သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရေကြည်အိုင်မှာ ရေတိမ်နစ်ခဲ့ရတဲ့ ဖက်ဆစ်တော်လှန်ရေး အထက်မြန်မာပြည်တိုင်း စစ်ရေးတာဝန်ခံ ဗိုလ်မှူးကြီးဗထူးရဲ့သား ဗိုလ်ကြီးမြင့်ထူး - အပိုင်း(၁)


တပ်မှူးတပ်သား ပြောစကား (၁၁၁)

ဗီအိုအေ ။ ။ ၂၀၁၂ မေ (၅)

အခုအခါမှာ ပြည်ပမှာ အခြေစိုက်တဲ့ “မြန်မာနိုင်ငံမျိုးချစ်စစ်သည်ဟောင်းများအစည်းအရုံး” ရဲ့ ဥက္ကဌ အဖြစ် တာဝန်ယူနေတဲ့ ဗိုလ်ကြီးဟောင်း ဦးခင်မောင်ညွှန့်ဟာ မေမြို့စစ်တက္ကသိုလ်ဗိုလ်သင်တန်း အပတ်စဉ်(၁) ကနေ ကျောင်းဆင်းပြီးတော့ တပ်မတော်(ကြည်း)ရဲ့အရာရှိငယ် တစ်ယောက်ဖြစ်လာခဲ့ပါတယ်။ ဗိုလ်ကြီးဟောင်းဦးခင်မောင်ညွှန့်က ဗီအိုအေ မြန်မာပိုင်းရဲ့ တပ်မှူးတပ်သား ပြောစကား ကဏ္ဍမှာ သူပြောပြ ချင်တဲ့ အကြောင်းကတော့ သူ့ရဲ့ဘဝမှာ အချစ်ခင်အရင်း နှီးဆုံး မိတ်ဆွေသူငယ်ချင်းဖြစ်ခဲ့တဲ့ ဗိုလ်ကြီးမြင့် ထူး အကြောင်းလို့ဆိုပါတယ်။ OTS ဗိုလ်သင်တန်း အပတ်စဉ်(၂၆)က နေဆင်းတဲ့ ဗိုလ်ကြီးမြင့်ထူးဟာ ဖက်စစ်ဂျပန်တော်လှန်ရေးကာလမှာ ဗမာ့ကာကွယ်ရေးတပ်မတော် စစ်သေနာပတိ ဗိုလ်ချုပ်အောင်ဆန်း အလွန်အားထားခဲ့ရတဲ့ အထက်ဗမာပြည်တိုင်း စစ်ရေးတာဝန်ခံ ဗိုလ်မှူးကြီးဗထူးရဲ့သား ဖြစ်ပါတယ်။ အခုအ ခါ ခေတ်သစ်မြန်မာ့တပ်မတော်ရဲ့ စစ်သင်တန်းကျောင်းတွေရှိရာ ဗထူးတပ်မြို့ဟာ ဗိုလ်မှူးကြီးဗထူးကို ဂုဏ်ပြုပြီး မှည့်ခေါ်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ဗိုလ်ကြီးမြင့်ထူးကတော့ ၁၉၆၀ခုနှစ်တွေရဲ့ အလယ်လောက်မှာ တပ် မတော်ခေါင်းဆောင်ဟောင်းတွေ ဖြစ်ကြတဲ့ ဗိုလ်မှူးချုပ်ဟောင်း အောင်ကြီးနဲ့ ဗိုလ်မှူးကြီးဟောင်း ကြည်မောင်တို့ကြံစည်ခဲ့ကြတဲ့ တပ်တွင်းပုန်ကန်မှှုမှာ ပါဝင်ခဲ့တယ် ဆိုပြီးတော့ စစ်ထောက်လှမ်းရေးရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရပါတယ်။ နောင်အခါမှာ မျက်မှန်တင်ဦး၊ လန်ဘားတင်ဦး ဆိုတဲ့ နာမည်ဆိုးတွေနဲ့ကျော်ကြားခဲ့သူ အဲဒီအချိန်က ဗဟိုထောက်လှမ်းရေးတပ်ရဲ့တပ်မှူး ဒုတိယဗိုလ်မှူးကြီးတင် ဦးရဲ့ ရေကြည်အိုင်က အကျဉ်းထောင်မှာ ဗိုလ်ကြီးမြင့်ထူးဟာ လူမသိ သူမသိ အပြင်းအထန် နှိပ်စက်ညှင်း ပန်းခံရပြီးတော့ ရေတိမ်နစ်သွားခဲ့ရပါတယ်။ အဲဒီအချိန်မှာပဲ ရေကြည်အိုင်အကျဉ်း ထောင်ထဲက နောက် တစ်နေရာမှာ ညှင်းပန်းနှိပ်စက်ခြင်းခံနေရတဲ့ ဗိုလ်ကြီးဟောင်း ဦးခင်မောင်ညွှန့်ဟာ ဗိုလ်ကြီးမြင့်ထူး တစ်ယောက် ရေကြည်အိုင်မှာပဲ ကျဆုံးသွားခဲ့ရတယ်ဆိုတာကို နောက်ပိုင်းမှ သိရှိခဲ့ရပါတယ်။ ဦးခင်မောင် ညွှန့်နဲ့ အပြန်အလှန် မေးမြန်းပြောဆိုထားတဲ့ ဒီသီတင်းပတ်ရဲ့ တပ်မှူးတပ်သားပြောစကား အစီအစဉ်ကို တင်ဆက်လိုက်ပါ တယ် ခင်ဗျာ။

ဦးခင်မောင်ညွှန့်။ ။ အန်ကယ်တို့ပထမအပတ်ဗိုလ်လောင်း သင်တန်းပေါ့လေ စစ်တက္ကသိုလ်က ဆင်း တဲ့နေ့ကတော့ ၁၉၅၉ခုနှစ် ဇွန်လ(၁)ရက်နေ့ဖြစ်ပါတယ်။ ၁၉၅၉ ပေါ့နော် ဒီဇင်ဘာလ တတိယ ပတ်လောက်မှာ အမှတ်(၆) ဗမာ့သေနတ်ကိုင်တပ်ရင်းကို ရောက်သွားပြီးတော့ ၁၉၆၃ …မေမြို့မှာ ဗဟို အချက်ပြ ဆက်သွယ်ရေးသင်တန်း ကျောင်း ဆိုတာရှိတယ်။ အဲဒီမှာ ခြေလျင်တပ်ရင်း ဆက်သွယ်ရေး အရာရှိသင်တန်းကို ကျနော်တို့တက်ရပါတယ်။

ဦးရော်နီညိမ်း ။ ။ ဟုတ်ကဲ့၊ အဲဒီမှာ ဗိုလ်ကြီးမြင့်ထူးနဲ့တွေ့တာလား ခင်ဗျ။

ဦးခင်မောင်ညွှန့်။ ။ ဟုတ်ပါတယ်ခင်ဗျ၊ ဟုတ်ပါတယ်။ အဲဒီသင်တန်းမှာ ကျနော်တို့ခြေလျင်တပ် ရင်းတွေကနေ ပေါ့၊ သူတို့ ပို့ပေးတဲ့ စီနီယာ တပ်စုမှူးတွေပေါ့ခင်ဗျား။ အဲဒီတုန်းကတော့ Lieutenant / Senior Lieutenant ပေါ့နော်။

ဦးရော်နီညိမ်း ။ ။ ဟုတ်ကဲ့၊ အဲဒီတော့ ဗိုလ်ကြီးမြင့်ထူးက အဲဒီအချိန်မှာ ဗိုလ်အဆင့်လား၊ ဗိုလ်ကြီး အဆင့်လား ခင်ဗျ။

ဦးခင်မောင်ညွှန့်။ ။ ဗိုလ်အဆင့်မှာပါပဲ ခင်ဗျ။ အဲဒီမှာ ကျနော်တို့အရာရှိက (၂၀)ကနေ (၂၃) ယောက်လောက် ရှိမယ် ထင်တယ်။

ဦးရော်နီညိမ်း ။ ။ ဟုတ်ကဲ့၊ ဗိုလ်ကြီးမြင့်ထူးက ဘယ်တပ်ရင်းကနေ လာတက်တာလဲ ခင်ဗျ။

ဦးခင်မောင်ညွှန့် ။ ။ သူက သာယာဝတီ အမှတ်(၂၅) ခြေလျင်တပ်ရင်းကပါ ခင်ဗျား။ သူ့ကို ဗိုလ်မှူးကြီး ဗထူးရဲ့ သားဆိုတာလည်း ကျနော်တို့ကမသိဘူးခင်ဗျ။ သိချင်တော့ တစ်နေ့မှာ၊ ကျနော်တို့က နောင်ခန်း ကြီးဘုရားပေါ် လမ်းလျှောက်ရအောင်ဆိုတော့ ကျနော်တို့တွေ လမ်းလျှောက်ရင်းနဲ့သူပြောတာက ကျနော့် အဖေဟာတဲ့ ဖက်ဆစ်ဂျပန် တော်လှန်ရေးမှာ အထက်ဗမာပြည်တိုင်းရဲ့ တိုင်းမှူး ဗိုလ်မှူးကြီးဗထူး ဆိုတာ ခင်ဗျား ကြားဖူးမှာပေါ့တဲ့။ ငှက်ဖျားရောဂါနဲ့ပဲ အဲဒီတော်လှန်ရေးကာလ အတောအတွင်းမှာ ကလော၊ အောင် ပန်း ဧရိယာဘက်မှာပေါ့ဗျာ နော်။ အဲဒီဘက်မှာ တာဝန်ယူနေရင်းနဲ့ကျဆုံးသွားတယ်တဲ့။ သူ နောက်ဆုံး ကျနော့်အမေနဲ့ ကျနော်တို့ကို လာတွေတဲ့အချိန်မှာ ကျနော် က (၅)နှစ်သား (၆)နှစ်သားလောက်ပဲ ရှိသေး တယ်တဲ့။ နောက် သူသွားမယ့်နေ့ကျတော့ အမေ့ကို ပြောတယ်ပေါ့လေ။ သူ ဘာပြောသလဲ၊ ကျနော် ဘယ် မှတ်မိမလဲဗျာ တဲ့။ (၅)နှစ်သား (၆)နှစ်သား ကိုးတဲ့။ အမေက ကျနော် (၈)တန်း လောက်ရောက်တဲ့ အချိန် ကျတော့၊ အဖေက ဘာမှာခဲ့တယ် ဆိုတာ သူက ပြောပြတာ။ အေး အဲဒီတော့ ငါ့သားတွေ သမီးတွေ ကိုတော့ ငါပေါ့လေ၊ ဘယ်တော့မှ ပြန်တွေ့နိုင်မလဲ၊ ဘာမှကို မရေရာဘူး။ သို့သော်လည်း ငါ့သား ကြီး မြင့်ထူး ကိုတော့ သူ လူလားမြောက်လာတဲ့ အချိန်မှာပေါ့လေ၊ ငါအကယ်၍ ပြန်မလာနိုင်ရင်ပေ့ါလေ။ သူ့အဖေကနေ မှာခဲ့ တယ် ဆိုတာ တစ်ခုကို ပြောပေးပါလို့၊ ကျနော့်အဖေက ကျနော့်အမေကို ပြောတယ် တဲ့၊ ငါ့သားကြီးကိုပေါ့လေ၊ လူလားမြောက်လာတဲ့အချိန်မှာ ဘာပဲဖြစ်ဖြစ် အဖေ့ရဲ့သမိုင်းကိုပေါ့လေ၊ အစဉ် အလာကို ထိန်းတဲ့အနေနဲ့တပ်ထဲကိုဝင်၊ ဝင်ပြီးတော့ နိုင်ငံနဲ့ပြည်သူကို အကျိုးပြုပါ၊ အဲဒါ အဖေမှာ တယ်ပေါ့ လေ။ သူ့ကိုမှာထားတဲ့ အကြောင်းကို သူ့အမေကနေ သူ(၈)တန်းရောက်တဲ့ အချိန်ကျမှ ဒီအကြောင်းကို ပြောပြတာ။ ဘာပဲဖြစ်ဖြစ် ကျနော် အခုတပ်ထဲကို ရောက်နေပြီ၊ တပ်မတော်အရာရှိ လည်း ဖြစ်နေပြီ ဆိုတော၊့ အဖေ့ဆန္ဒကို ကျနော် ဖြည့်ဆည်းနိုင်သရွေ့တော့ ဖြည့် ဆည်းနေပါပြီတဲ့၊ ဒါပေမယ့် ဆက်ပြီးတော့ ဖြည့်ဆည်းစရာတွေကိုတော့ ကျနော် ဖြည့်ဆည်းဦးမှာပါပဲတဲ့၊ အဲဒီလိုသူ ပြော တယ် လေ။ အဲဒါနဲ့ပဲ ကျနော်နဲ့ သူ အဲဒီနေ့ကစပြီး တော်တော်ကို ခင်သွားကြတယ် ခင်ဗျ။ သူ့ရဲ့ထူးခြား ချက်က ဘာလဲဆိုရင် သူက အေးအေးဆေးဆေး တည်တည်ငြိမ်ငြိမ် ရှိတယ် ခင်ဗျ၊ နောက်ပြီးတော့ တကယ့် officer တစ်ယောက်ရဲ့ အပြုအမူ အနေအထိုင် အတိုင်းပဲ သူနေတာပဲ ခင်ဗျ။ သာမန်ကာ ရှန် ကာ နေတာတော့ မဟုတ်ဘူးခင်ဗျ။

ဦးရော်နီညိမ်း ။ ။ ဟုတ်ကဲ့ ခင်ဗျ။ အဲဒီတော့၊ သူနဲ့ဗိုလ်မှူးချုပ်အောင်ကြီးနဲ့ပေါ့နော်၊ အဲဒီအချိန်က ဒီအငြိမ်းစား ဗိုလ်မှူးချုပ်အောင်ကြီးပေါ့၊ ကျနော်တို့ တော်လှန်ရေးကောင်စီဝင် အဖြစ်က ရပ်စဲခံရ ပြီးတော့ မေမြို့မှာ လာရောက် နေထိုင်နေတဲ့ အငြိမ်းစား ဗိုလ်မှူးချုပ်အောင်ကြီး နဲ့ ဗိုလ်ကြီးမြင့်ထူးနဲ့ဘယ် လိုများ ဆက်နွယ်ပတ်သက်မှု ရှိလို့ပါလဲ ခင်ဗျ။

ဦးခင်မောင်ညွှန့်။ ။ ဟုတ်ကဲ့၊ အတိုချုံး ပြောမယ်ဆိုရင်ဗျာ၊ သူက စစ်တပ်ကအာဏာ သိမ်းထားတာကို လည်း မကြိုက်ဘူးခင်ဗျ။ နောက်ပြီးတော့ ဘာပဲဖြစ်ဖြစ် အရင်တုန်းက ရှိတဲ့ လွတ်လပ်ခွင့်တွေပေါ့၊ ပြည် သူတွေရထားတွေ အခု မရှိဘူး၊ နောက်ပြီးတော့ ကုန်ဈေးနှုန်းတွေ ကြီးလာတာတွေရယ်၊ မှောင်ခို စနစ်ကြီး ဖြစ်လာတာတွေ ရယ်၊ အဲဒါ ကျနော်တို့ကလည်း အချိန်လေး အားတုန်းပြုတုန်းမှာ ညနေပိုင်းတို့ ညပိုင်းတို့မှာ အချိန်လေးရရင် ရသလို ပြောကြပြု ကြ၊ တိုင်းပြည်အခြေအနေကိုလည်း သဘောမကျဘူး။ ကျနော်တို့လို ပေါ့ဗျာ၊ အဲဒီတုန်းက ကျနော်တို့ကတော့ professional soldier ဆိုတာ ကိုယ့်တိုင်းပြည်ကို ကိုယ့်လူမျိုးကို ကာကွယ်မယ်၊ ဒါပဲရှိတာပဲ။ အဲဒီလို အနေအထားကနေ အခုက တိုင်းပြည်ကို တပ်မတော် ကနေ အစစအရာရာချုပ်ကိုင်လိုက်တဲ့ အချိန်ကျတော့ ကျနော်တို့ကော သူ ကော၊ သူလည်း ခြေလျင်တပ် ရင်းပေါ့ infantry ကျနော်တို့လည်း infantry ဆိုတော့ ကျနော်တို့က ကျေးရွာတွေ တောကြားတောင်ကြား ထဲမှာ ရောက်တယ်။ လူထုကို ဘယ်လို ခံစားနေရတယ် ဘယ်လောက်အခက်ခဲရှိနေတယ် ဆိုတာသိတော့ အခြေအနေတွေကို ကျနော်တို့သိပ်မကြိုက်ကြဘူးဗျ။ အဲဒီကြားထဲမှာလဲ ကျနော်တို့ဟိုတုန်းကတော့ ဒုကာကွယ်ရေးဦးစီးချုပ်ပေါ့၊ ဗိုလ်ချုပ်ကြီးနေဝင်းပြီးလို့ရှိရင် ဒုတိယပုဂ္ဂိုလ် ဗိုလ်မှူးချုပ်အောင်ကြီးက လည်း နှုတ်ထွက်သွားတယ်ဗျ။ နောက်ကျတော့ သူ့ကို မချမ်းဘောကို နှင်တဲ့သဘောမျိုးပေါ့၊ အဲဒီမှာ မချမ်းဘောရောက်ပြီးတော့ နေနေတယ်။ နေနေပြီးတော့နောက် ကျနော်တို့မေမြို့ကိုရောက်ပြီး တစ်လလောက်အကြာမှာ ဒီလိုပဲ ဗိုလ်မှူးချုပ်အောင်ကြီး က အခု မေမြို့ကို ရောက်လာပြီ၊ မေမြို့ မာလာ လမ်းက (ခုတော့ ဆုံးသွားပါပြီ) စာရေးဆရာ တက်တိုး၊ ဒေါ်နုယဉ်တို့ရဲ့ တိုက်ကလေး အဲဒီမှာ ရောက်နေပြီ လို့ကြားတာ။ ကိုမြင့်ထူး ပြောပြတာ။ ကျနော့် အဖေဗျာတဲ့ ဂျပန်တော်လှန်ရေးမှာ ကွယ်လွန်သွားပြီး တဲ့နောက်ပိုင်းက စပြီးတော့တဲ့ ကျနော့်အမေရယ် ကျနော့်နှမလေးရယ်ပေါ့နော်။ ကျနော့် ညီတစ်ယောက် ရယ် အဲဒါကို ဗိုလ်မှူးချုပ်အောင်ကြီးပဲ ထောက်ပံ့ပြီးတော့ ကျနော်တို့ပညာသင်ကြားရေးစားရိတ်တွေ ဘာတွေ သူက ကူညီတာတဲ့။ ဒီလိုဆိုရင်တော့ ကျနော် သွားတွေ့ရမယ်တဲ့။ ကျနော်တို့ကတော့ဗျာ၊ ဗိုလ် ချုပ်အောင်ကြီးဆိုတာ ဘယ် ကျနော်တို့က တပ်စုမှူးအဆင့်နဲ့ သူနဲ့ဆို အများကြီးကွာတာ ပေါ့။ ကျနော်တို့ ထဲက ကိုသောင်းဆိုတာ Best Cadet ကတော့၊သူ က ADC (Aide-De-Camp ကိုယ်ရေးအရာရှိ) ပေါ့ဗျာ။ သူတစ်ယောက်ပဲ ဗိုလ်ချုပ်အောင်ကြီးနဲ့ နီးနီးကပ်ကပ် နေရတယ်။ တစ်နေ့ကျတော့ စနေတနင်္ဂနွေ ရောက် သွားတော့ ဗိုလ်မှူးချုပ်အောင်ကြီးဆီ ရောက်ရောက်ချင်း သူက ပြောတယ်ခင်ဗျ၊ ကျနော်တို့ကို သတိပေး တယ်။ မင်းတို့အရမ်းအရမ်း ငါ့အိမ်ကိုမလာနဲ့ကွတဲ့၊ ဘာလို့ဆို မင်းတို့က တပ်ထဲမှာ ရှိတဲ့ကောင်တွေ မင်း တို့ကို အန္တရာယ်ဖြစ်လိမ့်မယ်။ ငါ့ဘေးပတ်ဝန်း ကျင်မှာတဲ့ ထောက်လှမ်းရေး က အမြဲတမ်း ချထားတယ်တဲ့။ ကိုမြင့်ထူးကလည်း၊ ကျနော့် ထောက်ပံ့ကြည့်ရှုထားတဲ့ပုဂ္ဂိုလ်ပဲ ကျနော် လာတွေ့ရမှာ ပေါ့တဲ့၊ အေးတဲ့ မင်း တို့ တတ်နိုင်ရင်တော့ကွာ သိပ်သိပ် မလာကြနဲ့၊ မင်းတို့ ဒုက္ခဖြစ်မှာစိုးလို့ပါတဲ့။ ဒါပေမယ့်လည်း ကျနော်တို့ က ဆက်ဆက်ပြီး စနေတနင်္ဂနွေ လာတာကိုး။ အဲဒီလိုနဲ့နေရင်းနေရင်းနဲ့ပေါ့နော်၊ နောက်(၂)လ (၃)လ လောက်နေတော့ (အခု တော့ကွယ်လွန်သွားပါပြီ) NLDက ဒုတိယဥက္ကဋ္ဌ ဗိုလ်မှူးကြီးကြည်မောင် သူ ကလည်း ရောက် လာတယ်။ ဗိုလ်မှူးကြီးကြည်မောင်က ကျနော်တို့ရဲ့ဧရာဝတီတိုင်းမှာ သူက တိုင်းမှူးပေါ့ ခင်ဗျာ။ အနောက်တောင်တိုင်း တိုင်းမှူး၊ ဒါပေမယ့် တိုင်းမှူးနဲ့ကျနော်တို့ တပ်စုမှူးအဆင့်ဆိုတာ အင်မတန်မှ ကွာခြားတာပေါ့နော်။ သို့သော်လည်း သူကလည်း ပွင့်ပွင့်လင်းလင်း စကားပြောရင်းနဲ့မှ သူ့ အကြောင်းတွေ ပြောပြ၊ သူ့ခံစားချက်တွေ ပြောပြပေါ့နော်။ အဲဒီတော့မှ ကျနော်တို့က သူတို့ဆီကနေ အပြင်လောကက လူတွေ မသိနိုင်တဲ့ အချက်အလက်တွေ ကျနော်တို့ သိလာရ တာပေါ့။ ၆၂ ခုနှစ် အာဏာ သိမ်းတာတို့၊ တပ်ထဲမှာ တော်လှန်ရေးကောင်စီအတွင်းမှာ ဖြစ်ပျက်တာတို့၊ စီးပွားရေး မူကိစ္စတွေနဲ့ ပတ် သက်ပြီးတော့ အချင်းများကြတာတို့၊ နောက် ငွေစက္ကူ ရာတန်ငါးဆယ်တန်တွေ သိမ်းတဲ့ကိစ္စတွေ အမျိုး စုံပေါ့ ဗျာ။ နောက်ပြီး ဂျပန်စစ်လျော်ကြေး သွားပြီးတော့ တောင်းတဲ့အခါမှာ ဖြစ်တဲ့ပြဿနာတွေ၊ အဲဒါတွေ ကျနော်တို့သိခဲ့ရတယ်။ ဗိုလ်မှူးကြီးကြည်မောင်က ဘာပြောလဲဆိုတော့ သူက ဗိုလ်နေဝင်းတို့လုပ်တဲ့ ဆို ရှယ်လစ်လမ်းစဉ်ဆိုတာလည်း ကျုပ်က မယုံကြည်ဘူးတဲ့ အလကားပဲတဲ့၊ လုပ်နည်းလုပ်ဟန်တွေလည်း ကျုပ် မကျေနပ်ဘူးတဲ့၊ အဲဒီတော့ ကျုပ်က ဘာမှကို participate မလုပ်ဘူးတဲ့။ အဲဒီတော့ ကျုပ်ကိုလည်း ချဉ်တာပေါ့တဲ့၊ ချဉ်တော့ ကျုပ်က ဘာပဲဖြစ်ဖြစ် ထွက်လိုက်တယ်တဲ့၊ အဲဒီလို ပြောတယ်။ အဲဒီတော့ သင် တန်းတွေ ဘာတွေ ပြီးတော့ပေါ့ဗျာ၊ ကျနော်တို့ လည်း ကျနော်တို့မိခင် တပ်ရင်း ပြန်ရတာပေါ့။ ဗိုလ်မှူးကြီး ကြည်မောင်ကလည်း သူကလည်း ရန်ကုန်ပြန်ဖ့ို အကြောင်း ဖန်လာတယ်။ သူက ရန်ကုန်မှာ သူ့အိမ် (၄၉) လမ်း အိမ်နံပါတ် ဘယ်လောက်ဘယ်လောက် ရေကျော်မှာ၊ အဲဒါလာပါ ဝင်ပါ၊ ပြုပါ၊ ထွက်ပါ ပြောတော့ ကျနော်ကလည်း တပ်ရင်းက မအူပင်မှာဆိုတော့ ရန်ကုန်ကိုဖြတ်ဖြတ်ပြီး ပြန်ရတာကိုး။ ကိုမြင့်ထူးကလည်း သူ့တပ်က သာယာဝတီမှာဆိုတော့ ရန်ကုန်ကိုပဲ ဖြတ်ပြီးတော့ သာယာဝတီ သွားရတာကိုး၊ အဲဒီတော့ ရန်ကုန်မှာ ကျနော်တို့ ရပ်နားနေတုန်း တစ်ရက် နှစ်ရက်လောက် နေရတယ်ဆိုရင်၊ ဗိုလ်မှူးကြီးကြည်မောင် ကို ကျနော်တို့သွားပြီးတွေ့၊ တိုင်းပြည်အခြေအနေတွေကို ကျနော်တို့ ပြောကြ ဆိုကြပေါ့လေ။

ဦးရော်နီညိမ်း ။ ။ ဟုတ်ကဲ့ အန်ကယ်၊ ကျနော်ဒီနေရာမှာ တစ်ခု ဖြတ်မေးချင်လို့။ အန်ကယ်တို့ အဲဒီတော့ ဗိုလ်မှူးချုပ်ဟောင်းအောင်ကြီးရယ် ဗိုလ်မှူးကြီးဟောင်းကြည်မောင်ရယ်၊ အန်ကယ်တို့ ရယ်ပေါ့ နော်။ အန်ကယ်တို့က တပ်ထဲမှာ ဆက်ရှိနေပြီးတော့ သူတို့က အပြင်ရောက်သွားပြီ၊ သူတို့နဲ့ ပူးပေါင်းပြီးတော့၊ စနစ်တကျ လျှို့ဝှက်တဲ့ အဖွဲ့အစည်းတစ်ခုမျိုးဖွဲ့ပြီးတော့၊ တိုင်းပြည်အတွက် တစ်ခုခု လုပ်မယ်ဆိုတဲ့ အနေအထား ရှိခဲ့ပါသလား ခင်ဗျ။

ဦးခင်မောင်ညွှန့်။ ။ အဲဒါတော့ ဒီလိုရှိတယ်ခင်ဗျ၊ အဲဒီအချိန်မှာလည်း MI (Military Intelligence - စစ်ထောက်လှမ်းရေး)က တော်တော်ကို နေရာတကာမှာပေါ့ဗျာ၊ အင်မတန်မှ သြဇာအာဏာကြီးပြီးတော့ ရှိနေတယ်ဆိုတော့၊ တပ်ထဲကလူတွေက အထူးဂရုစိုက်ရတော့တာပေါ့ဗျာ။ ကိုယ့်အမြင်ကိုယ့်အယူအဆ ကိုယ့်ယုံကြည်ချက်ကတော့ ရှိကြတာပဲ။ ဒါပေမယ့် လှုပ်ရှားမှုတွေမှာတော့ ကျနော်တို့နဲ့အဲဒီတုန်းက အနီး ကပ်ဆုံးရှိနေတဲ့ အထူးသဖြင့်ကတော့ ဗိုလ်မှူးကြီးကြည်မောင်ပေါ့ဗျာနော်၊ ၁၉၆၄ခုနှစ် ကုန်ခါနီးပိုင်း အခြေ အနေမှာတော့ တော်တော်ကို မြေအောက်လှုပ်ရှားမှုတွေက တော်တော်များများဖြစ်နေပြီပေါ့ဗျာ။

ဦးရော်နီညိမ်း ။ ။ ဗိုလ်ကြီးဟောင်း ဦးခင်မောင်ညွှန့်ရဲ့ ပြောစကားတွေကို တပ်မှူးတပ်သား ပြော စကား အစီအစဉ်မှာ ဆက်ပြီး တင်ဆက်သွားမှာ ဖြစ်ပါတယ်ခင်ဗျာ။ ကျနော် ရော်နီညိမ်းပါ။

XS
SM
MD
LG