သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NLD အစိုးရအတွက် စိန်ခေါ်မှုများ


NLD အစိုးရ နှင့် အခက်အခဲများ
please wait

No media source currently available

0:00 0:11:02 0:00
တိုက်ရိုက် လင့်ခ်


ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာဆွေးနွေးခန်းမှာ NLD အစိုးရအနေနဲ့ တာဝန်ယူချိန်ကစလို့ မျှော်လင့်မထားတဲ့ အခက်အခဲတွေ ရင်ဆိုင်နေခဲ့ရပြီး အဓိက အခက်အခဲဟာ ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်ဆင်နိုင်ခြင်းမရှိတာဘဲ ဖြစ်တယ်လို့ NLD ဗဟိုအလုပ်အမှုဆောင် ဦးဉာဏ်ဝင်းက ပြောကြားလိုက်ပါတယ်။ ဒီအခက်အခဲတွေကို ကိုင်တွယ်ပုံတွေနဲ့ ပတ်သက်ပြီး ဦးကျော်ဇံသာ က ဦးဉာဏ်ဝင်းကို ဆက်သွယ်မေးမြန်း ဆွေးနွေးသုံးသပ်ထားပါတယ်။

ဦးကျော်ဇံသာ ။ ။ ပထမဦးဆုံး မေးချင်တာက ဆရာတို့ NLD အစိုးရ တာဝန်ယူကတည်းက အခုကြုံလာရတဲ့အထိ အောင်မြင်မှုတွေက ကျေနပ်နှစ်သက်လောက်တဲ့ အခြေအနေ ရှိပါလား။ သို့တည်းမဟုတ် ပိုပြီးတော့ စိန်ခေါ်မှုတွေများ ပိုပြီးများနေသလား ဆိုတာကို အကြမ်းမျဉ်း သုံးသပ်ပြပါ။ ပိုပြီးအောင်မြင်မှု ရှိခဲ့တယ် ထင်သလား။ အခက်အခဲတွေ ပိုတွေ့ရတယ်လို့ ထင်သလား။

ဦးဉာဏ်ဝင်း ။ ။ ကျနော့်ထင်မြင်ချက်အနေနဲ့တော့ အခက်အခဲတွေက ပိုပြီးတော့ တွေ့ရတယ်။ ကျနော်တို့ မမျှော်လင့်တဲ့ အခက်အခဲတွေ။ ကျနော်တို့ မျှော်လင့်တာ ခပ်သေးသေးပေါ့။ အခုတော့ ခပ်ကြီးကြီးတွေ့တယ်။ အဲဒါမျိုးတွေ တွေ့နေရတယ်လို့ ထင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ အဓိကအားဖြင့် အဲဒီအခက်အခဲတွေဟာ ပြည်တွင်းလား။ ပြည်ပလား။ ဘယ်ဟာကို အဓိက ပြောချင်ပါလဲ။

ဦးဉာဏ်ဝင်း ။ ။ ပြည်တွင်းကိုပဲ ပြောတာပါ။ အခက်အခဲက ပြည်တွင်းက အဓိကပါ။

ဦးကျော်ဇံသာ ။ ။ လူထုရဲ့ မျှော်လင့်ချက် သိပ်များလွန်နေလို့ လူထုရဲ့အတိုင်း ဖြစ်မလာနိုင်တာကို အခက်အခဲတခု ပြောချင်တာလား။

ဦးဉာဏ်ဝင်း ။ ။ ဒီလိုလဲ ပြောကြပါတယ်။ ဒီလိုလဲ တွေးကြပါတယ်။ ဒါပေမဲ့ တကယ့်လက်တွေ့ ကျနော်တို့ လူထုနဲ့ နီးစပ်တဲ့နေရာမှာ နေပြီးတော့ ပြောကြည့်ရင်တော့ အဲဒီလို မဟုတ်ဘူး။ လူထုက ဒီလောက် တောင်းဆိုနေတာ မဟုတ်ဘူး။ ဒါပေမဲ့ အောင်မြင်မှု အတိုင်းအတာ နည်းလွန်တယ်လို့ လူထုက ဒီလိုတော့ မြင်တယ်။

ဦးကျော်ဇံသာ ။ ။ လူထုဆိုလို့ လူထုနဲ့ ထိတွေ့ဆက်ဆံမှု - များသောအားဖြင့် နိုင်ငံရေးသမားတွေဟာ အာဏာရလာတဲ့အခါ လူထုနဲ့ တဖြည်းဖြည်း ကင်းကွာသွားတယ်။ လူထုအသံကို တိုက်ရိုက်မကြားဘူး။ လူထုနဲ့ တိုက်ရိုက်ထိတွေ့မှု နည်းတယ်လို့ သုံးသပ်ကြပါတယ်။ ဆရာတို့ NLD ပါတီမှာ တည့်တည့်မေးရရင် ခေါင်းဆောင်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လူထုနဲ့ ထိတွေ့မှု၊ လူထုအသံ ဒေါ်အောင်ဆန်းစုကြည်ဆီ တိုက်ရိုက်ရောက်ပါလား။

ဦးဉာဏ်ဝင်း ။ ။ ကျနော့်အမြင် ပြောရင်တော့ တိုက်ရိုက်ရောက်ပါတယ်။ ဒါပေမဲ့ အခုန ပြောနေတဲ့ အခက်အခဲဆိုတာတွေရယ်၊ ကိစ္စကြောင့် အောင်မြင်သင့်သလောက် မအောင်မြင်သေးဘူးလို့ ကျနော်တို့ ဒီလိုပဲ ပြောရမယ်။

ဦးကျော်ဇံသာ ။ ။ အခက်အခဲကို ပြောကြပါစို့။ အကြီးအကျယ်ဆုံး အခက်အခဲက ဘာလဲ ဆရာ။

ဦးဉာဏ်ဝင်း ။ ။ အကြီးမားဆုံး အခက်အခဲက ဖွဲ့စည်းပုံ အခြေခံဥပဒေ က ဒီမိုကရက်တစ် ဥပဒေဖြစ်ဖို့ အရေးကြီးဆုံး အခက်အခဲပါ။

ဦးကျော်ဇံသာ ။ ။ အဲဒါကို ရွေးကောက်ပွဲ မတိုင်ခင်ကတော့ အများကြီး ပြောခဲ့တယ်။ ရွေးကောက်ပွဲ မဲဆွယ်ကာလမှာလည်း ပြောခဲ့တယ်။ ရွေးကောက်ပွဲပြီးလို့ NLD အစိုးရ တာဝန်စယူတဲ့နောက်ပိုင်းမှာ ဒီကိစ္စကို လုံးဝကိုင်တာ မတွေ့ရတော့ပါဘူး။ ဘာဖြစ်လို့လဲ ဆရာ။

ဦးဉာဏ်ဝင်း ။ ။ ကျနော်တို့ ဘာဖြစ်လို့လဲဆိုတော့ ဥပဒေ ပြဌာန်းချက်အရ ကျနော်တို့က ကိုင်တွယ်ခွင့်ကို မရဘူး ဖြစ်နေတယ်။ ဥပဒေက ဒီလိုအခြေအနေမျိုးဆိုတာ ကျနော်တို့က အခုမှ ပြောနေတာ မဟုတ်ဘူး။ အရင်ကတည်းကလည်း ပြောပါတယ်။ သိလည်းသိပါတယ်။ သို့သော် ရွေးကောက်ပွဲ အနိုင်ရရင်တော့ ဒီဥစ္စာကို ဖြည်းဖြည်းချင်း ချောမွေ့သွားမယ်။ အဲဒီလို တွေးခဲ့တယ်။ တကယ့်လက်တွေ့မှာ ကြည့်ရင်မချောမွေ့သေးဘူး။ တကယ့် အခက်အခဲကိုလည်း မကျော်နိုင်သေးဘူး။ အရေးကြီးဆုံး ပြည်သူလူထုကို အကျိုးပြုတဲ့ကိစ္စတွေ လုပ်ဖို့နေရာမှာ အဲဒါတွေက အနှောင့်အယှက် အခက်အခဲတွေ အများကြီး ဖြစ်စေပါတယ်။

ဦးကျော်ဇံသာ ။ ။ တချို့က သုံးသပ်ပါတယ်။ အထူးသဖြင့် ပြည်ပက ပညာရှင် ပုဂ္ဂိုလ်တွေက ဘယ်လိုသုံးသပ်သလဲဆိုရင် တပ်မတော်ဟာ ပြည်ထောင်စု မပြိုကွဲရေးကို စိတ်ချတဲ့အခါမှ နောက်ဆုတ်မယ်။ အထူးသဖြင့် တိုင်းရင်းသား ညီညွှတ်ရေးကိစ္စ။ တိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းရေး ပြဿနာဟာ သူတို့ စိတ်ချလက်ချဖြစ်တဲ့ အခြေအနေရောက်ရင် တဖြည်းဖြည်း နောက်ဆုတ်မယ်လို့ ဆိုပါတယ်။ အဲဒါကော မှန်ပါလား။ သို့တည်းမဟုတ် အဲဒါကို ရမယ်ရှာပြီး အကြောင်းပြလား။ အဲဒီလိုလဲ နှစ်ဘက်စဉ်းစားကြည့်ပါတယ်။

ဦးဉာဏ်ဝင်း ။ ။ ကျနော့်အမြင်တော့ ရမယ်ရှာပြီးတော့ အကြောင်းပြတယ်လို့ပဲ မြင်ပါတယ်။ ကျနော်တို့ တကယ်တမ်းအားဖြင့် တိုင်းပြည်ကို တကယ်ချစ်ကြလို့ရှိရင် တိုင်းပြည်ချစ်တဲ့အလုပ်ကို ဝိုင်းလုပ်ကြ။ အခုက အဲဒီလို မဖြစ်ဘဲနဲ့ တပိုင်းက ကြိုးစားတယ်။ တပိုင်းက လက်မခံဘူး။ ခြုံပြီးတော့ ပြောလိုက်ရင်တော့ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ရှိတဲ့အတိုင်း ရှိနေတဲ့ အခြေခံဥပဒေက ပြည်သူလူထုရဲ့ ဆန္ဒနဲ့ မကိုက်ညီတဲ့ အချက်တွေ။ အဲဒါကြီးကို ဒါပဲ ဒါပဲလို့ ပြောရင်တော့ မသင့်တော်ဘူး ထင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ အထူးသဖြင့် တိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းရေး စေ့စပ်တဲ့နေရာမှာ တချို့တိုင်းရင်းသားတွေက ပြောပါတယ် - NCA သဘောတူညီချက် ပြည်လုံးကျွတ် အပစ်ရပ်စဲရေး သဘောတူညီချက်နဲ့ ပတ်သက်ပြီးတော့ ပြန်ပြင်ဖို့ တိုင်းရင်းသားတွေ တင်ပြပေမယ့် ဒေါ်အောင်ဆန်းစုကြည်က အဲဒါကို လုံးဝအလျှော့မပေးဘဲ ဒီအတိုင်းပဲ လက်မှတ်ထိုးဖို့ ပြောနေတာ။ အဲဒီကိစ္စမှာ တပ်မတော်ရဲ့ ဖိအားပါပါသလား။ သို့တည်းမဟုတ် ဒေါ်အောင်ဆန်းစုကြည်က ပြင်ပေးလို့ မရနိုင်ဘူးလားလို့ သူတို့ သုံးသပ်ကြပါတယ်။

ဦးဉာဏ်ဝင်း ။ ။ ကျနော်တို့ NCA ထဲကဟာကို ပြင်ဖို့ကိစ္စထက် အားလုံးပါဝင်လက်မှတ် ထိုးနိုင်ဖို့ ဘယ်ဟာက ပိုအရေးကြီးမလဲ။ ကျနော်တို့ အမျိုးမျိုး ပြောကြပါတယ်။ ကျနော်တို့က .. ပြောနေတာ မဟုတ်ပါဘူး။ ဘယ်ဖက်ကပဲ မှားမှား ပြင်ရမယ်။ လိုအပ်ရင်ပြင်ပါ။ မပြင်ဘူးလို့ NLD ဥက္ကဋ္ဌတို့ ဒီလိုပြောခဲ့တာ တခုမှ မရှိပါဘူး။

ဦးကျော်ဇံသာ ။ ။ အခုပြန်ပြီးတော့ ဒီအတိုင်းပဲ လက်မှတ်ထိုးပါလို့ ပြောတယ်လို့ဆိုတယ်။

ဦးဉာဏ်ဝင်း ။ ။ ကျနော်တို့ ဒီဥစ္စာ ပြင်ဖို့မပြင်ဖို့ဆိုတာ လက်မှတ်ထိုးလိုက်ပါ။ ပြင်ဖို့ကိစ္စကိုလည်း သီးခြားသွားလို့ ရပါတယ်။ တခုကိုတခု အမှီသဟဲ မရှိဘဲနဲ့ အတင်းရှိနေကြတဲ့သဘော ဖြစ်နေတယ်လို့ ကျနော် ထင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဆိုတော့ အခု (၂၁) ရာစု ပင်လုံကို ဒုတိယအကြိမ် ခေါ်ယူဖို့ စီစဉ်ထားပါတယ်။ အဲဒီမှာ ဘယ်လောက်ရွေ့မယ်လို့ ထင်ပါလဲ။ လက်ရှိအခြေအနေထက် ပိုပြီးတော့။

ဦးဉာဏ်ဝင်း ။ ။ ကျနော်တို့ ငြိမ်းချမ်းရေးအတွက်ဆိုရင် အပစ်အခတ်ရပ်စဲရေး၊ Political Dialogue နိုင်ငံရေးအရ တွေ့ဆုံဖို့ဆိုတာ ဒါတွေက အားလုံးတပြိုင်တည်း သွားရမှာ။ တခုပြီးမှ တခုလုပ်မယ်ဆိုရင် ဘယ်အလုပ်မှ အလုပ်မဖြစ်ပါဘူး။ အဲဒါ အဓိကအားလုံး ဒီလိုပဲ သဘောပေါက်သင့်တယ် ထင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဆရာက ဒုတိယအကြိမ် ကျင်းပပြီးရင် အခြေအနေထူးလာမယ်။ ရွေ့လာမယ်လို့ ထင်ပါလား။

ဦးဉာဏ်ဝင်း ။ ။ ယုံကြည်ပါတယ်။

ဦးကျော်ဇံသာ ။ ။ နောက် တချို့ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေနဲ့ ပြန်ပြီးတော့ စစ်ဖြစ်တဲ့ကိစ္စမှာ NLD အစိုးရဟာ ငြိမ်းချမ်းရေး ဘာညာသိပ်ပြောတာ မတွေ့ရဘူးလို့ ပြောပါတယ်။ ဆိုတော့ ဒီဘက် ထိုးစစ်ကိုပဲ အစိုးရဘက် ထိုးစစ်ဆင်တဲ့ကိစ္စဘက်က ရပ်တည်ပြီးတော့ ပြောနေတယ်။ တပ်မတော်ရဲ့ ထိုးစစ်ကို ရပ်တည်ပြီး ပြောနေတယ်လို့လဲ တချို့က သုံးသပ်ကြပါတယ်။ ဆရာ ဘာပြန်ပြောလိုပါလဲ။

ဦးဉာဏ်ဝင်း ။ ။ ကျနော်တို့က အဲဒီကိစ္စတွေကို အဲဒီလို လေလှိုင်းထဲမှာ ပြောရုံတင်မဟုတ်ပါဘူး တေ့တေ့ဆိုင်ဆိုင် ညှိနှိုင်းဆောင်ရွက်ဖို့ လုပ်ပါမယ်။ အပစ်အခတ်ရပ်စဲရေး လုပ်ထားပြီး ပစ်နေခတ်နေတဲ့ဆိုတဲ့ ကိစ္စမှာ ဘယ်သူက စတာလဲ - ဟိုဘက်ကစ၊ ဒီဘက်ကစ အမျိုးမျိုး ပြောနေကြတယ်။ အဲဒါက ဆုံဆည်းပြီးလုပ်မှ ပြေလည်မယ့်ကိစ္စမျိုး။ ပြောနေရုံနဲ့ ဘာမှ ဖြစ်လာမှာ မဟုတ်ဘူး။

ဦးကျော်ဇံသာ ။ ။ နိုင်ငံခြားဆက်ဆံရေးနဲ့ ပတ်သက်ပြီး မေးချင်ပါတယ်။ အာဆီယံထဲမှာ NLD အစိုးရ တက်လာပြီးကတည်းက မြန်မာနိုင်ငံဟာ အတော့်ကို မျက်နာပွင့်လင်းလာခဲ့ပါတယ်။ ကျနော်လည်း တချိန်တုန်းက အာဆီယံကိစ္စနဲ့ ပတ်သက်ပြီးတော့ ဘန်ကောက်ဗျူရိုမှာ ထိုင်ခဲ့တုန်းက အတော်လေးလုပ်ခဲ့ပါတယ်။ ဒါပေမဲ့ အခုနောက်ပိုင်းမှာ ရခိုင်ပြဿနာနဲ့ ပတ်သက်ပြီးတော့ နည်းနည်းစိန်ခေါ်မှုတွေ တွေ့ရပါတယ်။ အထူးသဖြင့် မလေးရှားနိုင်ငံက စပြီးတော့။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘယ်လိုသုံးသပ်လိုပါလဲ။ မလေးရှားရဲ့ ပြောကြားချက်ကို။ ပြင်ပလူတွေတချို့က ဘက်မလိုက်တဲ့ ထိုင်းကပညာရှင်တွေကလည်း ပြောကြပါတယ်။ မလေးရှားဝန်ကြီးချုပ်က သူ့နိုင်ငံရေးသိက္ခာကျနေတာကို အဖတ်ဆယ်ဖို့အတွက် ဒီဟာကို ကိုင်ပြီးကစားနေတယ်လို့။ ဆရာ့သုံးသပ်ချက်လေး ကြားချင်ပါတယ်။

ဦးဉာဏ်ဝင်း ။ ။ ကျနော်တို့က ရခိုင်မှာ ဖြစ်နေတဲ့ကိစ္စနဲ့ ပတ်သက်ပြီးတော့ အဲဒီလူမျိုးတွေကို ဒုက္ခသုက္ခရောက်အောင်၊ ဒီလူတွေကို ကယ်တင်လို့ မရအောင် ကျနော်တို့ ဘာတခုမှ မလုပ်ခဲ့ဘူး။ အဲဒီလူတွေကို ကယ်တင်လို့ မရအောင် အခက်အခဲဖြစ်စေတာ တချို့သော နိုင်ငံတကာအုပ်စု အသိုင်းအဝိုင်းကလုပ်လို့ အဲဒီလို ဖြစ်နေတာ။ ကျနော်တို့က ဖြေရှင်းချင်တယ်။ သူတို့က ဖြေရှင်းလို့မရအောင် လုပ်တယ်။ ဒီဥစ္စာတွေက လက်တွေ့အားဖြင့် ဒီမှာ တွေ့နေရတယ်။

ဦးကျော်ဇံသာ ။ ။ ဆိုတော့ အင်ဒိုနီးရှားရဲ့ ပါဝင်မှုက ဘယ်လောက် မလေးရှားနိုင်ငံရဲ့ သဘောထားကို တုံ့ပြန်နိုင်မယ်။ အဲဒါကို ဖာထေးနိုင်မယ်။ မလေးရှားကို ဒီလမ်းစဉ်အတိုင်း လိုက်လာအောင် ဆွဲဆောင်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါလား။ အင်ဒိုနီးရှားရဲ့ လုပ်ရပ်အပေါ်။

ဦးဉာဏ်ဝင်း ။ ။ ကျနော်တို့ အင်ဒိုနီးရှားရဲ့ သဘောထားက သိပ်အရေးကြီးပါတယ်။ အင်ဒိုနီးရှားက လူဦးရေအားဖြင့် အရေအတွက်များပြားတဲ့ အဲဒီဘာသာဝင်တွေ အများကြီးရှိပါတယ်။ အင်ဒိုနီးရှားရဲ့ သဘောထား၊ အဓိက မြန်မာနိုင်ငံ ပြဿနာနဲ့ ပတ်သက်ပြီးတော့ အဓိက ရောင်ပြန်ဟပ်နိုင်တဲ့ကိစ္စလို့ ထင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ရခိုင်ဒေသ ဖွံ့ဖြိုးရေးဆိုတာလဲ နိုင်ငံတကာက ပြောကြတာ များလှပါပြီ။ ဒီဒေသ ဖွံ့ဖြိုးအောင် လုပ်ပေးမယ်ဆိုတာ နိုင်ငံတကာအဖွဲ့အစည်းပေါင်းစုံ၊ နိုင်ငံတကာက ပြောပါတယ်။ ဒီပြဿနာ ဖြစ်နေတာလဲ ကြာပါပြီ။ ဒါပေမဲ့ လောလောဆယ်မှာ ဘာမှဖွံ့ဖြိုးတိုးတက်မှု မရှိသေးဘူးလို့ သုံးသပ်ကြပါတယ်။

ဦးဉာဏ်ဝင်း ။ ။ ဟုတ်ပါတယ်။ ဖွံ့ဖြိုးတိုးတက်မှု မရှိပါဘူး။ ဘာဖြစ်လို့ ဖွံ့ဖြိုးတိုးတက်မှု မရှိသလဲဆိုတော့ ဒီမှာ တကယ့် နိုင်ငံရေးပြဿနာကို မရှင်းနိုင်ကြဘူး။ နိုင်ငံရေးပြဿနာ မရှင်းဘဲနဲ့ ဆေးမြီးတိုတွေနဲ့ ကုနေတာ ရေရှည်ဖြစ်နေတဲ့အတွက် ဒီလို ဖြေရှင်းလို့ မရတာလို့ အဲဒီလို ယူဆပါတယ်။

ဦးကျော်ဇံသာ ။ ။ နောက်ဆုံးမေးလိုတာက NLD ပါတီတွင်း ကိစ္စ ဖြစ်ပါတယ်။ အထူးသဖြင့် ခေါင်းဆောင်မှု ဆက်ခံရေး ဖြစ်ပါတယ်။ အဲဒါနဲ့ ပတ်သက်ပြီးတော့ NLD မှာ ပြင်ဆင်မှု အခုထိ မရှိသေးဘူးလို့ တချို့ပြောကြပါတယ်။

ဦးဉာဏ်ဝင်း ။ ။ ဒါကလဲ အတော်ဖြေရှင်းရခက်တဲ့ ပြဿနာပါ။ NLD မှာ တောက်လျှောက် ကျနော်တို့အပါအဝင် လုပ်လာတဲ့ လူတွေက ဘာသံယောဇဉ်မှ မရှိဘူး။ နိုင်ငံရေး သံယောဇဉ် ဒီမိုကရေစီ တခုတည်းနဲ့ လုပ်ခဲ့ကြတာ။ ဒီလိုလူတွေ အများကြီး ရှိနေတဲ့အတွက် အခုန ဆက်ခံရေးကိစ္စမှာ အထူးစိုးရိမ်စရာတော့ မရှိသေးဘူးလို့ပဲ ကျနော် ယူဆပါတယ်။

ဦးကျော်ဇံသာ ။ ။ မရှိသေးဘူးဆိုတာ ဟုတ်တယ်။ ဆရာတို့က ဘာမျှော်မှန်းချက် မရှိဘဲ ဆရာတို့ရဲ့ First Generation Leadership ခေါ်ရမယ့် ပုဂ္ဂိုလ်တွေကတော့ ဟုတ်တယ်။ ကိုယ်ကျိုးစွန့်ပြီး ဘာမှမမျှော်လင့်ဘဲ တိုင်းပြည်အတွက်ပဲလုပ်တာ။ အဲဒီလိုလူမျိုး ဆရာတို့လိုလူမျိုး နောက်ထပ်ဆက်ပြီးတော့ အစားထိုးနိုင်မယ့်လူတွေ ရှိပါပြီလား။

ဦးဉာဏ်ဝင်း ။ ။ ကျနော်တို့ ရှိပါတယ်။ ကျနော်တို့ တတ်နိုင်သမျှ လိုအပ်တဲ့ အပြည့်ရှာနေတယ်လို့တော့ မပြောနိုင်ဘူး၊ သို့သော် ရှိပါတယ်လို့ပဲ ပြောချင်ပါတယ်။

XS
SM
MD
LG