သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရှစ်လေးလုံး အောက်မေ့ဖွယ် အခမ်းအနားတွေ ပြည်တွင်းပြည်ပမှာ ကျင်းပ


ဒီကနေ့ ကျရောက်တဲ့ ၂၂ နှစ်မြောက် ရှစ်လေးလုံး နှစ်ပတ်လည်နေ့မှာ ရန်ကုန်မြို့က နိုင်ငံရေး၊ လူမှုရေး အင်အားစုတွေက ဝါဆိုသင်္ကန်းကပ်လှူပြီး ဒီမိုကရေစီရေး လှုပ်ရှားမှုမှာ ကျဆုံးခဲ့ရသူတွေကို အမျှပေးဝေခဲ့ပါတယ်။ အာဏာပိုင်တွေက ဒီအခမ်းအနား ကျင်းပတဲ့ နေရာကို လာရောက် စောင့်ကြည့်တာတွေ ရှိပေမဲ့ တစုံတရာ ဟန့်တားပိတ်ပင်တာတော့ မရှိဘူးလို့ ဦးဆောင်ကျင်းပခဲ့သူ တဦးက ပြောပါတယ်။ အပြည့်အစုံကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ရန်ကုန်မြို့မှာ ကျင်းပတဲ့ အခမ်းအနားကို ကိုမင်းကိုနိုင် ဦးဆောင်တဲ့ ၈၈ မျိုးဆက် ကျောင်းသားအဖွဲ့က အဖွဲ့ဝင်တွေ ဦးဆောင်ပြီး မင်္ဂလာတောင်ညွန့်မြို့နယ်က အရှင် အာဒိစ္စဝံသကျောင်းမှာ ကျင်းပတာ ဖြစ်ပါတယ်။ ဒီအခမ်းအနားမှာ သံဃာတော် ၇၅ ပါးကို ဝါဆိုသင်္ကန်း ကပ်လှူပြီး ရှစ်လေးလုံး လူထုလှုပ်ရှားမှုမှာ ကျဆုံးသွားသူတွေအတွက် အမျှပေးဝေခဲ့တယ်လို့ အခမ်းအနားကို ဦးဆောင်ကျင်းပသူ တယောက်က ပြောပါတယ်။ ဒီနေ့ အခမ်းအနား ကျင်းပတဲ့ အကြောင်းကို သူက အခုလို ဆက်ပြောပြပါတယ်။

“ဒီရှစ်လေးလုံးနေ့ဟာ ပြည်သူအားလုံးနဲ့လည်း သက်ဆိုင်တယ်၊ နိုင်ငံရေး အင်အားစုတွေနဲ့လည်း သက်ဆိုင်တယ်။ အဲတော့ ကျဆုံးသွားတဲ့ ရဟန်းရှင်လူ ပြည်သူအများကို ဂုဏ်ပြုပြီးတော့ အမျှအတန်း ပေးဝေတယ်။ နံပါတ် ၂ က အင်အားစုတွေဟာ လက်ရှိ နိုင်ငံရေးအရ မရပ်တန့်သေးဘူး ဆိုတာကို တပ်လှန့်တဲ့ အနေနဲ့ လုပ်တာလည်း ဖြစ်တယ်။ နောက် ထောင်ထဲမှာရှိတဲ့ ကိုယ့်ရဲ့ ညီအကိုတွေ ကိုမင်းကိုနိုင်တို့၊ ကိုပြုံးချိုတို့၊ ကိုမြအေးတို့ကိုလည်း ဂုဏ်ပြုတဲ့ အနေနဲ့ ကျင်းပတာ ဖြစ်တယ်။ နောက် ပြည်ပမှာ ရောက်နေတဲ့ အင်အားစုတွေအတွက် ကျနော်တို့ကို စိတ်ဓာတ်ရေးရာ အင်အားပေးဖို့အတွက် ကျနော်က နှိုးဆွတာလည်း ဖြစ်ပါတယ်။”

ဒီအခမ်းအနား ကျင်းပဖို့အတွက် မနေ့ကအထိ အာဏာပိုင်တွေက ခွင့်ပြုချက် မပေးပေမဲ့ ဒီကနေ့တော့ တစုံတရာ နှောင့်ယှက်တာ မရှိဘူးလို့ ပြောပါတယ်။

“မနေ့က ၂ နာရီအထိ ကျနော်တို့ ခွင့်ပြုချက်က ဇဝေဇဝါ ဖြစ်နေပါသေးတယ်။ နောက်ပိုင်းတော့ ရသွားပါတယ်။ အခန်းထဲမှာတော့ သက်ဆိုင်ရာ ထောက်လှမ်းရေးက အကုန် ဝင်ထိုင်ကြတာပေါ့။ ဒါပေမဲ့ ဘာမှတော့ အနှောင့်အယှက် မပေးဘူး။ သူတို့သိချင်တာတွေ အကုန်မေးတယ်ပေါ့။ နောက် သတင်းဌာနတွေလည်း များတယ်လေ၊ အဲဒါကြောင့်။”

အခမ်းအနား တက်ရောက်ခဲ့တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ဦးနိုင်းနိုင်းကတော့ ရှစ်လေးလုံး နှစ်ပတ်လည်နေ့နဲ့ ပတ်သက်ပြီး သူ့ခံစားချက်ကို အခုလို ပြောပါတယ်။

“ဒီလိုနေ့တိုင်း နေ့တိုင်းလေ၊ ရှစ်လေးလုံးနေ့တိုင်း ဟိုအရင် ထောင်ထဲမှာလည်း အားလုံးက အမှတ်တရနဲ့။ ကျနော်တို့ရဲ့ ဥစ္စာ အောင်ပွဲလည်းဟုတ်တယ်၊ ဝမ်းနည်းစရာ ကိစ္စတွေလည်း ရှိတော့လေ အဲဒီနှစ်ခု ခံစားချက်က အမြဲတမ်း ရှိပါတယ်။ ဒီနေ့မနက်လည်း နဂိုကတည်းက ၈၈ အရေးတော်ပုံကြီးနဲ့ ပတ်သက်ပြီး ထားတဲ့ ခံစားချက်ပေ့ါဗျာ။ ပါဝင်လှုပ်ရှားပြီးတော့ ကျဆုံးသွားတဲ့ လူတွေကိုလည်း ဦးညွှတ် အလေးပြုပြီးတော့ သတိရတယ်။

“မဆလ စနစ်ဆိုးကို ပြည်သူလူထုက ဖယ်ရှားလိုက်နိုင်တာကိုလည်း ဝမ်းသာတယ်ဗျာ။ ဒီနှစ်ခု ကျနော်တို့ တွဲပါတယ်။ ဒီခံစားချက်နှစ်ခု တွဲပြီးတော့ ကျနော် အမြဲတမ်းသွားပါတယ် အဲဒီကို။ ဒီနှစ်လည်း သွားတာပေါ့ဗျာ။ နောက်တခုကတော့ အဲဒီ အရေးတော်ပုံကြီးရဲ့ ပြည်သူပြည်သားတွေ လိုလားတောင့်တတဲ့ လိုအင်ဆန္ဒတွေ ပြည့်ဝအောင် မလုပ်နိုင်တာတော့ ဒါတော့ ဘယ်သူ့မှတော့ အပြစ်မပြောပါဘူး။ ရည်ရွယ်ချက်တွေ မအောင်မြင်သေးပါလား ဆိုပြီးတော့ နည်းနည်း ခံစားရတယ်။”

ဒီအခမ်းအနားကို လက်ရှိ မှတ်ပုံတင်ထားတဲ့ ဒီမိုကရက်တစ်ပါတီ-မြန်မာပြည်နဲ့ ပြည်ထောင်စု ဒီမိုကရေစီပါတီ စတဲ့ နိုင်ငံရေး ပါတီဝင်တွေနဲ့ မှတ်ပုံမတင်ထားတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီဝင်တွေအပြင် အခြား လူမှုရေး အင်အားစုတွေ အပါအဝင် လူ ၃၀၀ ကျော်လောက် တက်ရောက်ခဲ့ကြပါတယ်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် လူငယ်တွေက ရှစ်လေးလုံး နှစ်ပတ်လည်နေ့ ဂုဏ်ပြုတဲ့ အနေနဲ့ အရင်က ရပ်ဆိုင်းထားတဲ့ လူငယ်စာဖတ်ဝိုင်းကို ဒီကနေ့မှာ ပြန်လည်စတင်ခဲ့တယ်လို အဖွဲ့ဝင် လူငယ်တဦးက ပြောပါတယ်။ ပါတီအနေနဲ့ကတော့ တရားဝင် မှတ်ပုံမတင်တာကြောင့် အခမ်းအနား မကျင်းပဖြစ်ခဲ့ဘူးလို့ ဆိုပါတယ်။

ရန်ကုန်မြို့က တောင်ဥက္ကလာပ၊ မြောက်ဥက္ကလာပနဲ့ တောင်ဒဂုံမြို့နယ် တွေမှာလည်း ရှစ်လေးလုံး နှစ်ပတ်လည် အမှတ်တရ အခမ်းအနားတွေ ကျင်းပခဲ့ကြပါတယ်။

မွန်ပြည်နယ် သံဖြူဇရပ်မှာလည်း အမျိုးသမီးနဲ့ လူငယ်တွေက ရှစ်လေးလုံး နှစ်ပတ်လည်နေ့မှာ စကားဝိုင်းတခု ကျင်းပခဲ့တယ်လို့ ပြောပါတယ်။

“အဓိက ကျမတို့ စုပြီးတော့ စကားဝိုင်း လုပ်ကြတာပေါ့နော်။ ရှစ်လေးလုံး အရေးတော်ပုံ ဖြစ်တုန်းကဆိုရင် ကျမတို့က မွေးကင်းစ ကလေးတွေပဲပေါ့နော်။ ဒီအကြောင်းတွေကို ကျမတို့ မသိခဲ့ဘူး။ ဆွေးနွေးတာက ရှစ်လေးလုံး ကျောင်းသား လူကြီးတယောက်ကနေပြီး ကျမတို့ကို ဦးဆောင်ပြီး ဆွေးနွေးတယ်ပေါ့။ ရှစ်လေးလုံး အရေးတော်ပုံမှာ ဘယ်လိုမျိုးဖြစ်ခဲ့လဲ ဆိုပြီးတော့ပေါ့နော်။ အရင်တုန်းကဆို ကျမတို့ မသိတာ အခု သိလာတယ်။ ကျမတို့ ဒီလှုပ်ရှားမှုတွေကနေ စိတ်အား တက်ကြွလာမယ်လို့ မျှော်လင့်တယ်။ နောက် ဒီ ၂၀၁၀ နိုင်ငံရေး အပြောင်းအလဲမှာလည်း လူငယ်တွေ တတ်အားသရွေ့ ပါဝင်နိုင်မယ်လို့ မျှော်လင့်ပါတယ်။”

ဒီစကားဝိုင်း ကျင်းပပြီးတဲ့ နောက်မှာတော့ ရှစ်လေးလုံး လူထုလှုပ်ရှားမှုများမှာ ကျဆုံးခဲ့ရသူတွေအတွက် ဆုတောင်းခဲ့ကြတယ်လို့ ပြောပါတယ်။

လွန်ခဲ့တဲ့ ၁၉၈၈ ခုနှစ် သြဂုတ်လ ၈ ရက်နေ့ဟာ မြန်မာပြည်အဝန်းက တိုင်းရင်းသား ပြည်သူတွေက တပါတီ အာဏာရှင်စနစ်ကို ဆန့်ကျင် ဆန္ဒပြပြီး ပါတီစုံ ဒီမိုကရေစီ စနစ်ကို စတင် တောင်းဆိုခဲ့တဲ့နေ့ ဖြစ်ပါတယ်။ ဒီလူထုလှုပ်ရှားမှုကြီးကို စက်တင်ဘာလ ၁၈ ရက်နေ့မှာ စစ်တပ်က အင်အားသုံး နှိမ်နင်းခဲ့လို့ လူပေါင်း ရာနဲ့ချီပြီး သေဆုံးခဲ့ရတာလည်း ဖြစ်ပါတယ်။

အဲဒီလို အခမ်းအနားတွေကို ဂျပန်၊ အိန္ဒိယ၊ ထိုင်းနိုင်ငံ အပါအဝင် ကမ္ဘာတဝန်းက မြန်မာ့ဒီမိုကရေစီရေး လိုလားသူတွေက ချီတက် လမ်းလျှောက်ပွဲတွေ၊ ဆန့်ကျင် ကန့်ကွက်ပွဲတွေနဲ့ အထိမ်းအမှတ် အခမ်းအနားတွေ၊ စကားဝိုင်းတွေ ပြုလုပ်ခဲ့ကြပါတယ်။

XS
SM
MD
LG