သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိုက်ပွဲတွေအတွင်း အရပ်သားတွေ အကာအကွယ်ပေးဖို့ HRW တိုက်တွန်း


ကချင်စစ်ပြေးဒုက္ခသည်များ။
ကချင်စစ်ပြေးဒုက္ခသည်များ။

မြန်မာနိုင်ငံမြောက်ပိုင်းမှာ အစိုးရတပ်တွေ နဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကြားဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအတွင်း ၂ ဘက်တပ်တွေအနေနဲ့ အရပ်သားတွေကို ထိခိုက်မှုမရှိအောင် အကာအကွယ်ပေးဖို့ လူ့အခွင့်အရေးစောင့်ကြည့်ရေး အဖွဲ့ (HRW) က တောင်းဆိုလိုက်ပါတယ်။ ဒါ့အပြင် စစ်ပွဲတွေအတွင်းအိုးအိမ်စွန့်ခွာထွက်ပြေးနေကြတဲ့ စစ်ဘေးရှောင်ပြည်သူတွေ အတွက် အကူအညီတွေကိုလည်း လွတ်လွတ်လပ်လပ်နဲ့ အမြန်ဆုံးပေး ခွင့်ပြုသင့်တယ်လို့ပြောလိုက်ပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး အပြည့်အစုံကို ဆက်သွယ်စုံစမ်းထားတဲ့ ကိုရန်နိုင်က ပြောပြပေးမှာဖြစ်ပါတယ်။

NLD ဦးဆောင်တဲ့ မြန်မာအစိုးရသစ်က ၂၁ ရာစုပင်လုံညီလာခံကျင်းပပြီး၊ တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး နဲ့ ငြိမ်းချမ်းရေးဖော်ဆောင်နိုင်ဖို့ ကြိုးပမ်းနေချိန်မှာပဲ၊ ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း ကချင်ပြည်နယ် နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းတွေ မှာ မြန်မာအစိုးရတပ်တွေ နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် KIA ဦးဆောင်တဲ့ မြောက်ပိုင်းမဟာမိတ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ တချို့ကြား တိုက်ပွဲတွေဖြစ်ပွားခဲ့တာပါ။

ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်းမှာလည်း မြန်မာအစိုးရတပ်တွေဘက် ထိုးစစ်တွေမြှင့်လာပြီး၊ ၂ ဘက်တိုက်ပွဲတွေ ပြင်းထန်လာတာကြောင့် အဲဒီနားတဝိုက်က ဒုက္ခသည်စခန်းတွေမှာ နေထိုင်တဲ့သူတွေလည်း ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ခဲ့ကြပါတယ်။ စစ်ပွဲတွေအတွင်း အရပ်သားတွေအပေါ်မှာ ပစ်မှတ်ထားပြီး လူ့အခွင့်အရေးချိုးဖောက်တာတွေ တွေ့လာရတယ်အပေါ်မှာ စိုးရိမ်တယ်လို့ HRW အဖွဲ့က အာရှရေးရာ ဒါရိုက်တာ Phil Robertson က ပြောပါတယ်။

"စစ်ပွဲတွေ အရှိန်မြှင့်တက်လာတာနဲ့ အရပ်သားတွေ နဲ့ နေရပ်စွန့်ခွာ ထွက်ပြေးနေကြတဲ့ ဒုက္ခသည်တွေအပေါ်မှာ ပစ်မှတ်ထားပြီး တိုက်ခိုက်နေတာတွေကို ကျနော်တို့အနေနဲ့ အထူးပဲ စိုးရိမ်ပါတယ်။ စစ်ပွဲတွေအတွင်းမှာ ပိတ်မိနေတဲ့သူတွေ၊ တိုက်ပွဲတွေဖြစ်နေတဲ့ဒေသက အရပ်သားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်တာတွေ ရှိတယ်ဆိုတာတွေ့ခဲ့ရပါတယ်။ ဒါကြောင့် အဲဒီဒေသက စစ်ဘေးရှောင်ပြည်သူတွေနဲ့ အရပ်သားတွေအပေါ်မှာ လူ့အခွင့်အရေးချိုးဖောက်တာတွေကို အဆုံသတ်ပြီး အပြည့်အဝအကာအကွယ်ပေးဖို့အတွက်လိုအပ်ပါတယ်။"

ဒါ့အပြင် စစ်ပွဲတွေအတွင်း အရပ်သားတွေကို သတ်ဖြတ်တာတွေ၊ အတင်းအကြပ် လုပ်အားပေးခိုင်းစေတာတွေ အပါအဝင် တခြားလူ့အခွင့်အရေးချိုးဖောက်တာတွေ ၂ ဘက်စလုံးက ကျူးလွန်ခဲ့တယ်လို့ သူကပြောပါတယ်။ ကချင်ပြည်နယ် နဲ့ ရှမ်းပြည်နုယ်မြောက်ပိုင်းက စစ်ပွဲတွေကြောင့် နယ်စပ်ကိုဖြတ်ပြီး တရုတ်နိုင်ငံဘက်ကို ထွက်ပြေးတိမ်းရှောင်ကြသူတွေလည်း တိုးလာနေတယ်လို့ Phil Robertson က ပြောပါတယ်။

"တိုက်ပွဲတွေပြင်းထန်လာတာနဲ့ အမျှ၊ လူတွေကလည်း ထွက်ပြေးစရာနေရာ သိပ်မရှိတော့ပါဘူး။ လက်တလောဖြစ်ခဲ့တဲ့ တိုက်ပွဲတွေကြောင့် တရုတ်နိုင်ငံထဲကို ထွက်ပြေးတဲ့သူအရေအတွက်ကလည်း တိုးလာနေပြီး၊ ကျနော်တို့ရရှိတဲ့ စာရင်းတွေအရတော့ ၁ သောင်းခွဲလောက် ရှိပါတယ်။ ၂၀၁၁ ကစပြီး၊ ကချင်ပြည်နယ် နဲ့ ရှမ်းပြည်နယ်မှာဖြစ်ခဲ့တဲ့ ဒီတိုက်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးနေရသူ ဒုက္ခသည်ဦးရေ ဟာ ၁ သိန်းခွဲလောက်ရှိပါတယ်။"

ကုလသမဂ္ဂအဖွဲ့အစည်းတွေအပါအဝင် နိုင်ငံတကာက အဲဒီဒုက္ခသည်ကို အကူအညီပေးဖို့လုပ်နေတာတွေမှာလည်း အခက်အခဲတွေရှိနေပြီး၊ ဒုက္ခသည်တွေအတွက် လိုအပ်နေတဲ့ အကူအညီတွေကို လွတ်လွတ်လပ်ပေးဖို့ ခွင့်ပြုသင့်တယ်လို့ Phil Robertson က ပြောပါတယ်။

"အဲဒီလူတွေအတွက် လူသားချင်းစာနာတဲ့ အကူအညီတွေပေးဖို့က ပိုခက်လာပါတယ်။ အထူးသဖြင့် ကုလသမဂ္ဂအပါအဝင် NGO အဖွဲ့အစည်းတွေရဲ့ လူသားချင်းစာနာတဲ့အကူအညီတွေပေးဖို့ ပိုခက်လာပြီး အတားအဆီးတွေ ပိုကြုံလာရပါတယ်။ အထူးသဖြင့် မြန်မာစစ်တပ်ဘက် တချို့နေရာတွေကို သွားခွင့်မပေးပဲ အတားအဆီးတွေလုပ်ခဲ့ပါတယ်။ မြန်မာစစ်တပ်အနေနဲ့ လူသားချင်းစာနာတဲ့ အကူအညီတွေကို ဘယ်နေရာကိုမဆို ပေးဖို့ခွင့်ပြုသင့်ပါတယ်။"

စစ်ဘေးရှောင်ဒုက္ခသည်တွေ အဓိကလိုအပ်နေတဲ့ အကူအညီတွေကတော့ စားနှပ်ရိက္ခာ၊ ဆေးဝါး နဲ့ အဝတ်အထည်တွေဖြစ်ပြီး၊ အခုအခါမှာ ဆောင်းရာသီကို ဝင်လာပြီးဖြစ်တဲ့အတွက် အနွေးထည်တွေ နဲ့ စောင်တွေလည်း အရေးတကြီးလိုအပ်တယ်လို့ သူကပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၀ ရက်နေ့ KIA ကချင်လွတ်မြောက်ရေးတပ် အပါအဝင် မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့တွေက ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့ ၁၀၅ မိုင်က ရဲစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။

အဲဒီနောက်ပိုင်းမှာ မြန်မာအစိုးရတပ်တွေ နဲ့ မြောက်ပိုင်းမဟာမိတ် တပ်ဖွဲ့တွေကြား တိုက်ပွဲတွေ ပြင်းထန်လာခဲ့တာဖြစ်ပါတယ်။ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့မှာတော့ KIA ကချင်လွတ်မြောက်ရေးတပ်, MNDAA ခေါ် ကိုးကန့်တပ်ဖွဲ့၊ TNLA တအာန်းပလောင်တပ်ဖွဲ့ နဲ့ AA လို့ခေါ်တဲ့ ရခိုင်တပ်မတော် တို့ပါဝင်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG