သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လက်ရှိ မြန်မာ့နိုင်ငံရေး၊ ယခင်နှင့်ယခု အငြိမ်းစားဗိုလ်ချုပ်ကြီး ဦးခင်ညွှန့်


တပ်မှူးတပ်သား ပြောစကား (၁၀၀)

ဗီအိုအေ ။ ။ ၂၀၁၂ ဖေဖေါ်ဝါရီ ၁၈။

ဦးရော်နီညိမ်း။ ။ မြန်မာနိုင်ငံရဲ့ လက်ရှိ ဖြစ်ထွန်း ဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခြေအနေတွေကို သုံးသပ်ပေး ဖို့ စစ် ထောက်လှမ်းရေးနဲ့ သံတမန်အရာရှိဟောင်း၊ ဗိုလ်မှူးဟောင်း ဦးအောင်လင်းထွဋ်ကို ဗီအိုအေရဲ့ စတူဒီ ယိုထဲကို ဖိတ်ခေါ်ပြီး ဗီအိုအေဝိုင်းတော်သားကိုကျော်ကျော်သိန်းနဲ့ ဗီဒီယိုရိုက်ကူးထားတဲ့ တွေ့ဆုံမေးမြန်းခန်း ကို ဗီအိုအေ မြန်မာပိုင်းရုပ်မြင်သံကြားကနေ လွှင့်ထုတ်ခဲ့ပြီးပါပြီ။ ဒီရုပ်သံလွှင့်ခဲ့တဲ့ တွေ့ဆုံမေးမြန်းမှု အစီအ စဉ် အစအဆုံးကို ဗီအိုအေမြန်မာပိုင်း ရေဒီယိုအစီအစဉ်ရဲ့ တပ်မှူးတပ်သား ပြောစကား ကဏ္ဍကနေ နှစ်ပိုင်း ခွဲပြီး လွှင့်ထုတ်တာမှာ အပိုင်း(၁)ကို တော့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ(၁၁)ရက်နေ့ မနက်ခင်းနဲ့ ညနေခင်းတွေမှာ တင်ဆက်ခဲ့ပြီးပါပြီ။ ဒီတစ်ပတ်မှတော့ ကိုကျော်ကျော်သိန်းနဲ့ ဦးအောင်လင်းထွဋ်တို့ရဲ့ ဝန်ကြီးချုပ်ဟောင်း အငြိမ်းစားဗိုလ်ချုပ်ကြီး ဦးခင်ညွှန့်နဲ့ ပတ်သက်ပြီး တွေ့ဆုံမေးမြန်းထားတာတွေကို အပိုင်း(၂)အဖြစ် ဆက်ပြီး တင်ဆက်ပေးလိုက်ပါတယ် ခင်ဗျာ။

ဦးကျော်ကျော်သိန်း။ ။ အခုနောက်ဆုံး လွှတ်တဲ့အထဲမှာ ဦးအောင်လင်းထွဋ် သိပြီးသားပါ။ ဗိုလ်ချုပ်ကြီး ခင်ညွှန့် နေအိမ်အကျယ်ချုပ်ကနေ ပြန်လွတ်တဲ့အထဲမှာ ပါလာပါတယ်။ ဗိုလ်ချုပ်ကြီးခင်ညွှန့် လွတ်လာတဲ့ အခါမှာ ဦးအောင်လင်းထွဋ်ရဲ့ ပထမဦးဆုံးတုန့်ပြန်မှု စိတ်ထဲမှာ ဘယ်လိုဖြစ်လဲ။

ဦးအောင်လင်းထွဋ်။ ။ ဗိုလ်ချုပ်ကြီးခင်ညွှန့်နဲ့ ပတ်သက်ပြီးတော့ သူလွတ်လာတာကို ကျနော် ဝမ်းသာ တယ်ပြောရမှာပဲ။ ဒါပေမယ့် ဗိုလ်ချုပ်ကြီးခင်ညွှန့်ဟာ လွတ်လာပေမယ့် အများထင်ထားကြသလို ဘာမှ ပြန် မလုပ်နိုင်ပါဘူး။ လွှတ်လိုက်ကတည်းကိုကလည်း ပုဒ်မ (၄၀၁) (အလုံးစုံ အထွေထွေလွတ်ငြိမ်းချမ်းသာခွင့် မဟုတ်သော၊ သမ္မတ၏ လုပ်ပိုင်ခွင့်အရပေးအပ်သည့်)လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွှတ်လိုက်တယ်လို့ ကျနော် တို့ သဘောပေါက်တယ်။ အခုအချိန်လည်း ကျနော်တို့ အင်တာနက်တွေ၊ ဂျာနယ်တွေမှာ တွေ့ရတယ်။ အင် တာဗျူးတွေ ဖတ်ရတယ်။ နောက် ကျနော့်ရဲ့ သူငယ်ချင်းအပေါင်းအသင်းတွေဆီက ကျနော်သိရှိချက်တွေ အရ ဗိုလ်ချုပ်ကြီးခင်ညွန့်အနေနဲ့ ဆက်ပြီးတော့ နိုင်ငံရေးလုပ်ဖို့ အစီအစဉ်မရှိဘူး။ သူလုပ်ခဲ့ကိုင်ခဲ့တဲ့ အတွေ့ အကြုံတွေတော့ရှိတယ်။ သူ့အနေနဲ့ဝန်ကြီးချုပ်ဘဝက နိုင်ငံတကာဆက်ဆံရေးအတွေ့အကြုံ၊ ထောက် လှမ်း ရေးအတွေ့အကြုံ၊ ငြိမ်းချမ်းရေးအတွေ့အကြုံ ဒါတွေနဲ့ပတ်သက်ပြီးတော့မှ မေးလာလျှင်တော့၊ ပြန်ပြီး share လုပ်မယ့်သဘော၊ ဝေငှမယ့်သဘောတော့ ရှိပါတယ်။ သူ့အနေနဲ့ကတော့ နောင်တက်လာမယ့် မျိုး ဆက်သစ်ပေါ့လေ၊ ဘယ်သူတွေပဲဖြစ်ဖြစ် အသက်ငယ်တဲ့လူငယ်ပိုင်းတွေကို လိုအပ်တဲ့အခါ လာမေးတဲ့အခါ မှာ ပြောပြမယ်ဆိုတဲ့ အနေအထားမျိုးလောက်ပဲ ရှိပါတယ်။

ဦးကျော်ကျော်သိန်း။ ။ ဗိုလ်ချုပ်ကြီးခင်ညွှန့်နဲ့ ထိတွေ့ဆက်ဆံဖူးတဲ့ လူတွေထဲမှာ၊ အဓိကအားဖြင့် နိုင်ငံ ခြားတိုင်း ပြည်တွေက သံတမန်တွေ ရှိမယ်၊ နောက် ပညာရှင်တစ်ချို့ ရှိမယ်။ သူတို့ပြောတဲ့စကားက ဗိုလ်ချုပ်ကြီးခင်ညွှန့်ဟာ moderate ပေါ့နော်၊ အလယ်အလတ်သမားဖြစ်တယ်။ သဘောထားအလယ်အ လတ်ရှိတယ်။ မတင်းမာဘူးပေါ့။ အဲဒီ အချက်ကို ဦးအောင်လင်းထွဋ် သဘောတူလား။

ဦးအောင်လင်းထွဋ်။ ။ ကျနော် သဘောတူပါတယ်။ ဗိုလ်ချုပ်ကြီးခင်ညွန့် ဂျာနယ်တစ်ခုမှာ ပြောခဲ့ဖူး တယ်။ သူဟာ အတွင်းရေးမှူး(၁)၊ ဝန်ကြီးချုပ်၊ ဒါတွေ ဖြစ်ခဲ့တယ်။ သူ့ရဲ့အထက်မှာ ဘယ်သူတွေရှိတယ် ဆို တာ အားလုံး သိပါတယ်။ ဒီရဲ့ policy ကို သူက အကောင်အထည် ဖေါ်ရတဲ့လူပါ။ အခုမှ မဟုတ်ပါဘူး။ ကျနော်တို့ခေတ်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ 2001 လောက်ကတည်းက ကျနော်တို့ တွေ့ဆုံဆွေးနွေးဖို့ ကြိုးစားခဲ့တယ်။ မှတ်မှတ်ရရ ဒေါ်အောင်ဆန်းစုကြည်က 1996 Visit Myanmar Year ကို သပိတ်မှောက် တယ်။ ပြီးတော့ NLD က အမျိုးသားညီလာခံကနေ ထွက် တယ်။ ထွက်ပြီးတဲ့နောက်ပိုင်း အပေါ်ဆုံးက ဗိုလ်ချုပ်မှူးကြီးကနေ ကျနော်တို့ကို NLD ကို မင်းတို့ အမြစ်ပြတ်ခြေမှုန်းရ မယ်ဆိုလို့ ထောက်လှမ်းရေးက လူမိုက်အငှားခံခဲ့ရတဲ့ အနေအထားမျိုး ရှိပါတယ်။ အဲဒီအချိန်တုန်းကဆိုလျှင် အားလုံး သိကြပါတယ်။ NLD နဲ့ ပတ်သက်တဲ့လူတွေကို ဆွေမျိုးသားချင်းက အစ၊ ကလေးတွေနေတဲ့ ကျောင်းကအစ၊ ကျနော်တို့ က ပြဿနာရှာပေးရတဲ့ အနေအထားမျိုးတွေ ရှိတယ်။ ပြဿနာမရှာလျှင်လည်း မင်းတို့ ဘာလို့မလုပ်လဲ ဆိုတာမျိုး တွေက ရှိကြတယ်။ အဲဒီလို လုပ်လာရာကနေမှာ 1997 မှာ အာဆီယံကို မြန်မာနိုင်ငံ ဝင်တာရှိ တယ်။ အဲဒီအချိန်မှာ ဘာပဲဖြစ်ဖြစ် ကျနော်တို့ နိုင်ငံတကာနဲ့ထိတွေ့မှုတွေ ရှိလာပြီ။ 1999, 2000 လောက် ကျတော့ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် ပြန်ထားလိုက်ပြီးပြီ။ အဲဒီအချိန်အခါမှာ ဗိုလ်ချုပ် ကြီးခင်ညွန့်အနေနဲ့၊ ဒေါ်အောင်ဆန်းစုကြည် ကို မြန်မာ့နိုင်ငံရေးမှာ ပစ်ပယ်လို့ မရဘူး၊ ဒေါ်အောင်ဆန်းစု ကြည်မပါဘဲ လုပ်လို့မရဘူးဆိုတဲ့ conclusion တစ်ခု ချခဲ့ တဲ့ အနေအထားမျိုး ရှိပါတယ်။ ဒီပေါ်မူတည်ပြီး မှလည်း 2000, 2001 လောက်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ လျှို့ဝှက် ပြီးတော့ ဆွေးနွေးခဲ့ကြတယ်။ ဒီဆွေးနွေးချက်တွေပေါ် မူတည်ပြီးတော့မှ 2002 May မှာ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်လိုက်တယ်။ အဲဒီအချိန်မှာ ကျနော်က အမေရိကားကို ရောက်ပါတယ်။ အဲဒီအချိန်တုန်းကလည်း စနစ်တကျ ပါပဲ။ အဲဒီ အချိန်တုန်းက ကျနော်တို့ DCI (lobby ကုမ္ပဏီ) အမေရိကားမှာ ငှားတယ်။ အမေရိကားမှာ သမ္မတ Bush တက်ခါစပေါ့လေ။ ကျနော်တို့ lobby group တွေငှားပြီးတော့မှ အမေရိကန်အစိုးရနဲ့ ပြေရာပြေကြောင်း ပြော ပါတယ်။ အမေရိကန်အစိုးရကလည်း ကျနော်တို့ကို ပြောပါတယ်။ အခုလိုပါပဲ။ ဒေါ်အောင်ဆန်းစုကြည် နဲ့ ပေါင်းပြီးမှ မင်းတို့လုပ်ပါဆိုတဲ့ အနေအထားမျိုး၊ ပေါင်းလို့ရှိလျှင် သူတို့လက်ခံမယ်ဆိုတဲ့ အနေအထားမျိုး ရှိတဲ့အတွက်ကြောင့်မို့ ဒေါ်အောင်ဆန်းစုကြည်နဲ့သမိုင်းစာမျက်နှာအသစ် ပြန်ဖွင့်မယ်ဆိုပြီး ကြေညာပြီး တော့ ပြန် လွှတ်လိုက်တယ်။ ဝါရှင်တန်မြန်မာသံရုံးကနေပြီးတော့မှ ကျနော်တို့ကိုယ်တိုင်ပဲ ဘယ်သူမှမသိခင်မှာ ကြေ ညာပေးလိုက်တာပါ။ အဲဒီနောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးပြီးတော့ အခုလိုပဲနယ်လှည့် ခွင့် ပးတယ်။ နောက်ဆည်တွေ၊ တမံတွေ လိုက်ပြတာတွေ ရှိတယ်။ ပြီးတော့ အားလုံး ခြုံပြောရလျှင်တော့ 2003 ဒီပဲယင်း မှာ ကျနော်တို့ ဇာတ်လမ်း အဆုံးသတ်သွားပြီးတော့မှ ဒုက္ခရောက်သွားတယ်လို့ပဲ ပြောရမှာပဲ။

ဦးကျော်ကျော်သိန်း။ ။ ဒီပဲယင်းက တစ်ကဏ္ဍ ဖြစ်ခဲ့တာပေါ့လေ။ ဆိုတော့…ဗိုလ်ချုပ်ကြီးခင်ညွှန့်နဲ့ ပတ် သက်ပြီး ပြောမယ်ဆို ကျနော်တို့ fair to say (တရားမျှမျှတတ ပြောမယ်ဆိုရင်) ပေါ့နော်၊ သူပြန်လွတ်လာ ပြီးတဲ့နောက်ပိုင်းမှာ ဦးအောင်လင်းထွဋ်လည်း အင်တာနက်ပေါ်မှာ တွေ့မှာပါ၊ အဓိကအားဖြင့်တော့ ပြည် ပ ရောက်နေတဲ့ မြန်မာအသိုင်းအ ဝိုင်းကြားထဲမှာ အမျိုးမျိုး ပြောကြဆိုကြတာတွေ ရှိပါတယ်။ သဘောထား အမျိုးမျိုးပေးကြတာတွေ ရှိပါတယ်။ ဒီနေရာမှာ ကျနော်တွေးမိတဲ့ အတွေးလေးတစ်ခုကတချိန်တုန်း က ထောက်လှမ်းရေးယန္တယားကို ဦးဆောင်ခဲ့တဲ့ လူတစ်ယောက်အနေနဲ့ တစ်ချိန်တုန်းက ဖြစ်ပျက်ခဲ့တဲ့ကိစ္စ တွ၊ တစ်နည်းအားဖြင့်ဖမ်းခဲ့တာတွေ၊ ထောင်ကျခဲ့တာတွေ၊ သေ ဆုံးခဲ့ရတာတွေနဲ့ ပတ်သက်ပြီး တစ်ချိန်က စစ်ခေါင်းဆောင်တွေမှာ တာဝန်ရှိတယ်လို့ ပြောလျှင်၊ ဗိုလ်ချုပ်ကြီးခင်ညွှန့် မှာကော ဘယ်နှစ်ရာခိုင်နှုန်း တာဝန်ရှိတယ်လို့ ပြောလို့ ရပါသလဲ။

ဦးအောင်လင်းထွဋ်။ ။ ဗိုလ်ချုပ်ကြီးခင်ညွှန့်မှာလည်း တာဝန်ရှိပါတယ်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေတင် မဟုတ်ပါဘူး။ နောက်ဆုံး ကျနော်တို့မှာလည်း တာဝန်ရှိပါတယ်။ ဘာပဲဖြစ်ဖြစ် ကျနော်တို့ကိုယ်တိုင် ဒီထောက်လှမ်းရေး အဖွဲ့အစည်းထဲမှာ နေခဲ့ရတာကိုး။ ဒါပေမယ့် ခုနကပြောသလို စနစ်ပေါ့၊ စစ်အာဏာရှင် စနစ်အောက်မှာ ကျနော်တို့က သားကောင် ဖြစ်ခဲ့ကြပါတယ်။ ဒါ ဗိုလ်ချုပ်ကြီးခင်ညွှန့်တင် မဟုတ်ပါဘူး။ ကျနော်တို့ အဖွဲ့တွေ အားလုံးလည်း ပါပါတယ်။ ကျနော်တို့ အနေအထားအရလည်း ကျနော်တို့ မကောင်း တာလေးတွေ လုပ်ခဲ့ရတာရှိတယ်။ ခုနက ပြောသလိုပေါ့ဗျာ။ NLD အမြစ်ပြတ်ခြေမှုန်းရေး ကျနော်တို့ ကိုယ် တိုင်မဟုတ်တောင်မှ ကျနော်တို့အဖွဲ့အစည်းက လုပ်ရတာကိုးဗျ။ NLDနဲ့ ပတ်သက်လျှင် NLD ပါတီဝင် တွေ ကို ရေဖြတ်၊ မီးဖြတ်ကအစ အပြစ်ရှာပြီး လုပ်ခဲ့ရတာ။ မလုပ်လို့ လည်းမရဘူး။ အာဏာရှင်တို့ရဲ့သဘော သဘာဝအရ ခင်ဗျားသိတဲ့အတိုင်း၊ ကျူပင်ခုတ်ကျူငုတ်မကျန်၊ သားစဉ်မြေးဆက်အကုန်လုံးကို ဒုက္ခ ပေး တာ ကိုး။ ဗိုလ်ချုပ်ကြီးခင်ညွှန့်လည်း ဒီတိုင်းပါပဲ။ ကျနော်တို့ကို ဗိုလ်ချုပ်ကြီးခင်ညွန့် နှစ်ခါပြောဖူးတယ်။ သူ ထွက် ချင်တယ် ဆိုပြီး။ တစ်ခါက ၁၉၉၇ လောက်မှာ တစ်ခါပြောဖူးတယ်။ နောက်တစ်ခါက ၁၉၉၉ ကျနော် အမေရိကား မထွက်ခင်ပေါ့လေ။ ကျနော် ဒီမရောက်ခင်မှာ ပြောခဲ့ဖူးတယ်။ စိတ်ဓါတ်ပျက်တာပေါ့လေ၊ အဲဒီအချိန်မှာ သူ စိတ်မ ကောင်းစွာနဲ့ ပြောခဲ့တယ်။ ငါထွက်ချင်တယ်တဲ့၊ ငါထွက်လျှင် မင်းတို့ ဒုက္ခရောက် လိမ့်မယ်တဲ့။ မင်းတို့ကြောင့် ငါဆက် နေနေရတယ် ဆိုတဲ့ စကားတစ်ခု ပြောခဲ့ဖူးတယ်။ အလားတူပဲ အဲဒီ အချိန်တုန်းက ဝန်ကြီးတစ်ချို့ ဗိုလ်ချုပ်ခင်ညွှန့်ကို လာပြောတာတွေရှိတယ်။ ဗိုလ်ချုပ် ကျနော့်ကို ထွက် ခွင့် ပေးပါ။ ထွက်ခွင့်ဆိုတာ အေးအေးဆေးဆေး ထွက်ချင်တာ ပေါ့ဗျာ။ ဗိုလ်ချုပ်ခင်ညွှန့်က ခင်ဗျားမပြောနဲ့ ကျနော်တောင် ထွက်ချင်တာ ထွက်လို့မရဘူးဆိုတဲ့ အနေအထားမျိုး ပြန် ပြောတယ်။ ဆိုတော့ ကျနော်တို့ က ဝင်ပြီးတဲ့အချိန်မှာ အရှင်ထွက် ထွက်ဖို့က မလွယ်တဲ့ အနေအထားမျိုး ရှိပါတယ်။ တာဝန်မရှိဘူးလား ဆိုတော့ ဗိုလ်ချုပ်ကြီးခင်ညွှန့်လည်း တာဝန်ရှိတယ်။ ကျနော်တို့လည်း တာဝန်ရှိတယ်။ ကျနော် ပြောပြောနေ တဲ့ ခရစ်စတီးကျွန်းကိစ္စဆိုလျှင် ကျနော်လည်းပါသွားတော့ ကျနော့်မှာလည်း တာဝန်ရှိတယ်။ ဒါပေမယ့် အဲဒီအချိန်မှာ သေသွားတဲ့လူတွေအတွက်ကို ကျနော် ဘာမှ မလုပ်ပေးနိုင်ဘူး။ အခု ကျနော်ပြောခွင့်ရလို့ အဲဒီမှာ သေ သွားတဲ့လူတွေအတွက်ကို ကျနော် ပြောပြောနေ တာ။ ဒီအမှုကိစ္စပေါ်လာလို့ အစစ်ခံကြရလို့ ကျနော့်ကို ထောင်ချမယ် ဆိုလည်း ကျနော် ထောင်ကျခံရမယ့်သဘော၊ သေဒဏ်ပေးလည်း သေဒဏ် ကျခံ ရမယ့်သဘော ရှိတယ်။ ဒါပေမယ့် ကျနော့်လိုပဲ ကျနော်တို့ကို အမိန့်ပေးတဲ့ သူတွေကိုလည်း အရေးယူရလိမ့် မယ်။

ဦးကျော်ကျော်သိန်း။ ။ စောစောကပြောတဲ့ ကျူပင်ခုတ်ကျူငုတ်မကျန် ဆိုတဲ့ စကားလိုပေါ့။ ဒါ ၁၉၈၈ နောက်ပိုင်း ပေါ့လေ၊ တကယ်ကတော့ ၁၉၈၈ မတိုင်ခင်ကတည်းက။ သို့သော် ၁၉၈၈ နောက်ပိုင်း မှာ ပိုပြီးသိသာလာတာပါ။ ၁၉၈၈နဲ့ ဗိုလ်ချုပ်ကြီးခင်ညွှန့်တို့ ထောက်လှမ်းရေး၊ စစ်ထောက်လှမ်းရေး၊ တပ်မတော်ထောက်လှမ်းရေးကို ဖျက်သိမ်းတဲ့ အချိန်ထိ ထောက်လှမ်းရေးယန္တယားဆိုတာက ဖိန့်ဖိန့် တုန် ကြောက်ခဲ့ကြရတဲ့ ယန္တယားကြီးပါ။ လူတွေကို အကြောက်တရားနဲ့ ကြီးစိုးခဲ့တာပါ။ ဒီလိုယန္တယားမျိုး ဒီနေ့ ဒီအချိန်မှာ ပြန်ကြည့်မယ်ဆိုလျှင် အနာဂတ် မြန်မာနိုင်ငံမှာ ပြန်ပေါ်လာနိုင်တဲ့ အလားအလာ ရှိသေး တယ်လို့၊ ဦးအောင်လင်းထွဋ် အခုအချိန်မှာ မြင်ပါသလား။

ဦးအောင်လင်းထွဋ်။ ။ ရှိသေးတယ်ဗျ။ အခုအချိန်မှာ SB(Special Branch-ရဲအထူးသတင်းတပ်ဖွဲ့)၊ စရဖ (ကာကွယ် ရေးဝန်ကြီးဌာနလက်အောက်ခံ တပ်မတော်စစ်ဘက်ရေးရာလုံခြုံရေးအဖွဲ့) လို့ခေါ်တဲ့ စစ်ထောက် လှမ်းရေး အဖွဲ့ကော ရှိနေတုန်းပဲ။ ဒီအတိုင်းပဲ သွားတယ်။ အခု စရဖမှာ ရှိတဲ့လူတွေက ကျနော့်တပည့်တွေ ပဲ။ ကျနော် ထောက်လှမ်းရေး သင်တန်းကျောင်းမှာ (၅) နှစ် သင်တန်းဆရာ လုပ်ခဲ့တာကိုး။ နောက်ဆုံး သင် တန်းဆရာဘဝက၊ ပွင့်ပွင့်လင်းလင်း ပြောရလျှင် ဗိုလ်ချုပ်ကြီး ရွှေမန်းတို့၊ ဗိုလ်ချုပ်ကြီး တင်အောင်မြင်ဦး တို့ နိုင်ငံတော်ကာကွယ်ရေး တက္ကသိုလ်တက်တုန်းက ကျနော် သူတို့ကို lecture ပို့ချခဲ့တဲ့ကောင်ပါ။ အဲဒီတော့ အခုထိတော့ ဒီညာဉ်တွေညာဉ်ဆိုးတွေကတော့ မပျောက် သေးဘူး။ ဘယ်လိုပြောရမလဲ ဆိုတော့ တောမှာ နေပြီးတော့မှ ကျနော်တို့ စစ်သားဆိုတာ တပ်ရင်းမှူး၊ တပ်စုမှူးက တောမှာ ဗိုလ်ကျချင် တိုင်း ကျကြတယ်ဗျာ။ မြို့ပေါ်တက်တော့လည်း အဲဒီအကျင့်က ပါနေတုန်းပဲ။ ဒီအကျင့်တွေက ခုထိ မပျောက်သေးဘူးဗျ။ အဲဒီတော့ ဒီအကျင့်တွေ ပျောက်ဖို့ဆိုတာ တပ်မတော်ကိုလည်း ပြင်ဖို့ ဆင်ဖို့ train လုပ်ဖို့ က လိုတယ်ဗျ။ ဒီလို စည်းမရှိကမ်းမရှိ လုပ်ချင်တာလုပ်လို့ ဘာမှ မဖြစ်ဘူးဆိုတာမျိုး မရဘူး။ အခု သူတို့ လုပ်လာကြ ပါပြီ။ ဒီနေ့ ကြားရတဲ့သတင်းမှာ ကချင်ပြည်နယ်မှာ အမျိုးသမီးတစ်ယောက်ကို ဖမ်း ထားပြီးမှ ပြန်မလွှတ်တဲ့ကိစ္စကို နေပြည်တော်မှာ တရားရုံးတင်မယ်ဆိုတာ ဒါကောင်းတဲ့ သတင်းပါ။ ဒီလို မျိုးကိစ္စတွေဟာ ပွင့်ပွင့်လင်းလင်း ပြောလာဖို့ လိုတယ်။ တောထဲမှာ လူမသိသူမသိ အသတ်ခံရ မုဒိန်းကျင့် ခံရတာတွေအများကြီး ရှိခဲ့တယ်။ ဒါတွေကို အရေးယူပေး ရမယ်။

ဦးကျော်ကျော်သိန်း။ ။ ဟုတ်ကဲ့။ ကျေးဇူးအများကြီးတင်ပါတယ် ဦးအောင်လင်းထွဋ်။

ဦးရော်နီညိမ်း။ ။ ပြီးခဲ့တဲ့ ဇန်နဝါရီလ (၁၃) ရက်နေ့က နေအိမ် အကျယ်ချုပ်ချ ခံထားရနေရာက သမ္မတ ဦးသိန်းစိန် ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်ပြီးလွတ်မြောက်လာခဲ့တဲ့ ဝန်ကြီးချုပ်ဟောင်း အငြိမ်းစားဗိုလ်ချုပ် ကြီးဦးခင်ညွှန့်နဲ့ ပတ် သက်ပြီး ဗီအိုအေဝိုင်းတော်သား ကိုကျော်ကျော်သိန်းနဲ့ ဗိုလ်မှူးဟောင်းဦးအောင်လင်း ထွဋ်တို့ရဲ့ တွေ့ဆုံမေးမြန်းခန်း အပိုင်း(၂)ကို ထုတ်လွှင့်တင်ဆက်ပေးခဲ့တာ ဖြစ်ပါတယ် ခင်ဗျာ။

XS
SM
MD
LG