သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်သည်တော်ကျင့်ဝတ်(၆၀) တပ်မတော်မှာ ရှိသေးရဲ့လား


တပ်မှူးတပ်သား ပြောစကား (၀၁၈)

မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးနောက်ပိုင်း ခေတ်သစ် မြန်မာ့တပ်မတော်မှာ စစ်သည်တော်ကျင့်ဝတ်တွေကို အတိအကျ ပြဌာန်းခဲ့ပြီး အရာရှိစစ်သည်တွေအနေနဲ့ စစ်သည်တော်ကျင့် ဝတ်တွေကို အပြည့်အဝလိုက်နာစောင့်ထိန်းကြဘို့ အထက်တပ်မှူးအဆင့်ဆင့်တွေက အမြဲလိုသွန်သင်ဆုံးမခဲ့ကြပါတယ်။ စစ်သည်တော်ကျင့်ဝတ်ပေါင်း(၆၀)ကို အခုအခါ တပ်မတော် ထဲမှာ တည်ဆဲ ပြဌာန်းထားဆဲပဲလားလို့ အငြိမ်းစား ဒုတိယဗိုလ်မှူးကြီးအေးမြင့်နဲ့ ဗီအိုအေဝိုင်းတော်သား ဦးရော်နီညိမ်းတို့ မေးမြန်းဆွေးနွေးထားကြပါတယ်။ ၁၉၆၁ခုနှစ် OTS ဗိုလ် သင်တန်းအပတ်စဉ်(၂၆)က ဆင်းပြီး အေ့ရှ မြောက်တိုင်းစစ်ဌာနချုပ်မှာ စစ်ဦးစီးမှူး(ပထမတန်း) တာဝန်ထမ်းဆောင်ခဲ့သူ နဲ့ “မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး” ABSDF ကျောင်းသားတပ်မတော်ရဲ့ လေ့ကျင့်ရေးမှူးချုပ် တာဝန်ယူခဲ့သူလည်း ဖြစ်တဲ့ အငြိမ်းစား ဒုတိယဗိုလ်မှူးကြီးအေးမြင့်ရဲ့ပြောစကားတွေကို၊ ဒီတစ်ပတ် “တပ်မှူးတပ် သား ပြောစကား” အပတ်စဉ်ကဏ္ဍမှာ ထုတ်လွှင့်လိုက်ပါတယ်။

ဦးရော်နီညိမ်း။ ။ ဗိုလ်မှူးကြီးအေးမြင့်တို့ခေတ်က စစ်သည်တော်ကျင့်ဝတ်နဲ့ ပတ်သက်ပြီးတော့ အထက်တပ်မှူးတွေက အောက်ကတပ်မှူးတွေကို ဘယ်လိုများ ညွှန်ကြားသွန် သင်ပြီးတော့ ဒီအောက်က တပ်မှူးတပ်သားတွေကလည်း စစ်သည်တော်ကျင့်ဝတ်ပေါ်မှာ လိုက်နာကြဖို့အတွက် လိုလိုလားလား ရှိခဲ့သလဲ ဆိုတာကို နည်းနည်းရှင်းပြပေးပါ ခင်ဗျား။

ဒုတိယဗိုလ်မှူးကြီး အေးမြင့်။ ။ ကျနော်တို့ တပ်ထဲရှိစဉ်တုန်းကတော့ စစ်သည်တော်ကျင့်ဝတ်ဆိုတာ ကာကွယ်ရေးဦးစီးချုပ်ပေါ့ဗျာ။ စစ်ဦးစီးချုပ် အဲဒီတုန်းက ဗိုလ်ချုပ်ကြီးနေ ဝင်းကိုယ်တိုင်က သတ်မှတ်ညွှန်ကြားပြီးတော့ ပြဌာန်း ထုတ်ဝေထားတဲ့ စစ်သည်တော်ကျင့်ဝတ် (၆၀) ပါ။ လူတိုင်း အရာရှိ အရာခံ အကြပ် တပ်သားတိုင်း အားလုံးကို လိုက်နာဖို့ အ တွက်ကို သူကိုယ်တိုင်က သေသေချာချာ ကွပ်ကဲမှုအဆင့်ဆင့်ကို စေ့ဆော် သွန်သင် ညွှန်ကြားခဲ့တယ် ခင်ဗျ။ အဲ..ဦးစီးချုပ် ကိုယ်တိုင်ကတော့ သူကိုယ်တိုင် ညွှန်ကြားခဲ့တဲ့ စည်းမျဉ်း စည်းကမ်း ဥပဒေတွေကို လိုက်နာရန် ပျက်ကွက်ခဲ့ပေမယ့်လို့လည်းပဲ ကွပ်ကဲမှုအောက်မှာရှိတဲ့ အရာရှိ အရာခံ အကြပ် တပ်သားများ အားလုံးလိုက်နာဖို့ကို တော့ဖြင့် စေ့ဆော်သွန် သင်ခဲ့ပါတယ်။ ငါပြောသလိုလုပ်၊ ငါလုပ်သလိုမလုပ်နဲ့ ဆိုတဲ့ ညွှန်ကြားချက်နဲ့လည်းပဲ ကြားဖူးနား၀ ရှိခဲ့ပါတယ် ခင်ဗျ။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ ဗိုလ်မှူးကြီးခင်ဗျား၊ ဒီတော့ စစ်သည်တော်ကျင့်ဝတ်က စစ်ရေးချုပ်ရုံး ကလာမယ် ထင်ပါတယ်။ အဲဒီလိုမျိုး သတ်မှတ်ပြဌာန်းတာ ဘယ်ခုနှစ်လောက် မှာ စခဲ့တယ်လို့ ဗိုလ်မှူးကြီး သိထားပါသလဲ၊ နောက် ဗိုလ်မှူးကြီးတို့ တပ်ထဲဝင်တဲ့အချိန်မှာ ဒါဟာ ပြဌာန်းပြီးသား ဖြစ်နေပါပြီလား ခင်ဗျား။ ဒီအချက် (၆၀) ဟာ။

ဒုတိယဗိုလ်မှူးကြီး အေးမြင့်။ ။ ၁၉၅၃ ခုနှစ်လောက်က စတင်ပြဌာန်းခဲ့တာဆိုတော့ ကျနော်က တပ်ထဲကို ၁၉၅၅ ခုမှာ ရောက်တဲ့ အတွက် ကျနော်တို့ တပ်ထဲ ရောက်တဲ့အ ချိန်မှာ အဲဒီ စစ်သည်တော်ကျင့်ဝတ်(၆၀)ဟာ ပြဌာန်းထားပြီးသားဖြစ်ပြီးတော့လိုက်နာကျင့်ကြံကြတဲ့ အနေအထားမှာရှိတာကို တွေ့ရပါတယ်။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ ခင်ဗျား။ ဗိုလ်မှူးကြီးရဲ့ အတွေ့အကြုံအရ ဒီစစ်သည်တော်ကျင့်ဝတ်ကို အခြားအဆင့်စစ်သည် အနေအထားမှာရော နောက်တစ်ခါ အရာရှိဖြစ်လာတဲ့ အနေအထားမှာရော ဘယ်လိုတွေ လိုက်နာခဲ့ကြတယ် ဘယ်လိုတွေ ဆောင်ရွက်ခဲ့ကြတယ်ဆိုတဲ့ ကိုယ်တွေ့လေးတွေနဲ့ပါ ဗိုလ်မှူးကြီး ပြောပြပေးပါခင်ဗျား။

ဒုတိယဗိုလ်မှူးကြီး အေးမြင့်။ ။ အဲဒီအချိန်တုန်းက တပ်မတော်ရဲ့အနေအထားက စစ်ရုံးချုပ်ရဲ့ ကွပ်ကဲမှု အောက်မှာ စစ်တိုင်းကြီးနှစ်တိုင်းရဲ့ တိုင်းမှူးတွေရယ်၊ တပ်မဟာ တပ် မင်းတွေရယ် ကွပ်ကဲမှု အဆင့်ဆင့်ရှိခဲ့တယ်ဗျာ။ အဲဒီ ကွပ်ကဲမှု အဆင့်ဆင့်ကနေပြီးတော့ စစ်သည်တော်ကျင့်ဝတ်(၆၀) ကိုလိုက်နာကျင့်သုံး လှုပ်ရှားခဲ့ရတဲ့ အနေအထားမှာ ကျနော် တို့ ရဲဘော်ဘဝတုန်းက ကတည်းကပေါ့လေ၊ ဒါကို အလေးအနက်ထားပြီးတော့ လိုက်နာကျင့်သုံးခဲ့ ရပါတယ်။ အဲဒီတော့ ကွပ်ကဲမှု အဆင့်ဆင့်အရ ဆိုရင် ကျနော်တို့ရဲ့ စစ်ခေါင်း ဆောင်အကြီးအကဲများအနေနဲ့ စစ်သည်တော်ကျင့်ဝတ်ကို သတ်မှတ် ညွှန်ကြား စေ့ဆော် တိုက်တွန်းတဲ့ နေရာမှာ ပညတ်ချက်တွေ၊ အမိန့်ညွှန်ကြား ချက်တွေ အဆိုအမိန့်တွေ နဲ့ပါ ကျနော်တို့ကို စေ့ဆော် ဆုံးမ သွန်သင်ခဲ့ကြပါတယ် ခင်ဗျား။ ဘာပဲလုပ်လုပ် ဘာပဲ ကိုင်ကိုင် ကျနော်တို့ တစ်တွေဟာ စစ်သည်တော်အားလုံးဟာ ပြည်သူလူထုရဲ့ဆန္ဒကို အစဉ်ထာ၀ ရ ဦးထိပ်ထားရမယ်လို့ သွန်သင်ခဲ့ပါတယ်။ ပြည်သူ့ဆန္ဒနဲ့အညီ နေထိုင် ကျင့်ကြံ သွားကြဖို့ ကိုလည်း ကျနော်တို့ကို စေ့ဆော် ဆုံးမ သွန်သင်ခဲ့ကြပါတယ်။

ဒုတိယဗိုလ်မှူးကြီး အေးမြင့်။ ။ ပြည်သူ့ဆန္ဒနဲ့ ညီရင် မင်းတို့ ရဲ့လုပ်ရပ်တွေဟာ မှန်တယ်။ ပြည်သူ့ဆန္ဒနဲ့ မညီတာနဲ့ မင်းတို့ရဲ့လုပ်ရပ်တွေ မှားပြီလို့သာ မှတ်တော့၊ မင်းတို့ ပြည်သူကို ဆက်ဆံတဲ့နေရာမှာ ပြည်သူတွေရဲ့မျက်နှာ ကြည်သာရွှင်ပျဖို့ လိုတယ်။ ပြည်သူတွေရဲ့မျက်နှာ ကြည်သာရွှင်ပျမှု မရှိဘူးဆိုရင် မင်းတို့ရဲ့ကျင့်ဝတ်တွေဟာ ပျက်ပြားစပြုနေပြီ လို့သာမှတ်၊ မင်းတို့ ပြည်သူကို ဆက်ဆံတဲ့နေရာမှာ ပြည်သူနဲ့ တစ်သားတည်း ရှိနေစေရမယ်။ ပြည်သူတို့ မပြုံးတာဟာ မမဲ့ရဲလို့မှတ်၊ ပြည်သူတို့ မဲ့လာတဲ့တစ်နေ့ကျရင်တော့ မင်းတို့ ဟာ စစ်တပ်လို့ တောင် ခေါ်လို့မရတော့ဘူး၊ လက်နက်ကိုယ်စီ ကိုင်ထားတဲ့လူရမ်းကား တစ်စုဖြစ်သွားပြီလို့ အဲဒီလိုကို ကျနော်တို့ကို ဥပမာ၊ ဥပမေယျ တွေနဲ့ ပေါ့ဗျာ၊ သေသေချာချာ လေးကို သွန်သင်ဆုံးမ ညွှန်ကြားခဲ့ကြပါတယ်။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ ဗိုလ်မှူးကြီး ခင်ဗျား၊ ဗိုလ်မှူးကြီး အဲဒီ စစ်သည်တော်ကျင့်ဝတ်(၆၀)ထဲမှာ ဗိုလ်မှူးကြီးရဲ့ တပ်တွင်းမှာ ကျော်ဖြတ်လာခဲ့တဲ့ အတွေ့အကြုံအရ ဘယ်အ ချက်က အရေးအကြီးဆုံးလို့ ဗိုလ်မှူးကြီး ထောက်ပြလိုပါသလဲ ခင်ဗျား။ ဘယ်ဟာကတော့ ဒါသိပ်ကို အရေးကြီးတယ်၊ ကျန်တာက နည်းနည်းပါးပါး ပျက်ကွက်ရင် တောင်ရသေးတယ်၊ ဒါမျိုးကတော့ လုံးဝမရဘူး ဆိုတာမျိုး ဗိုလ်မှူးကြီး မြင်တဲ့ဟာကို ပြောပြပေးပါလား ခင်ဗျား။

ဒုတိယဗိုလ်မှူးကြီး အေးမြင့်။ ။ အဓိက ကတော့ဗျာ ပြည်သူနဲ့ ဆက်ဆံတဲ့ နေရာမှာ ပြည်သူတွေ အပေါ်မှာ ရေလိုလလို ကျင့်ရမယ်တဲ့၊ ဒါကျနော်တို့ကို သေချာညွှန်ကြားတာ၊ ဒါပေမယ့် ဒီနေ့တပ်မတော်ကတော့ ပြည်သူတွေကို မီးလိုနေလိုကျင့်နေတယ်လို့ ကျနော်တော့ အဲဒီလို မြင်တယ်ဗျာ။ အဲဒီတော့ တော်တော့်ကို ဆန့်ကျင်ဘက် ဖြစ်နေပါတယ်။ ဟိုတုန်း ကဆိုလျှင် ကျနော်တို့ရဲ့ခံယူချက်က “ပြည်သူသာလျှင်အမိ ပြည်သူသာလျှင် အဖ”၊ ဒီနေ့ နအဖ တစ်ဖြစ်လဲ နဝတ တပ်မတော်ကတော့ဗျာ “တပ်မတော်သာလျှင် အမိ တပ်မတော်သာ လျှင် အဖ” ဆိုပဲဗျ၊ ဒီနေ့တော့ ဗျ၊ ဟိုတုန်းကနဲ့မတူ တစ်မူထူးပြီးတော့ လုပ်စားနေကြလေရဲ့။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ခင်ဗျား ဗိုလ်မှူးကြီး ၊ ဗိုလ်မှူးကြီးရဲ့ အတွေ့အကြုံအရပေါ့၊ ဗိုလ်မှူးကြီးရဲ့ မျက်စေ့ထဲ မှာ ကိုယ်တိုင်မြင်တွေ့ခဲ့ရတဲ့ ကိုယ့်အထက်တပ်မှူးတွေ ဒီလိုမျိုး စစ်သည်တော်ကျင့်ဝတ်တွေနဲ့ အကုန်လုံး မဟုတ်တောင်မှ ရာနှုန်းပြည့်နီးပါး မဟုတ်တောင်မှ ရာခိုင်နှုန်း တော်တော်များများ အဲဒါတွေနဲ့ ညီညွတ်ပြီးတော့ နေထိုင်ပြုမူ လက်အောက် ငယ်သားတွေကိုလည်း ကျင့်ကြံဆောင်ရွက်သွားတဲ့ တပ်မှူး တစ်ယောက်နှစ်ယောက်လောက်ကို ကျနော်တို့ကို နမူနာ ပြောပြပါလား ခင်ဗျား။

ဒုတိယဗိုလ်မှူးကြီး အေးမြင့်။ ။ ဟိုတုန်းကတော့ဗျာ ကျနော်တို့ တပ်ထဲမှာဆိုရင် ဟုတ်လား၊ အများဆုံး စစ်ရေးနဲ့ပတ်သက်တာရော အုပ်ချုပ်ရေးနဲ့ ပတ်သက်တာရော ဆိုလို့ ရှိရင်တော့ ဟိုတုန်းက ဗိုလ်မှူးကြီးချစ်မြိုင်တို့ ဗိုလ်မှူးချုပ်ကျော်ဇောတို့ ဗိုလ်ချုပ်ကြီးသူရတင်ဦးတို့ ဒီပုဂ္ဂိုလ်တွေကတော့ တကယ့်ကို စစ်သည်တော်ကျင့်ဝတ်နဲ့အညီ နေထိုင်ကျင့်ကြံ သွားတဲ့ စစ်ခေါင်းဆောင်တွေလို့ ကျနော်တော့ မှတ်ယူခဲ့ပါတယ် ခင်ဗျား။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ ဗိုလ်မှူးကြီး အဲဒီလိုမျိုး စစ်သည်တော်ကျင့်ဝတ်နဲ့ ပြည့်စုံတဲ့ တပ်မှူးခေါင်းဆောင်တွေလို့ မြင်ခဲ့သလိုပဲ မပြည့်စုံဘူး၊ မပြည့်စုံတဲ့ ပုဂ္ဂိုလ်ထဲမှာမှ တော် တော်ဆိုးဆိုးရွားရွားပေါ့၊ တပ်မတော်အတွက်ကော တိုင်းပြည်အတွက်ကော တော်တော်လေးကို မကောင်းခဲ့တဲ့ ဒီစစ်သည်တော်ကျင့်ဝတ်(၆၀) နဲ့ ဆန့်ကျင်တဲ့ ပုဂ္ဂိုလ်မျိုးကော ဗိုလ်မှူး ကြီး ပြောပြချင်တာ ရှိပါသေးလားခင်ဗျား။

ဒုတိယဗိုလ်မှူးကြီး အေးမြင့်။ ။ ပွင့်ပွင့်လင်းလင်း ရိုးရိုးသားသား ပြောပြရရင်တော့ဗျာ၊ စစ်သည်တော်ကျင့်ဝတ်(၆၀)ကို သူကိုယ်တိုင်ထုတ်ပြီးတော့ သူကိုယ်တိုင် တိတိကျကျ မလိုက်နာခဲ့တဲ့ပုဂ္ဂိုလ်ကတော့ အဲဒီအချိန်က စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးနေဝင်းပေါ့ဗျာ၊ အခု သွားလေသူ ဦးနေဝင်းလို့ပဲ ပြောရမှာပဲခင်ဗျ။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ ဗိုလ်မှူးကြီး၊ အဲဒီတော့ ဒီစစ်သည်တော်ကျင့်ဝတ်လိုက်နာမှု အပိုင်းမှာ၊ မလိုက်နာလို့ ၊ တပ်မှူးတွေကနေမှ မလိုက်နာတဲ့ လက်အောက်ငယ်သားကို အရေးယူအပြစ်ပေးတာမျိုးကော ဗိုလ်မှူးကြီး ကြုံတွေ့ မြင်ခဲ့ဖူးပါသလား ခင်ဗျ၊ အတွေ့အကြုံအရ ပေါ့လေ။

ဒုတိယဗိုလ်မှူးကြီး အေးမြင့်။ ။ ဟိုတုန်းက တပ်မတော်ကတော့ဗျာ ကွပ်ကဲမှု အဆင့်ဆင့်က ပီပြင်တယ်လေ၊ ခေါင်က ဦးစီးချုပ် အသုံးမကျပေမယ့်လို့ ဒီ ကွပ်ကဲမှုအောက်မှာရှိ နေကြတဲ့ တိုင်းမှူးတွေ တပ်မမှူးတွေဟာ အဆင့်ဆင့် ကြပ်ကြပ်မတ်မတ် ကွပ်ကဲကြတော့ တပ်မတော်ကြီးဟာ ကနေ့လို ပရမ်းပတာတော့ မဖြစ်ဘူးခင်ဗျ။ အရေးယူစရာရှိလည်း အရေး ယူခဲ့တာတွေ အများကြီး ရှိပါတယ်။ ဒီနေ့ တပ်မတော်ကတော့ဗျာ၊ ဘာခေါ်မလဲ၊ ပရမ်းပတာနဲ့ တော်တော့်ကို အောက်ခြေလွတ်နေတဲ့ အနေအထားမျိုးရှိနေပါတယ်။ ပြောကြဟေ့ ဆို ရင်တော့ဗျာ၊ ဖက်ဆစ်ဂျပန်ထက်ကို ဆယ်ပြန်မက ရက်စက်တယ်၊ ပြည်တွင်းဖြစ် ဖက်ဆစ်စစ်တပ် သဘောမျိုးကို ဖြစ်နေတာ အင်မတန်မှ ဝမ်းနည်းဖို့ ကောင်းပါတယ်။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ပါ ဗိုလ်မှူးကြီး။ ဗိုလ်မှူးကြီးဟာ အခြားအဆင့်စစ်သည်အဆင့်ကနေမှ အရာရှိဖြစ်လာတဲ့အခါကျတော့ ကွာခြားမှု ဘယ်လိုရှိလဲ ခင်ဗျ။ စစ်သည်တော် ကျင့်ဝတ်နဲ့ ပတ်သက်ပြီး အခြားအဆင့်စစ်သည်တွေ တော်တော်များများတော့ အရာရှိတွေက သွန်သင်ဆုံးမတဲ့အတွက်ကြောင့် လိုက်နာကြရတာ ပိုများပြီးတော့ အရာရှိတွေကိုယ်တိုင် ကျတော့ မလိုက်နာကြတာမျိုး ဗိုလ်မှူးကြီး ဘယ်လို နှိုင်းယှဉ်မိခဲ့ ပါသလဲခင်ဗျား၊ တပ်ထဲမှာနေခဲ့တဲ့ အတွေ့အကြုံအရ။

ဒုတိယဗိုလ်မှူးကြီး အေးမြင့်။ ။ ဟိုတုန်းက ကျနော်တို့က ဗိုလ်သင်တန်းကျောင်းမှာကတည်းက ကျနော်တို့ကို သွန်သင်ညွှန်ကြားလိုက်တာလေး တစ်ခုရှိတယ်ခင်ဗျာ။ “မင်းတို့ အရာရှိဖြစ်သွားတဲ့ အခါမှာတဲ့ အမှားတစ်ခုကို ဘယ်တော့မှ အမှားတစ်ခုနဲ့ ပြန်ပြီးမပြင်နဲ့တဲ့၊ အမှားတစ်ခုကို အမှားတစ်ခုနဲ့ ပြင်နေတဲ့ ကာလပတ်လုံး အမှန်မဖြစ်လာဘဲနဲ့ အမှားနှစ်ခု သာ ဖြစ်သွားမယ်တဲ့ “။ အဲဒီ သွန်သင်ချက်ကလေးက တော်တော့်ကိုကောင်းပါတယ်။ ကျနော်တို့ အရာရှိ ဖြစ်လာတဲ့အခါလည်း အဲဒီသွန်သင်ချက်ကလေးကို အတော်လေးကို အလေး ထားဂရုပြုပြီးတော့ အမှားတစ်ခုကို အမှားတစ်ခုနဲ့ မပြင်မိဖို့ ကျနော်တို့ အသေအချာလေး ထိန်းသိမ်းလှုပ်ရှားခဲ့ကြရပါတယ်။ ကျနော်တို့ ခေတ်တုန်းကတော့ဗျာ၊ အထက်အရာရှိရဲ့အ နေအထားပေါ့၊ အထက်အရာရှိရဲ့ဦးဆောင်မှု ခေါင်းဆောင်မှုကို အတုယူပြီး ကျနော်တို့ ကြိုးပမ်းလှုပ်ရှားခဲ့ကြရတာပဲဗျ၊ ကိုယ်ကိုယ်တိုင်ကတော့ Firm ဖြစ်ဖို့တော့လိုတာပေါ့ဗျာ၊ အရာ ရှိဖြစ်သွားပြီ တပ်မှူးတစ်ယောက်ဖြစ်သွားပြီးဆိုရင် Firm ဖြစ်ဖို့လိုတယ်၊ Firm ဖြစ်မှလည်းပဲ လက်အောက်ကို ကိုယ်က မှန်မှန်ကန်ကန် ကွပ်ကဲနိုင်တာကိုး။ အခုခေတ်ကတော့ဗျာ၊ ခေါင်က အစ မိုးမလုံတော့လည်း တံစက်မြိတ်မှာ ရွှဲနေတာကိုတော့ ဘယ်လိုမှ အပြစ်တင်လို့ မရတော့ဘူးပေါ့ဗျာ။

ဦးရော်နီညိမ်း။ ။ နောက်တစ်ခုက ဒီဗိုလ်မှူးကြီး ဒီတပ်ထဲကို မဝင်ခင်ပေါ့နော်၊ ကိုယ်ဝင်မယ်ဆိုတဲ့ အဖွဲ့အစည်း ပေါ့နော်၊ ကိုယ်ယုံကြည်ကိုးစား လေးစားလို့ ဝင်တယ်၊ နောက် တစ်ခါ ဒီအဖွဲ့အစည်းရဲ့ခေါင်းဆောင်တွေကို ယုံကြည်လို့ဝင်တယ်၊ ဝင်ရုံတင် မကဘူး၊ အထဲရောက်တဲ့အခါကျတော့ ကိုယ်က ကြိုးစားတယ်၊ တပ်ထဲကို ရောက်တဲ့အခါကျတော့လည်း အခြားအဆင့်စစ်သည်ကနေ အရာရှိဖြစ်အောင်ကြိုးစားတယ်၊ ကြိုးစားတဲ့အတိုင်းလည်း ဖြစ်လာတယ်။ အဲဒီလိုမျိုး ကိုယ့်ဘဝကို တပ်မတော်သားဘ၀ တကယ့် professionalစစ်သား ဘဝကို တည်ဆောက်လာရာကနေ၊ ဗိုလ်မှူးကြီး ဘယ်အချိန်မှာ စပြီးတော့ စိတ်ပျက်မိပါသလဲ ခင်ဗျ။ ဒီတပ်မတော်ရဲ့ ဖြစ်ပျက်နေပုံပေါ့နော်၊ ဘယ်လိုအနေအထားမျိုးတွေ့ရလို့၊ ဥပမာ ဆိုလို့ရှိရင်၊ ကျနော် ဦးခင်မောင်ညွှန့်ကို မေးကြည့်တဲ့အခါကျတော့ သူ စိတ်စပျက်တာက တော့ တည်မြဲ-သန့်ရှင်းအကွဲမှာ တပ်က ဘက်လိုက်တာက စပြီးတော့မှ သူ ဒီတပ်ကို စိတ် ကုန်တယ်၊ အဲဒီအချိန်မှာ သူ ဗိုလ်သင်တန်းတောင် မပြီးသေးဘူး၊ ဒုတိယနှစ်လောက်ပဲ ရှိသေးတယ် ပြောပါတယ်ခင်ဗျ၊ အဲဒီလိုမျိုးပဲ ဗိုလ်မှူးကြီးမှာကော မှတ်မှတ်ထင်ထင် ဘယ်အ ချိန်ကစပြီးတော့ စိတ်ကုန်စိတ်ပျက်လာတဲ့ ခံစားမှုမျိုး ဖြစ်ပေါ်မိပါသလဲ ခင်ဗျား။

ဒုတိယဗိုလ်မှူးကြီး အေးမြင့်။ ။ ကျနော့်ရဲ့ စစ်မှုထမ်းသက် နှစ်(၃၀)နီးပါးကာလ တစ်လျှောက်လုံးမှာတော့ဖြင့်ရင် ကျနော်တို့ဟာ ဝါသနာပါလို့ တပ်ထဲဝင်ကြတာကိုးဗျ။ ဝါဿ နာဆိုတာကလည်းပဲ အဓိက လုံခြုံရေးနဲ့ ကာကွယ်ရေး တာဝန်တွေကိုထမ်းဆောင်ဖို့ ဝါသနာပါတာကိုး၊ နိုင်ငံရေးနဲ့ ပတ်သက်လို့ ဒွေးရောယှက်တင် ပါဝင်ပတ်သက်တာမျိုး ကျနော်တို့ က အစကတည်းက စိတ်မဝင်စားဘူး၊ လုပ်လည်း မလုပ်ခဲ့ဘူး၊ အဲဒီတော့ ခုနက ၁၉၅၈ ဖ.ဆ.ပ.လ အကွဲ အပြဲမှာ တပ်ထဲကဆိုရှယ်လစ်တပ်မှူးတွေ တစ်စခန်းထပြီးတော့ ဘက်လိုက် ကြတာမြင်တော့ နည်းနည်းတော့ စိတ်ပျက်တာပေါ့ဗျာ၊ မှန်တာပြောရရင်လည်းဗျာ၊ တပ်မတော်က ၁၉၄၅ ခုနှစ် Kandy စာချုပ်အရပေါ့ဗျာ၊ အရာရှိ (၂၀၀) အခြားအဆင့် (၅၂၀၀)နဲ့ နောက်ဆုံးပြန်လည် စုဖွဲ့ခဲ့တဲ့ ဗမာ့အမြဲတမ်းတပ်မတော်ကြီးမှာက၊ ဟိုး ဖက်ဆစ်ဂျပန်တော်လှန်ရေးကာလက မြစ်ဖျားခံပြီး ပါလာခဲ့တဲ့ အုပ်စုဖွဲ့မှုလေးတွေဟာ ရှိခဲ့တာကိုးဗျ။ ကွန်မြူ နစ်တွေရဲ့ စည်းရုံးမှုအောက်မှာရှိနေကြတဲ့ ကွန်မြူနစ် အစုအဖွဲ့တွေရယ်၊ ခုနက ကွန်မြူနစ်ကို ဆန့်ကျင်ပြီး စုဖွဲ့ခဲ့တဲ့ ဆိုရှယ်လစ်နွယ်ဝင် အစုအဖွဲ့တွေနဲ့၊ ကွန်မြူနစ်သြဇာကိုလည်းမခံ ဆိုရှယ်လစ်ကိုလည်းဘဲ မနှစ်မြို့ပဲနဲ့ပေါ့ဗျာ၊ တိုင်းပြည်အတွက် တပ်မတော်အတွက် ပြည်သူ့အတွက် ဦးထိပ်ထားပြီးတော့ နေခဲ့ကြတဲ့ နိုင်ငံရေး အသွေးအရောင်ကင်းမဲ့တဲ့ အဖြူရောင် မျိုးချစ်တပ်မှူးတပ်သားတွေ သုံးမျိုးသုံးစား ဗျာ။ အဲဒီတုန်းကတည်းက တပ်မတော်ထဲမှာ ရှိခဲ့တာကိုးဗျ။

ဦးရော်နီညိမ်း။ ။ ၁၉၆၁ခုနှစ် OTS ဗိုလ်သင်တန်းအပတ်စဉ်(၂၆)ကနေ ဆင်းခဲ့ပြီးတော၊့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်မှာ စစ်ဦးစီးမှူး(ပထမတန်း)တာဝန်အထိ ထမ်းဆောင်ခဲ့ ဖူးတဲ့ အငြိမ်းစားဒုတိယဗိုလ်မှူးကြီးအေးမြင့်ကို ဆက်သွယ်မေးမြန်းတင်ဆက်ခဲ့တာပါ ခင်ဗျာ။ နောက်သီတင်းပတ် သြဂုတ်လ(၁)ရက် တနင်္ဂနွေနေ့မနက် "တပ်မှူးတပ်သားပြောစကား" အပတ်စဉ်ကဏ္ဍမှာ ဒုတိယဗိုလ်မှူးကြီးအေးမြင့်ရဲ့ ပြောစကားတွေကို ဆက်ပြီးထုတ်လွှင့်သွားမယ့်အကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။ စောင့်မျှော် နားဆင်ကြပါ။ ကျနော် ရော်နီညိမ်းပါ။

XS
SM
MD
LG