သုံးရလွယ်ကူစေသည့် Link များ

ပါကစ္စတန်ရေဘေးဒုက္ခသည်များ ကူးစက်ရောဂါဘေးကြုံ

  • VOA News

ပါကက်စတန်နိုင်ငံမှာ ဆယ်စုနှစ်များစွာအတွင်း အဆိုးဆုံးရေကြီးမှုမှာ ဒုက္ခရောက်နေသူတွေကြား ကူးစက်ရောဂါတွေ ပျံနှံဖြစ်ပွားနေလို့
ရေဘေးဒုက္ခသည်တွေ အတွက် နောက်ထပ်အန္တရာယ်နဲ့ ရင်ဆိုင်နေကြရတယ်လို့ ကူညီ ကယ်ဆယ်ရေး တာဝန်ရှိသူတွေကပြောပါတယ်။

သောက်သုံးရေရှားပါးမှုနဲ့ မိလ္လာ ပြဿနာတွေကြောင့် အစာအိမ် တုပ်ကွေးရောဂါ၊ ဝမ်းပျက် ဝမ်းလျှောရောဂါနဲ့ အရေပြားရောဂါဖြစ်သူတွေ ပျံနှံ့နေတယ်လို့ တာဝန်ရှိသူတွေက ဒီနေ့ သောကြာနေ့မှာ ပြောပါတယ်။ လွန်ခဲ့တဲ့ သီတင်း ၂ ပတ်ကစပြီး ရေကြီးမှုကြောင့် သေဆုံးသူ ၁၆၀၀ ကျော် ရှိနေပြီး ဖြစ်ပါတယ်။ တိုင်းပြည်နေရာအနှံ့အပြားမှာလည်း ဒီကနေ့ မိုးတွေ ထပ်ရွာဖို့ ရှိနေပါတယ်။

ဒီအရေအတွက်ဟာ ရေကနေတဆင့် ကူးစက်တဲ့ ရောဂါတွေကြောင့် သေဆုံးသူတွေ ပိုများလာနိုင်တယ်လို့ ကူညီကယ်ဆယ်ရေး ၀န်ထမ်းတွေက ပြောပါတယ်။ ကယ်ဆယ်ရေး လုပ်ငန်းဆိုင်ရာတွေကို ဆွေးနွေးဖို့အတွက် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း ပါကစ္စတန်ကို စနေနေ့မှာ ရောက်လာလိမ့်မယ်လို့ ပါကစ္စတန် နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။

ရေဘေးဒုက္ခသည်တွေအတွက် အရေးပေါ်လိုအပ်တဲ့ စားနပ်ရိက္ခာ၊ နေရာထိုင်ခင်းနဲ့ သောက်သုံးရေတွေ ကူညီထောက်ပံ့ဖို့ ကုလသမဂ္ဂက နိုင်ငံတကာကို ဒေါ်လာ သန်းပေါင်း ၄၆၀ အကူအညီ တောင်းခံထားပါတယ်။

ပါကစ္စတန်နိုင်ငံသား ၄ ပုံတပုံဟာ ဒီရေကြီးတဲ့ဒဏ်ကို ခံနေကြရတယ်လို့ ကုလသမဂ္ဂပြောခွင့်ရပုဂ္ဂိုလ် Maurizio Giuliano က ပြောပါတယ်။

ရှေ့သီတင်းပတ်အတွင်း ရေကြီးတဲ့ဒဏ်ခံနေရတဲ့ ဒေသတွေကို အမေရိကန် အထက်လွှတ်တော် နိုင်ငံခြား ဆက်ဆံရေးကော်မီတီ ဥက္ကဌ John Kerry သွားရောက်လည်ပတ်မယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။

XS
SM
MD
LG