးကောက်ပွဲဝင်ဖို့ သဘောတူညီချက်ယူထားတယ်လို့ PNO အဖွဲ့ဝင်ဟောင်းတဦးက ပြောပါတယ်။

ကယားပြည်နယ်၊ လွိုင်ကော်နဲ့ ဒီးမော့ဆိုမြို့နယ်က အာဏာပိုင်တွေကတော့ ဒေသတွင်းမှာရှိတဲ့ ရ.ယ.က လူကြီးတွေနဲ့ ကျောင်းဆရာ၊ ဆရာမတွေကို ကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ မဲအပြတ်အသတ် မနိုင်ရင် အလုပ်ဖြုတ်ပစ်မယ့်အပြင် ထောင်ဒဏ်နဲ့ငွေဒဏ် အရိုက်ခံရမယ်လို့ ခြိမ်းခြောက်ပြောဆို တယ်လို့ ဒီမောဆို ဒေသခံတယောက်က ပြောပါတယ်။

ရှမ်းပြည်တောင်ပိုင်း၊ လဲချားမြို့နယ်မှာ မဲရုံတွေကို ဝေးလံတဲ့ ကျေးရွာတွေဆီ ရွှေ့ပြောင်းဖို့ မြို့နယ် ရွေးကောက်ပွဲကော်မရှင်က ညွှန်ကြား ထားတဲ့အတွက် ကျားဖြူခေါ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီက ကန့်ကွက်ထားပါတယ်။

လဲချားမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုတချို့က မဲရုံတွေကို လုံခြုံရေးအကြောင်းပြပြီး တခြားကျေးရွာ တွေဆီ ပြောင်းရွှေ့ခိုင်းတဲ့အတွက် ကန့်ကွက်စာတင်ထားတယ်လို့ လဲခြားမြို့နယ် ကျားဖြူပါတီ ကိုယ်စားလှယ်လောင်း တယောက်က ပြောပါတယ်။

မဲရုံတွေဆောက်ဖို့ဆိုပြီး ရွာသားတွေကို ဝါးတွေခုတ်ခိုင်းပြီး အောက်တိုဘာ ၂၂ ရက်နေ့ မတိုင်ခင် အပြီး ဆောက်ခိုင်းခဲ့တာဖြစ်ပါတယ်။ အဲဒီမဲရုံတချို့ဟာ လုံခြုံမှု မရှိဘူးဆိုပြီး အခုမှ တခြားကျေးရွာ တွေဆီ ပြောင်းရွှေ့ဆောက်ခိုင်းခဲ့တာဖြစ်ပါတယ်။

အခုပြောင်းရွှေ့မယ့်ကျေးရွာတွေက သွားလာရ ခက်ခဲတဲ့နေရာတွေဖြစ်တယ်လို့ သူက ပြောပါတယ်။

မကြာသေးခင်ကမှ လက်နက်ချလိုက်တဲ့ အပစ်ရပ် မွန်ငြိမ်းချမ်းရေးနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ တပ်မိသားစုဝင် ၂၀၀ ကျော်ကို အခု ရက်ထဲမှာပဲ ကော့ကရိတ်မြို့နယ် လူဝင်မှုကြီးကြပ်ရေးအဖွဲ့တွေ ကနေ နိုင်ငံရေး စီစစ်ရေးကဒ်တွေ ပြုလုပ်ပေးနေပြီလို့ တပ်ဖွဲ့ဝင် တယောက်က ပြောပါတယ်။

မွန်ငြိမ်းချမ်းရေးနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဟာ အောက်တိုဘာလ ၂၆ ရက်နေ့ကမှ အရှေ့တောင်တိုင်း စစ်ဌာနချုပ်မှာ လက်နက်အပ်နှံပွဲတွေ ပြုလုပ်ခဲ့တာပါ။

အဲဒီ လက်နက်အပ်နှံပွဲ အခမ်းအနားမှာ အဖွဲ့ရဲ့ဥက္ကဋ္ဌဖြစ်တဲ့ ဗိုလ်မှူးကြီး နိုင်ရှောင်က ရွေးကောက်ပွဲကို ထောက်ခံသွားမှာ ဖြစ်ပြီး တပ်ဖွဲ့ဝင်အားလုံးလည်း မဲဆန္ဒပေးသွားမှာ ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

ဒါကြောင့် အဲဒီတပ်ဖွဲ့ဝင်တွေ ဆန္ဒမဲပေးနိုင်ဖို့ နိုင်ငံသား စီစစ်ရေးကဒ်ပြားတွေ ထုတ်ပေးနေတာပါ။ အရင် ထုတ်ပြန်ခဲ့တဲ့ မဲဆန္ဒရှင်တွေ စာရင်းမှာ မပါဝင်ခဲ့ပေမယ့်လည်း သူတို့အနေနဲ့ မဲပေးရဖို့ အလား အလာရှိနေတယ်လို့ တပ်ဖွဲ့ဝင်တယောက်က ပြောပါတယ်။

ကျွန်မက ချမ်းလွန်ပါ။ အခု သတင်းလွှာ တပုဒ်ကို ကြားကြရမှာပါ။

ရွေးကောက်ပွဲ နီးလာတာနဲ့အမျှ တိုင်းရင်းသားဒေသတွေမှာ လုံခြုံရေး တင်းကြပ်မှုတွေ တိုးမြှင့်လာ ပါတယ်။ လမ်းတံတားတွေ ဖောက်ခွဲ ဖျက်ဆီးမှု မခံရအောင် ပြည်သူ့စစ်တွေကို ၂၄ နာရီ အချိန်ပြည့် လုံခြုံရေး စောင့်ခိုင်းထားပါတယ်။ ကင်းစောင့်နေရတဲ့ ပြည်သူ့စစ်တွေ ဘယ်လို အခက်အခဲတွေ ကြုံ နေရတယ်။ ပြည်သူ့စစ်တွေက ရွေးကောက်ပွဲကာလမှာ ဘယ်လို အခန်းကဏ္ဍကို ရောက်လာနေတယ် ဆိုတာကို စိုင်းမိဏ်းက တင်ပြထားပါတယ်။

ရှမ်းပြည်မြောက်ပိုင်း၊ မိုင်းရယ် တန့်ယန်းနဲ့ မိုင်းရှူးမြို့နယ်တွေမှာ ပြည်သူ့စစ်တွေကို လမ်းဆုံ လမ်းခွ တံတားတွေမှာ မျက်ခြေမပြတ် ကင်းစောင့်ထားခိုင်းတယ်လို့ ပြည်သူ့စစ်ခေါင်းဆောင်တဦးက ရှမ်းစကားနဲ့ အခုလိုပြောပါတယ်။

“ကျနော်တို့ကို ကင်းစောင့်ခိုင်းတာက တန့်ယန်းဗျူဟာမှူး။ ရွေးကောက်ပွဲ မတိုင်ခင်မှာ လမ်း၊ တံတား တွေ ဗုံးခွဲဖျက်ဆီးခံရရင် ကျနော်တို့ အပါအဝင် ဒေသခံရွာသားတွေကို ကြီးလေးတဲ့ ပြစ်ဒဏ်ပေးမယ်တဲ့”

မြန်မာစစ်အစိုးရက သူတို့တွေကို လူတယောက်ရိက္ခာ တပတ်စာ ဆန် ၂ ပြည် ဆီ ၂ ပုလင်းပေးမယ် ဆိုပေမယ့် မှန်မှန်မရ၊ ၂၄ နာရီ ကင်းစောင့်ရလို့ မိသားစု ဝမ်းရေးအတွက် ဝါးတွေခုတ်ရောင်းရတယ် လို့လည်း ပြောသွားပါတယ်။

ကချင်ပြည်နယ် တနိုင်းမြို့ဘက်မှာလည်း ဒေသစစ်ဆင်ရေးကွပ်ကဲမှူး ဌာနချုပ်(ဒကစ) ကြီးကြပ်မှုနဲ့ ပြည်သူ့ စစ်သင်တန်းပေးပြီး ယုဇန ကုမ္ပဏီဘက်စုံဖွံ့ဖြိုးရေး ကုမ္ပဏီဝန်ထမ်းတွေကို ရွေးကောက်ပွဲ အကြို ကာလမှာ လက်နက်တွေတပ်ဆင်ပေးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

လယ်သမားတွေရဲ့အမှုကို ကူညီပေးနေတဲ့ ဒေါ်ဘောက်ဂျာကတော့

လက်နက်တပ်ဆင်ပေးတဲ့အခါကျတော့ ပိုပြီးတော့ ကျမတို့ကတော့ စိုးရိမ်မိတာပေါ့နော်။ ဒီ တောင်သူတွေကြားထဲမှာ ပိုပြီး ယမ်းကားလာမလားလို့ ကျမတို့က စိုးရိမ်တယ်။ ဒီဒေသမှာဆိုတာက ပြည်သူတွေပဲ ရှိတယ်လေ။ ဘာမှ အနှောင့်အယှက် ပေးတဲ့ဟာတွေ၊ တခြား အမှုကြီးတွေဆိုတာ မရှိဘူး။

ရှမ်းပြည် မြို့နယ်တော်တော်များက ကျေးရွာအုပ်စုတိုင်း ပြည်သူ့စစ်တပ်ဖွဲ့ကြီးငယ်ရှိတယ်လို့ ရှမ်း သံတော်ဆင့် အယ်ဒီတာ ဦးစိန်ကြည်က ပြောပါတယ်။

“ရွေးကောက်ပွဲလုပ်တဲ့အချိန်မှာ မဲရုံတွေအတွက် လုံခြုံရေးယူဖို့ပြောတယ်။ ဒါပေမယ့် နောက်ကွယ်မှာတော့ ရွေးကောက်ပွဲပြီး နောက်ပိုင်း အပစ်ရပ်အဖွဲ့တွေကို အကြပ်ကိုင်ဖို့ ထိုးစစ်ဖို့ တိုက်ခိုက်မှု ဖြစ်လာရင်တော့ ပြည်သူ့စစ်ကို မလွဲမသွေ အသုံးချမှာပဲ”

ရှမ်းပြည်မှာ ပြည်သူ့စစ်တပ်ဖွဲ့ အကြီးအငယ် အားလုံးပေါင်း ၅၀၀ လောက်ရှိနေတယ်လို့ ရှမ်းပြည် မူးယစ်ဆေးဝါးစောင့်ကြည့်တဲ့ အဖွဲ့က ပြောပါတယ်ခင်ဗျ။

XS
SM
MD
LG