သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတ အငြိမ်းစားဗိုလ်ချုပ်ကြီး ဦးသိန်းစိန်၏ မိန့်ခွန်းအပေါ် NLD အငြိမ်းစားဗိုလ်ကြီး ဦးဝင်းထိန်၏ အမြင်သဘောထား


တပ်မှူးတပ်သား ပြောစကား (၁၀၂)

မတ်လ(၁)ရက်နေ့က ပြည်ထောင်စုလွှတ်တော်ကနေ လူထုကို ပြောကြားသွားခဲ့တဲ့ သမ္မတဦးသိန်းစိန်ရဲ့ မိန့် ခွန်းအပေါ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့မိတ္ထီလာမြို့နယ် ပြည်လွှတ်တော်ကိုယ်စားလှယ်လောင်း အငြိမ်း စားဗိုလ်ကြီး ဦးဝင်းထိန်ရဲ့ အမြင်သဘောထားတွေကို ၊ ဒီသီတင်းပတ်ရဲ့ တပ်မှူးတပ်သား ပြောစကား ကဏ္ဍ မှာ၊ ကိုရော်နီညိမ်းက တင်ဆက်ထားပါတယ်။

ဦးရော်နီညိမ်း ။ ။ ဦးဝင်းထိန်ခငိဗျား၊ သမ္မတဦးသိန်းစိန်က ကျင်းပနေဆဲ ပထမအကြိမ် ပြည်ထောင်စု လွှတ်တော်ရဲ့ တတိယအကြိမ်ပုံမှန်အစည်းအဝေးမှာ ပြည်သူလူထုကို ပြည်ထောင်စုလွှတ်တော်ကတဆင့် တင်ပြတဲ့မိန့်ခွန်း ပြောကြားသွားခဲ့ပါတယ်။ သူ့ရဲ့မိန့်ခွန်းထဲမှာ အချက်တွေများစွာ ပါဝင်ပါတယ်။ အဲဒီအထဲ ကမှ တချို့အချက်တွေကို ကောက်နှုတ်ပြီး ဦးဝင်းထိန်နဲ့ မေးမြန်းဆွေးနွေးချင်ပါတယ်။ သူပြောတဲ့အထဲမှာ အခု သူတို့ရဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေကို လုပ်နေတာမှာ၊ သူတို့အစိုးရကို မယုံကြည်မှုတွေ ပြည် တွင်းပြည်ပမှာ ရှိနေတယ်၊ အဲဒါကိုလည်း သူတို့သိတယ်၊ အဲဒါကြောင့် ယုံကြည်မှုရအောင် ကြိုးစားကြဖို့ အရမ်းကို လိုအပ်နေတယ်လို့၊ သူ ထည့်သွင်းပြောကြား သွားပါတယ်။ အဲဒီတော့ သူတို့တွေ ယုံကြည်မှု ရအောင် ဘယ်လိုဆက်လုပ်သင့်တယ်လို့၊ ဦးဝင်းထိန် မြင်ပါသလဲခင်ဗျ။

ဦးဝင်းထိန် ။ ။ ဦးသိန်းစိန်ဦးဆောင်တဲ့ အစိုးရက ယုံကြည်မှုရအောင်ကြိုးစားနေတယ်ဆိုတာကို ကျနော် သတိထားမိပါတယ်။ သို့သော် လက်တွေ့အနေနဲ့ပြောရရင်၊ ကျနော် အခု မိတ္ထီလာမြို့နယ်ထဲမှာ ပါတီစည်း ရုံးရေးဝင်တဲ့အခါကျ တော့ ဘာသတိထားမိလဲဆိုတော့ အကြောက်တရားတွေ လွှမ်းမိုနေတာကို တွေ့ရ တယ်။ ဘယ်လိုအကြောက်တရားလဲဆိုရင်၊ ကျနော်တို့ NLDအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို သို့တည်း မဟုတ် နိုင်ငံရေးကို မှန်မှန်ကန်ကန်စိတ်ဝင်စားသူ တွေက ကျနော်တို့နဲ့ ဆက်ဆံရမှာကို ကြောက်နေကြ တယ်။ ကျနော်တို့က ဆက်ဆံပေမယ့်၊ သူတို့က ကျနော်တို့ကို မဆက်ဆံရဲဘူး။ ဒါတွေဟာ အစိုးရက ဘယ်လောက်ပဲ ဘာကြီးပဲပြောနေနေ၊ ပြည်သူလူထုမှာ အကြောက်တရားက လွှမ်းမိုးခံနေရတော့ ယုံကြည်မှု ရအောင် တည်ဆောက်နေတယ် ဆိုတဲ့ကိစ္စတွေမှာ ထိရောက်မှုမရှိသေးဘူးလို့၊ ကျနော် ဆိုချင်တယ်။

ဦးရော်နီညိမ်း ။ ။ ဒါပေမယ့် သူအခု ပြောသွားတဲ့မိန့်ခွန်းအရ ဆိုရင်တော့၊ အားလုံးနဲ့ပူးပေါင်းဆောင်ရွက် ချင်လို့ သူတို့ ဒီအလုပ်ကို လုပ်နေပါတယ်လို့၊ တိုင်းပြည်ကို ချပြတဲ့ သဘောတော့ ရှိပါတယ်။ အခု သမ္မတရဲ့ ဒီမိန့်ခွန်း ပြောကြားပြီးတဲ့နောက်ပိုင်းမှာ၊ ပြည်သူလူထုမှာ အကြောက်တရားက လွှမ်းမိုးနေတဲ့ကိစ္စဟာ တိုး တက်လာလိမ့်မယ်လို့ ယူဆပါသလား ခင်ဗျ။

ဦးဝင်းထိန် ။ ။ ကျနော်တော့ မထင်ဘူး ဘာကြောင့်လဲဆိုရင်၊ ကျနော်တို့ အခု ရွာတွေကို ရောက်တဲ့အခါ မှာ၊ လူထုကို အကျိုးအကြောင်းပြောပြတယ်၊ ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ လက်တွဲပြီး ဆောင်ရွက် နေပါတယ် ဆိုတာကို၊ ဘယ်လောက်ပဲပြောပြော အကြောက်တရားက လွှမ်းမိုးနေတယ်။

ဦးရော်နီညိမ်း ။ ။ ဒါလည်း သူပြောသွားတဲ့အထဲမှာ ပါပါတယ်။ ဒါတွေလည်း ရှိနေတယ်ပေါ့။ အနာ ဟောင်းတွေလည်း ရှိနေကြတယ်ပေါ့။ အခု ဦးဝင်းထိန်က ဒါမျိုးတွေကို လက်တွေ့ကွင်းဆင်း ထိတွေ့နေရ တယ်ဆိုတော့၊ အထက်ပိုင်းက သူက မျှော်လင့်ချက်တွေနဲ့ ပြောနေပေမယ့်၊ အောက်ခြေလူထု grass root မှာတော့ အခုလို ဖြစ်နေတယ်။ အဲဒီတော့ ဦးဝင်းထိန်အနေနဲ့ ဒီကိစ္စကို ဘယ်လိုပြုပြင်ပြောင်း လဲပြီး လုပ်ရင် ကောင်းမယ်လို့၊ ထင်မြင်ပါသလဲ။

ဦးဝင်းထိန် ။ ။ သမ္မတတင် မကဘူးလေ၊ cabinet ဝန်ကြီးတွေရော၊ တိုင်းဒေသကြီးတွေနဲ့ ြုပည်နယ်တွေ မှာရှိတဲ့ ဝန်ကြီးချုပ်တွေရော၊ တိုင်းနဲ့ပြည်နယ် အဆင့်ဆင့်မှာရှိတဲ့ အရာရှိတွေကပါ၊ ကျနော်တို့ မြန်မာပြည် မှာ ဒီမိုကရေစီဆန်ဆန်နဲ့ နိုင်ငံရေးလှုပ်ရှားမှုဟာ လူတိုင်းလုပ်နိုင်တဲ့ဒီမိုကရေစီအခွင့်အရေး ဖြစ်တယ် ဆိုတာ ကို၊ သိအောင် သင်ကြားပေးရမယ် ဟောပြောပေးရမယ်၊ သူတို့မှာ MRTV 1, 2, 3, 4 မီဒီယာတွေ ရှိနေတာ တောင်၊ အဲဒီကိစ္စနဲ့ပတ်သက်လို့ ဟောပြောတာ ဘာတစ်ခုမှ မရှိဘူး။ အခု ယုတ်စွအဆုံး မိတ္ထီလာမှာ ကျနော် ဘာရင်ဆိုင်နေရသလဲ ဆိုတော့၊ ဒေါ်အောင်ဆန်းစုကြည်က မတ်လ(၅)ရက်နေ့မှာ မိတ္ထီလာကို လာမယ်။ အခု ချိန်ထိ ဒေါ်အောင်ဆန်းစုကြည် တရားဟောမယ့်နေရာ ခွင့်ပြုဖို့ဟာကို၊ ရွေးကောက်ပွဲကော်မရှင်က မြို့နယ် စည်ပင် (စည်ပင်သာယာရေးကော်မီတီ) ကို လွဲှချတယ်၊ စည်ပင်က မြို့နယ် ထွေ/အုပ် (အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန)ကို လွဲှချတယ်၊ တခါ ထွေ/အုပ်က ကော်မရှင်ကို ပြန် ပြီးလွဲှချတော့၊ ဝိုင်းကြီးပတ်ပတ်ဒူဝေေ၀ ဖြစ်နေတယ်။ သူတို့ပြောတဲ့ အားကစားကွင်းတွေကို နိုင်ငံရေးနဲ့ ပတ်သက်တဲ့ စုဝေးပွဲတွေ စည်းဝေးပွဲတွေ မလုပ်ရဘူး ဆိုတာာကိုကလည်း၊ အဓိပ္ပါယ်ကို မရှိဘူး။ ဘာလို့ ဒီအမိန့်မျိုးတွေ ထုတ်နေရလဲ၊ ယုံကြည်မှုရ အောင် ကြိုးစားနေတယ် ဆိုရင်။ ဒီအမိန့်က ဝန်ကြီးအဆင့်က ထုတ်တာ။ အဲဒီ ဝန်ကြီးတွေက ဦးသိန်းစိန် ပြောနေတာတွေကို လိုက်လုပ်ဖို့ စိတ်မဝင်စားကြလို့လား၊ စိတ်မပါကြတာလား၊ သဘောမတူကြလို့ လား၊ ထင်ရာတွေ ရှောက်လုပ်နေကြတာလား။

ဦးရော်နီညိမ်း ။ ။ အကြောက်တရားတွေ ရှိနေတာက၊ လူထုထဲက grass root level တင်မကဘူး၊ အုပ် ချုပ်ရေးအဆင့်ဆင့်မှာလည်း၊ အောက်ခြေက အထက်က အမိန့်မရရင် ဘာမှမလုပ်ရဲဘူးဆိုတဲ့၊ တပ်မတော် ပုံစံအတိုင်း သွားနေတယ်လို့ ကျနော်ထင်ပါတယ်။ အဲဒီလိုမျိုး ဖြစ်နေတဲ့အထဲမှာမှ၊ အခု အများက ပြန်ပြော တာ တစ်ခုရှိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က သမ္မတဦးသိန်းစိန်အစိုးရနဲ့ ပတ်သက်လို့ အထူးသဖြင့် သမ္မတဦးသိန်းစိန်နဲ့ ပတ်သက်လို့၊ သူပြောခဲ့တဲ့ စကားတစ်ခွန်းက အရမ်းကို ထိရောက်ပါတယ်။ ထိရောက် လို့လည်း နိုင်ငံတကာကလည်း သမ္မတဦးသိန်းစိန်အစိုးရကို အရင်ကထက် ပိုပြီး အလေးထားလာတာကို တွေ့ ရပါတယ်။ အဲဒီစကားက ဘာလဲဆိုတော့၊ ဒေါ်အောင်ဆန်းစုကြည်က သူ့အနေနဲ့ သမ္မတဦးသိန်းစိန်ကို ယုံ ကြည်တယ်လို့၊ ပြောခဲ့တယ်။ ဒါပေမယ့် ပြန်ပြီးထောက်စရာဖြစ်နေတာက သမ္မတဦးသိန်းစိန်ကလည်း “ကျနော်ကလည်း ဒေါ်အောင်ဆန်းစုကြည်ကို ယုံကြည်ပါတယ်” လို့၊ အခုအချိန် အထိ ပြန်မပြောသေးဘူး လို့၊ နိုင်ငံရေးအတိုက်အခံတွေဘက်က ထောက်ပြနေတာ ရှိပါတယ်။ အဲဒီအခါကျတော့၊ ဒီဟာကို ပြေလျော့စေဖို့ ဒီနေ့ သမ္မတဦးသ်န်းစိန် ဒီမိန့်ခွန်းမျိုးကို ပြောသလားလို့တောင်၊ ထင်ရပါတယ်။ ယုံကြည်မှု တည်ဆောက်တာ ဟာ အထက်မှာရှိနေပေမယ့်၊ အောက်ခြေကို မသွားသေးဘူးဆိုတဲ့ သဘောလို့၊ ဦးဝင်းထိန် ထင်မြင်ပါသလား ခင်ဗျ။ အခု လက်တွေ့ကြုံနေရတဲ့ အခက်အခဲတွေ အရ ဆိုရင်။

ဦးဝင်းထိန် ။ ။ ဒေါ်အောင်ဆန်းစုကြည်က ဦးသိန်းစိန်ကို ယုံကြည်တယ်၊ ဆိုတဲ့စကားကို ကျနော်ထောက် လည်း ထောက်ခံတယ်၊ သူ အဲဒီလိုတကယ်ယုံတယ် ဆိုတာကိုလည်း၊ ကျနော်က ယုံကြည်တယ်။ ဘာကြောင့် လဲဆိုတော့၊ ဒေါ်အောင်ဆန်းစုကြည်က ပစ္စလက္ခတ် မပြောဘူး၊ ဘယ်တော့မှ အဓိပ္ပာယ်မဲ့ မပြောဘူး၊ ရှေ့နောက်ဆင်ခြင်ပြီးမှ ပြောတတ်တဲ့ ပုဂ္ဂိုလ် ဖြစ်တာကြောင့် “ဦးသိန်းစိန် ကို ဒေါ်အောင်ဆန်းစုကြည်က ယုံကြည်တယ်” ဆိုတဲ့ စကားကို၊ ကျနော် သဘောပေါက်တယ်။ သို့သော် လည်း ဒေါ်အောင်ဆန်းစုကြည်က အဲဒီလို ယုံကြည်တယ်ဆိုတဲ့ အနေအထားကို၊ ဟိုဘက်က ဘယ်လို တုန့်ပြန်သလဲဆိုတော့၊ တစ်ကျောင်းတစ် ဂါထာ တစ်ရွာတစ်ပုဒ်ဆန်း ဖြစ်နေတယ်။

ဦးရော်နီညိမ်း ။ ။ အကူးအပြောင်းကာလမှာ အဲဒါမျိုးတွေ ဖြစ်တာကိုတော့ အားလုံးက သဘောပေါက် နားလည် ထားကြပါတယ်။ ဦးဝင်းထိန်ကတော့ ၂၀၁၀ ခုနှစ် အလယ်လောက်မှာ ပြန်လွတ်လာတာပေါ့။ ဒါပေမယ့် အခု သမ္မတ ဦးသိန်းစိန်က သူ့ရဲ့သက်တမ်းအတွင်းမှာ နှစ်ကြိမ်လွှတ်ပေးခဲ့တာဟာ၊ အဲဒီအထဲမှာ ပါလာတဲ့ ပုဂ္ဂိုလ်တချို့တွေကို အခု ကြားဖြတ်ရွေးကောက်ပွဲမှာ ပါဝင်စေချင်လို့ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လွှတ် ပေးတာလို့၊ သူ့မိန့်ခွန်းမှာ သူတိတိကျကျ ပြောသွားပါတယ်။ အဲဒါ ကျနော်တို့ မြင်တာကတော့ တိုင်းရင်းသား ခေါင်းဆောင်တွေ၊ ရှစ်လေးလုံးမျိုးဆက်ကျောင်းသားခေါင်းဆောင်တွေ ပါတာကို တွေ့ရပါတယ်။ ဒါပေမယ့် ရှစ်လေးလုံးမျိုးဆက်ကျောင်းသားခေါင်းဆောင်တွေကတော့ အခုလာမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ ပါဝင် ခြင်းမရှိပဲနဲ့၊ နိုင်ငံရေးလုပ်ရင် ထောင်ကျတယ်၊ ထောင်အကျခံရမယ် ဆိုတဲ့ အကြောက်တရားကို ပျောက် အောင်လုပ်တဲ့အနေနဲ့၊ သူတို့က ပွင့်လင်းလူ့အဖွဲ့အစည်းဆိုတာ ဖြစ်ပေါ်ရေးအတွက် တနိုင်ငံလုံးမှာ လှည့် လည်ဟောပြောစည်းရုံးနေတာကို တွေ့ရပါတယ်။ အဲဒီတော့ သူတို့တွေအပေါ်မှာ NLD အနေနဲ့ နိုင်ငံရေးအရ ဘယ်လို မြင်ထားပါသလဲ ခင်ဗျ။

ဦးဝင်းထိန် ။ ။ ကျနော့်အနေနဲ့ ပြောရမယ်ဆိုရင်၊ all inclusive အားလုံးပါဝင်စေချင်တဲ့ ရည်ရွယ်ချက်ရှိ တယ် ဆိုရင်၊ ကြားဖြတ်ရွေးကောက်ပွဲနီးမှ ဘာလို့လွှတ်တာလဲ။ အခု သူတို့မှာ အချိန်လည်း မရှိတော့ဘူး။ အခု ကြားဖြတ်ရွေးကောက်ပွဲနီးမှ လွှတ်လိုက်တဲ့ ကိုမင်းသူတို့ ဒေါ်စန္ဒာမင်းတို့ ကိုဇေယျာသော်တို့ဆိုရင်၊ NLD ကျောထောက်နောက်ခံနဲ့ ရွေးကောက်ပွဲမှာ ပါဝင်နိုင်တာ ဖြစ်ပါတယ်။ အားလုံးပါဝင်စေချင်လို့ လွှတ်ပေး တယ် ဆိုတဲ့ စကားတော့ မသုံးသင့်ဘူး။ “ကျနော်တို့ အမျိုးမျိုးတွက်ချက်ပြီးတော့မှ လွှတ်လိုက်ပါတယ်”လို့ ဦးသိန်းစိန်က ပြောရင်၊ ပိုပြီးတော့ ဆီလျော်ပါ လိမ့်မယ်။

ဦးရော်နီညိမ်း ။ ။ သူပြောတဲ့ all inclusive ကို ဖြစ်စေချင်တယ်ဆိုတာ၊ အကုန်လုံးပါပြီးတော့ အကုန်လုံး ဝိုင်းဝန်းပြီးတော့ တိုင်းရင်းသားခေါင်းဆောင်တွေကော နိုင်ငံရေးပါတီတွေကော အရပ်ဘက်အဖွဲ့ အစည်းတွေ ကော၊ အကုန်လုံးပေါင်းပြီးတော့မှ ဒီတိုင်းပြည်ကြီးကို ကောင်းအောင်လုပ်သွားမယ်၊ ဆိုတဲ့ အနေအထားမျိုးနဲ့ သူက သွားချင်တယ်ဆိုတော့၊ အဲဒီလို သွားလိုတဲ့နေရာမှာ စီးပွားရေးနည်းလမ်းအရ၊ ဆင်းရဲမွဲတေမှု ပပျောက် ရေးဆိုတာကို လုပ်ရမှာ ဖြစ်သလို၊ အစိုးရပိုင်းမှာ ပြပြင်ရမှာတွေ ရှိတယ်လို့၊ သူက ပြောပါတယ်၊ ဝန်ကြီးအဖွဲ့ တွေ အစည်းအဝေးတွေနဲ့ချည့်ပဲ အချိန်မကုန်ဖို့၊ သူတို့ လုပ်ကိုင်နေတာကို စတုတ္ထမဏ္ဍိုင်ဖြစ်တဲ့ မီဒီယာကနေ နိုင်ငံရေးကို ထိန်းကျောင်းသွားလို့ရတယ်ဆိုတဲ့ သဘောမျိုးလည်း သူပြောပါတယ်။ ဒါတွေဟာ အရင်တုန်းက ဒါမျိုး ပြောကြားလေ့ မရှိပဲနဲ့၊ နိုင်ငံကိုအုပ်ချုပ်နေတဲ့ တာဝန်ရှိသူ တစ်ယောက်အနေနဲ့၊ တစ်နှစ်တစ်ခါ ပြည် သူကို အစီရင်ခံတယ်ဆိုတဲ့ အနေအထားမျိုးကော၊ ဦးဝင်းထိန် မြင်ကြည့်လို့ မရဘူးလား ခင်ဗျာ။

ဦးဝင်းထိန် ။ ။ ဒီလို တစ်နှစ်တစ်ခါ တိုင်းပြည်ကို နိုင်ငံ့အခြေအနေရှင်းပြတဲ့ State of the Union (အမေရိကန်သမ္မတက တစ်နှစိတစ်ခါ ပြောကြားသော နိုင်ငံတော်အခြေပြမိန့်ခွန်း) message ဆိုတဲ့ သဘော မျိုးနဲ့ အမေရိကန်ပြည်ထောင်စုမှာလို ပြောတာမျိုး ဆိုတာတော့၊ ပြောသင့်ပါတယ်။ အရင်တုန်းက နှစ်ပေါင်း နှစ်ဆယ်ကျော် လုပ်ချင်သလို လုပ်ခဲ့တဲ့အနေအထားကနေပြီးတော့မှ၊ ကျနော်တို့ ဘာလုပ်နေပါတယ်ဗျ၊ ဘာ လုပ်မှာပါဗျ၊ ဆိုတဲ့ အနေအထားကိုတော့ ကြိုဆိုရမှာပေါ့။ သို့သော်လည်း ပြောတဲ့အခါမှာ အချက်အလက် မှန်ဖို့ လိုတယ်။ ဥပမာ၊ သမ္မတကနေ တိုက်ခိုက်မှုတွေ အားလုံးရပ်ခိုင်းထားတဲ့အခါမှာ၊ မရပ်ပဲနဲ့ ဖြစ်နေတာ ကို၊ ကိုယ့်ကိုယ်ကိုကာကွယ်ရတဲ့ self-defense မျိုးတော့ရှိနေတယ် ဆိုတဲ့ သဘောမျိုး ပြောတာကတော့၊ အဲဒီလို ပြောမယ့်အစား ဒီအကြောင်း လုံး၀ မပြောပဲနေတာ၊ ပိုကောင်းလိမ့်မယ်လို့၊ ကျနော် ထင်တယ်။

ဦးရော်နီညိမ်း ။ ။ နောက်တစ်ခုက တိုင်းရင်းသားအရေးမှာ တိုင်းရင်းသားကိစ္စမှာ၊ ပင်လုံစိတ်ဓါတ်ကိုပဲ အခြေခံပြီး ဆက်လုပ်သွားမယ်လို့ သူက ပြောပါတယ်။ အခု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဒေါ်အောင် ဆန်းစုကြည်ကလည်း၊ သွားလေရာရောက်လေရာမှာ၊ တိုင်းရင်းသားအရေးနဲ့ ပတ်သက်ရင် ပင်လုံစိတ်ဓါတ် ကို ပြောသလိုပဲ၊ တိုင်းပြည်ကို အုပ်ချုပ်နေတဲ့ သမ္မတလို ပုဂ္ဂိုလ်ဆီကလည်း၊ ဒါကိုပဲ ပြောလာတာကို တွေ့ရ ပါတယ်။ ပြည်ထောင်စုလွှတ်တော်မှာ အစိုးရအဖွဲ့အစည်းတွေကော နိုင်ငံရေးပါတီတွေကော တိုင်းရင်းသား အဖွဲ့အစည်းတွေကော လူထုအခြေပြုလူမှုအဖွဲ့ အစည်းတွေကော၊ ဟိုးတုန်းက ပင်လုံစာချုပ်လို တကယ့် သဘောတူလက်မှတ်ရေးထိုးကြပြီး၊ ထာဝရငြိမ်းချမ်းရေးကို ရအောင်လုပ်မယ်လို့၊ သူပြောသွားပါတယ်။ ဒါ ဟာလည်း လွယ်တဲ့ကိစ္စတော့ မဟုတ်ဘူးလို့၊ သူဝန်ခံသွားပါတယ်။ အဲဒီတော့ ဦးဝင်းထိန်အနေနဲ့ အဲဒီအဆင့် ရောက်အောင်လို့အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကကော၊ အစိုးရနဲ့ ဘယ်လောက်ထိ ပူးပေါင်းဆောင် ရွက်နိုင်မယ်လို့၊ ထင်ပါသလဲ ခင်ဗျ။ တိုင်းရင်းသားအရေးမှာ။

ဦးဝင်းထိန် ။ ။ လက်ရှိအစိုးရနဲ့ ပူးပေါင်းဆောင်ရွက်ရေး ဆိုတာထက်ကို၊ ဦးသိန်းစိန်ပြောသွားတဲ့ တိုင်း ရင်းသား တွေနဲ့ စည်းလုံးညီညွှတ်ရေးကို ရအောင်လုပ်ချင်တယ် ဆိုရင်၊ တစ်အချက် - တပ်မတော်ထဲမှာ အရင်တုန်းက ရှိခဲ့တဲ့ ကချင်သေနတ်ကိုင်တပ်ရင်း (၁)(၂)(၃)(၄)၊ ချင်းသေနတ်ကိုင်တပ်ရင်း၊ (၁)(၂)(၃)၊ ရှမ်း သေနတ်ကိုင်တပ်ရင်း၊ (၁)၊ ကယားသေနတ်ကိုင်တပ်ရင်း (၁) စသည်ဖြင့်၊ အဲဒီတပ်တွေကို နံမည်တွေပြောင်း ပစ်လိုက်တာကို၊ မူရင်းနံမည်တွေနဲ့ ပြန်ထားတာမျိုးက အစ၊ ပြန်ပြင်ရပါလိမ့်မယ်။ နှစ်အချက် - တပ်မတော် ထဲမှာကော အစိုးရဝန်ထမ်းတွေထဲမှာကော၊ ခရစ်ယန်မို့လို့ မူဆလင်မို့လို့ ရာထူးမပေးတာတို့ ရာထူးမတိုးတာ တို့ ဆိုတဲ့ အခုလက်ရှိပေါ်လစီတွေကို အရင် ပြင်ရပါလိမ့်မယ်။ အဲဒါတွေလုပ်ပြီ ဆိုရင်တော့၊ တိုင်းရင်းသား တွေနဲ့ စည်းလုံးညီညွှတ်ရေးအတွက် ပထမဆုံးလုပ်တဲ့ ခြေလှမ်းအဖြစ် ကျနော်မြင်ပါမယ်။ နောက်တစ်ချက်က တော့ - လွှတ်တော်ထဲမှာ တိုင်းရင်းသားတွေနဲ့ စည်းလုံးညီညွှတ်ဖို့ အတွက် ပင်လုံညီလာခံလို လုပ်မယ်ဆို တာကတော့၊ ဒေါ်အောင်ဆန်းစုကြည်က NLD မှာ ကြေညာထားတာက၊ ဒုတိယပင်လုံညီလာခံလို လုပ်ပြီး တိုင်းရင်းသားတွေနဲ့ စည်းလုံးညီညွှတ်ရေးကို ကြိုးစားမယ်၊ ဆိုတဲ့ သဘောထားကို၊ ဒါမျိုးကို ငါတို့လုပ်မယ်၊ ငါတို့ လုပ်ပြမယ်၊ ဆိုတဲ့ သဘောမျိုးနဲ့ လုပ်တာပါ။ နောက်တခု ကတော့ ပြည်တွင်းငြိမ်းချမ်းရေး ရအောင် လုပ်ဆောင်နေတဲ့ ကိစ္စတွေ၊ ဦးအောင်သောင်းတို့ ဦးအောင်မင်းတို့ လုပ်တာတွေက လုပ်ပါ၊ ကောင်းပါတယ်၊ အထိုက်အလျောက် ထိရောက်မှုရှိတာလည်း မြင်ရတယ်။ သို့သော်လည်း ဒီကိစ္စနဲ့ပတ်သက်လို့ ဒေါ်အောင် ဆန်းစုကြည်ကို တိုင်းရင်းသားတွေကလည်း လိုလားတယ်။ နောက်ပြီးတော့မှ အစိုးရအဖွဲ့ထဲက တချို့ပုဂ္ဂိုလ် တွေကလည်း လိုလားတယ်။ ဘယ်လို လိုလားတာလဲ ဆိုရင်၊ တိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းရေးရအောင်လို့ ဒေါ်အောင်ဆန်းစုကြည် ပါသင့်တယ် ပါမှဖြစ်မယ်၊ ဆိုတဲ့ အနေအထား ဖြစ်နေတာကို၊ ဒေါ်အောင်ဆန်းစု ကြည် မပါနိုင်အောင် ကန့်ပြီးတော့မှ လုပ်နေတာဖြစ် တဲ့ တွက်ကြောင့်၊ ဦးသိန်းစိန်ပြောတဲ့ စကားကို လုံး၀ လက်ခံဖ်ု့ဆိုတာတော့၊ ကျနော် သဘောမတူဘူး။

ဦးရော်နီညိမ်း ။ ။ ကျနော်တို့ အားလုံးကို ခြုံပြီးတော့ ပြောမယ်ဆိုရင်၊ ဒါတွေ ဒါတွေတော့ တိုင်းပြည်မှာ ဒီအတိုင်းဖြစ်နေပါတယ် ဆိုပြီးတော့၊ ဦးသိန်းစိန်ရဲ့ မိန့်ခွန်းထဲမှာ သူဝန်ခံသွားတယ်။ ဒါတွေကို ပြုပြင်ပြောင်း လဲချင်လို့ အခုက စပြီးတော့၊ သက်ဆိုင်ရာအဖွဲ့အစည်းတွေကော သူ့အစိုးရအဖွဲ့ဝင်တွေကိုကော၊ ပြောင်းကြပါ လုပ်ကြပါ တကယ်ပဲ ပြောင်းလဲရေးတွေကို သွားကြပါဆိုပြီး၊ သူ့ဘက်ကနေ တိုက်တွန်းနှိုးဆော်နေတဲ့ သဘောရှိနေတယ်လို့ကော၊ အကောင်းမြင်တဲ့အနေနဲ့ကော မြင်ကြည့်လို့ မရဘူးလားခင်ဗျာ။ တပ်မတော်ကိစ္စ တွေ အပါအဝင် ဒါတွေကို အကောင်းဘက်ကို ရောက်အောင်၊ သူ့အနေနဲ့ တွန်းအားပေးတဲ့အနေနဲ့ ပြပြင် ပြောင်းလဲရေးတွေအတွက်၊ သူ့အဖွဲတွေကိုပဲ ပိုပြီးလုပ်စေချင်လို့ ပြောတယ်လို့ကော၊ မြင်ကြည့်လို့ မရဘူး လား ခင်ဗျ။

ဦးဝင်းထိန် ။ ။ အဲဒီလိုလည်း မြင်နိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့၊ သမ္မတလုပ်တဲ့လူက အဲဒီလိုတွေ ပြောလာပြီ ဆိုတော့၊ နောက်နှစ်ဆိုရင်တော့ အခြေအနေတွေ ဒီ့ထက်များ ပိုပြီးကောင်းလာမလားလို့၊ ကျနော်တို့ မျှော်မှန်းရတာ ပေါ့ ခင်ဗျာ။

ဦးရော်နီညိမ်း ။ ။ ၁၉၆၇ ခုနှစ်မှာ စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ် (၉) ကနေ ကျောင်း ဆင်းခဲ့သူ၊ နိုင်ငံတော်သမ္မတ အငြိမ်းစားဗိုလ်ချုပ်ကြီး ဦးသိန်းစိန် မတ်လ (၁)ရက်နေ့က ပြောကြားသွားခဲ့တဲ့ မိန့်ခွန်းအပေါ်၊ ၁၉၆၃ ခုနှစ်မှာ စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ် (၅) ကနေ ကျောင်းဆင်းခဲ့ သူ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ မိတ္ထီလာမြို့ မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း အငြိမ်း စားဗိုလ်ကြီး ဦးဝင်းထိန်ရဲ့ ပြောဆိုချက်တွေကို၊ တင်ဆက်ပေးခဲ့တာပါ ခင်ဗျာ။ ကျနော် ရော်နီညိမ်းပါ။

XS
SM
MD
LG