သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်မှု လက်မခံတဲ့ကိစ္စ ဝေဖန်


မြန်မာနိုင်ငံမှာ စစ်အစိုးရက ကျင်းပမယ့် ရွေးကောက်ပွဲကို နိုင်ငံတကာအဆင့်မီ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်စေရေးအတွက် နိုင်ငံတကာက စောင့်ကြည့်သူတွေကို လက်ခံပြီးတော့ မီဒီယာလွတ်လပ်ခွင့် ပေးသင့်တဲ့အကြောင်း ရွေးကောက်ပွဲမှာ ပါဝင်ဖို့ ပြင်ဆင်နေသူတွေက ပြောဆိုလိုက်ပါတယ်။ စစ်အစိုးရရဲ့ ရွေးကောက်ပွဲကော်မရှင်က နိုင်ငံတကာက လေ့လာစောင့်ကြည့်မယ့် သူတွေကို လက်မခံဘူးလို့ ပြောဆိုလိုက်ပြီးတဲ့ နောက်ပိုင်းမှာ ခုလို တုံ့ပြန်ပြောဆိုသံတွေ ထွက်ပေါ်လာတာပါ။ အသေးစိတ်ကို ကိုသိန်းထိုက်ဦးက တင်ပြပါမယ်။

ရွေးကောက်ပွဲမှာ နိုင်ငံတကာက အဖွဲ့အစည်းတွေ လေ့လာသူတွေကို လက်ခံပြီး စောင့်ကြည့်ခွင့်ပေးမယ်ဆိုရင် စစ်အစိုးရကျင်းပမယ့် ရွေးကောက်ပွဲအပေါ် နိုင်ငံတကာရဲ့ တရားဝင်အသိအမှတ်ပြုမှု ပိုပြီး ရနိုင်မယ်ဆိုပြီး ပြည်တွင်းနိုင်ငံရေးအင်အားစုတွေက ပြောဆိုနေပါတယ်။ ပြည်ထောင်စု ဒီမိုကရေစီပါတီရဲ့ ဥက္ကဋ္ဌ ကိုဖြိုးမင်းသိန်းက သူ့သဘောထားကို ခုလို ပြောပါတယ်။

“တသီးပုဂ္ဂလ လူပုဂ္ဂိုလ်တွေ ကျွမ်းကျင်တဲ့ ပညာရှင်တွေ မြန်မာပြည်ရဲ့ ရွေးကောက်ပွဲကို လာရောက်စောင့်ကြည့်ခြင်းဖြင့် International Legitimacy ဖြစ်ရေးကိစ္စပေါ်မှာ မြန်မာအစိုးရရဲ့ ဆောင်ရွက်မှုကို နိုင်ငံတကာက ဘယ်လောက် အတိုင်းအတာအထိ အသိအမှတ် ပြုနိုင်သလဲဆိုတဲ့ဟာကို သူတို့ မှတ်ကျောက်တင် ခံသင့်ပါတယ်။ အဲလိုမှ မဆောင်ရွက်ဘူးဆိုရင် အခုကျင်းပပေးမယ့် ရွေးကောက်ပွဲဟာ Mr. Campbell ပြောသလိုပဲ International Legitimacy ဖြစ်ရေးအတွက်တော့ တအား အားနည်းသွားနိုင်တယ်ဆိုတဲ့ သဘော ရှိနေပါတယ်။”

ရွေးကောက်ပွဲအခြေအနေတွေကို နိုင်ငံတကာနဲ့ ပြည်သူတွေ သိနိုင်ဖို့ မီဒီယာ လွတ်လပ်ခွင့်လည်း လိုအပ်တယ်လို့ ကိုဖြိုးမင်းသိန်းက ပြောပါတယ်။

"လေ့လာစောင့်ကြည့်သူတွေမပေးရင်တောင် မီဒီယာ လွတ်လပ်ခွင့်တော့ အနည်းဆုံး ခွင့်ပြုသင့်တယ်လို့ ကျနော် ထင်ပါတယ်။ ဒါမှသာလျှင် မီဒီယာတွေကနေပြီးတော့ ရွေးကောက်ပွဲမှာ ဘယ်လောက်တရားမျှတတယ်ဆိုတဲ့ အခြေနေတရပ်ကို ပြည်ပမှာ ရှိနေတဲ့ မီဒီယာတွေ ဝင်ရောက်လာမှသာလျှင် ဒီအခြေနေဟာ မြန်မာနိုင်ငံမှာ ပေါ်လွင်ထင်ရှားမှုတခု ဖြစ်လာမှာပါ။ နို့မို့ဆိုရင် မြန်မာနိုင်ငံအတွင်းမှာပဲ ဒီမြန်မာနိုင်ငံ စာပေစိစစ်ရေးက ခွင့်ပြုနေတဲ့ ဂျာနယ်တွေလောက်ရဲ့ သဘောထားလောက်နဲ့ပဲဆိုရင်တော့ ဒီအခြေအနေမှန်တွေကို နိုင်ငံတကာက မသိနိုင်သလို နိုင်ငံတကာရဲ့ ထောက်ခံမှုရဖို့အတွက်လည်း ဝေးသွားနိုင်ပါတယ်။"

လက်ရှိအနေအထားဟာ ပေးထားတဲ့ အခြေနေပေါ်ကနေပြီး အကောင်းဆုံးဖြစ်အောင် ရွေးချယ် လုပ်ကိုင်နေရတာ ဖြစ်တဲ့အကြောင်း ပြည်ထောင်စု ဒီမိုကရေစီပါတီရဲ့ ဥက္ကဋ္ဌ ကိုဖြိုးမင်းသိန်းက ပြောပါတယ်။ ၁၉၉၀ခုနှစ်က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ စစ်အစိုးရဘက်က နိုင်ငံတကာက စောင့်ကြည့်လေ့လာရေးအဖွဲ့တွေကို လက်မခံခဲ့ပေမဲ့ စစ်အစိုးရအနေနဲ့ ဒိုင်လူကြီးတယောက်အနေနဲ့ သမာသမတ်ဖြစ်အောင် ကျင်းပပေးခဲ့တဲ့ အကြောင်း အဲဒီအချိန်က ကျောက်တန်းမြို့နယ်က ရွေးချယ်ခံခဲ့ရတဲ့ လက်ရှိ ဒီမိုကရေစီအင်အားစုပါတီက ဒေါက်တာသန်းငြိမ်းက ပြောပါတယ်။ ဒါပေမဲ့လည်း အခုတကြိမ် ရွေးကောက်ပွဲမှာတော့ ၁၉၉၀ခုနှစ်တုန်းကလောက် မမျှော်လင့်နိုင်ဘူးလို့ သူက ဆိုပါတယ်။

မမျှော်လင့်ဘူး။ မမျှော်လင့်ဘူးဆိုတာက အခြေအနေတွေက အများကြီး ကွာခြားသွားပြီ။ အထူးသဖြင့် ဒီရွေးကောက်ပွဲဟာ ဘယ်လောက်ထိ လွတ်လပ်မလဲ၊ ဘယ်လောက်ထိ တရားမျှတမလဲဆိုတဲ့အပေါ်မှာ မူတည်တာပေါ့။ ၉၀ခုနှစ်ရွေးကောက်ပွဲလောက်အထိ တရားမျှတမယ်၊ လွတ်လပ်မယ်ဆိုရင်တော့ အနည်းဆုံး အဲဒီ ၉၀တုန်းကလောက်ထိ ဖြစ်မှာပေါ့။ အားလုံးဟာ အဲဒီအပေါ်အများကြီး မူတည်ပါတယ်။

ဒေါက်တာသန်းငြိမ်း ပြောပြသွားတာပါ။ မြန်မာစစ်အစိုးရရဲ့ ရွေးကောက်ပွဲ ကော်မရှင်ကတော့ မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲအတွေ့အကြုံ ရှိပြီးသားဖြစ်ပြီး ရွေးကောက်ပွဲ ဥပဒေအရ၊ နည်း ဥပဒေအရ ပြဋ္ဌာန်းချက်တွေ သေချာ ချမှတ်ထားသလိုပဲ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်မှာ သေချာတဲ့အတွက် နိုင်ငံတကာအဖွဲ့တွေ လာရောက်ဖို့ မလိုဘူးလို့ ပြောဆိုပါတယ်။ ရန်ကုန်မြို့ခံတချို့ကတော့ ဒီပြောဆိုချက်အပေါ် ခုလို တုံ့ပြန်ပါတယ်။

“စောင့်မကြည့်ဘူးဆိုရင်တော့ လုပ်ချင်ရာ လုပ်ချလိုက်မှာပဲ။ ဒါပေမဲ့ လုပ်ပြီဆိုကတည်းက ဒါ မတရားဘူးဆိုတာကြီးက လူတိုင်း သိနေတဲ့ ဟာကြီးပဲ”

“စောင့်ကြည့်မယ့်သူတွေ မပါဘူးဆိုရင် တရားမျှတမှုမရှိဘူးပဲ၊ အရင်ကတည်းကလည်း သူတို့က လုပ်ချင်ရာ လုပ်ထားတာပဲ၊ ဘာမှန်းလဲ မသိဘူး၊”

“ခုနပြောသလိုပဲ၊ အမှားလည်း အမှန်လုပ်လိုက်မှာပဲ၊ အမှန်လည်း အမှန်လုပ်လိုက်မှာပဲ၊ ဒါကြောင့် ဒီမဲကိစ္စကို လုံး၀ စိတ်ဝင်စားမှုမရှိဘူး။”

မြန်မာစစ်အစိုးရက ကျင်းပမယ့် ရွေးကောက်ပွဲမှာ နိုင်ငံတကာက စောင့်ကြည့်လေ့လာသူ တွေကို လက်မခံဘူးလို့ ပြောဆိုထားတာနဲ့ လက်ရှိအခြေအနေအရ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်နိုင်ခြေအပေါ် ရန်ကုန်မြို့ခံတွေရဲ့ သဘောထားအမြင်တွေပါ။

XS
SM
MD
LG