သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လုပ်ကြံတိုင်တန်းမှုတွေအကြောင်း ရခိုင်ပြည်နယ်ရဲချုပ် ရှင်းလင်း


မောင်တောရောက် သတင်းအဖွဲ့ ဒေသခံများကို တွေ့ဆုံမေးမြန်း။ ( သတင်းဓာတ်ပုံ- MOI)
မောင်တောရောက် သတင်းအဖွဲ့ ဒေသခံများကို တွေ့ဆုံမေးမြန်း။ ( သတင်းဓာတ်ပုံ- MOI)

ရခိုင်ပြည်နယ်မောင်တောဒေသတွင်း မဟုတ်မမှန် လုပ်ကြံတိုင်တန်းပေးမယ်ဆိုရင် အထောက်အပံ့တွေပေးမယ်ဆိုတဲ့ သိမ်းသွင်း ခံနေရတာရှိနေပြီး အကြမ်းဖက်မှုတွေဖြစ်ခဲ့တဲ့ ဒေသမှာ မူဆလင်တချို့က လိမ်ညာလီဆယ်ပြီးတိုင်တန်းမှုတွေ ရှိနေတယ်လို့ ရခိုင်ပြည်နယ်ရဲချုပ်က မနေ့က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ အောက်တိုဘာ ၉ရက် နောက်ပိုင်း လုံခြုံရေး ရယူတာမှာ စည်းကမ်းဖောက်ဖျက်မှု၊ ကျင့်ဝတ်မနာ ခံမှုတွေကြောင့် လုံခြုံရေး တာဝန်ယူခဲ့တဲ့ တပ်မတော်နဲ့ ရဲတပ်ဖွဲ့ဝင်တွေ အယောက် ၂၀ကိုလည်း ဥပဒေအရ အရေးယူထားတာရှိတယ်လို့လည်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ဒီသတင်းကိုတော့ ရခိုင်ပြည်နယ်ကို ကိုယ်တိုင်သတင်းသွားရောက်ရယူနေတဲ့ ဗွီအိုအေ မြန်မာပိုင်းကမေခကပေးပို့ထားပါတယ်။

ရခိုင်ပြည်နယ်မောင်တောမှာ အကြမ်းဖက်တိုက်ခိုက်မှုတွေ လုပ်ဆောင်ပြီးနောက်ပိုင်း နယ်မြေတည်ငြိမ်ရေး လုပ်ဆောင်တဲ့လုံခြုံ ရေး တာဝန်ယူသူတွေကို လူ့အခွင့်အရေး ချိုးဖောက်တယ်ဆိုတဲ့ စွပ်စွဲမှုတွေ တော်တော်လေးပြင်းထန်ခဲ့ပါတယ်။

လက်ရှိအချိန်ထိ လူ့အခွင့်အရေး ချိုးဖောက်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ရခိုင်ပြည်နယ်မှာ ရှိနေတဲ့ မူဆလင်အချို့က တိုင်တန်းလာတဲ့ အမှု ၂၀ကျော် ရှိနေပါတယ်။ ဒီစာရင်းဟာ ပြီးခဲ့တဲ့ မေလ ၃၀ရက်နေ့ထိ ရရှိထားတဲ့ စာရင်းဘဲဖြစ်ပါတယ်။ ဒီတိုင်တန်းထားတာတွေကို စစ်ဆေးတာမှာ အထောက်အပံ့တွေပေးမယ်ဆိုတဲ့ သိမ်းသွင်းထားမှုကို ယုံစားပြီး တိုင်တန်းမှုတွေရှိတယ်လို့ ရဲမှူးကြီး သူရစန်းလွင်က ပြောဆိုလိုက်တာပါ။

လိမ်ညာတိုင်တန်းမှုအများစုဟာ အကြမ်းဖက်တိုက်ခိုက်မှုအပြီး လုံခြုံရေးပြန်လည် ရယူတာမှာ လူ့အခွင့်အရေးချိုးဖောက်ခါ သတ်ဖြတ်မှုတွေ လုပ်ဆောင်ခဲ့တယ်လို့ စွပ်စွဲပြီး ဦးခေါင်းရိုးခွံတွေကို ပြကာ လာရောက်တိုင်တန်းမှုတွေပဲဖြစ်ပါတယ်။ စစ်ဆေးလိုက်တာ မှာတော့ ဒီအရိုးစုတွေဟာ ၃၊ ၄ လအတွင်း သေဆုံးခဲ့တာမဟုတ်ပဲ တနှစ် ဒါမှမဟုတ် တနှစ်နဲ့အထက် သေဆုံးခဲ့တဲ့အခြေအနေတွေဖြစ်နေတယ်လို့ သူကပြောတာပါ။

" ကျနော်တို့ ကျားခေါင်းတောင်ကျေးရွာမှာ မူဆလင်အိမ်တွေကို မီးရှို့သတ်ဖြတ်ပြီးတော့ အလောင်းတွေမြုပ်နှံထားသူကို စုံစမ်းဖော်ထုတ်အရေးယူပေးဖို့ တိုင်ကြားတဲ့ အမှုဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်လို့ မြေမြုပ်ထားတဲ့နေရာကို လိုက်လံပြသနိုင်ကြောင်း အဲ့ဒီ့အမျိုးသမီးက ပြောပြီးတော့မှ ပါဝင်တဲ့အဖွဲ့တွေကို လိုက်လံပြသတဲ့အခါမှာ လိုက်လံပြသနိုင်ခြင်း မရှိဘူး။ လိမ်လည်ပြောကြားခြင်းသာဖြစ်ကြောင်း ဘာကြောင့် ဒီလိုပြောလဲဆိုတော့ ဒီလိုပြောမယ်ဆိုရင် ထောက်ပံ့ကြေးတွေ ရရှိမယ်လို့ ပြောကြားခဲ့တဲ့အတွက် အမှုကို လီဆည်မှုနဲ့ပိတ်သိမ်းပြီးတော့မှ ကျနော်တို့ မောင်တောခရိုင်ဥပဒေရုံးကို တင်ပြပြီး ခရိုင်ကနေပြီးတော့မှ ပြည်နယ်ဥပဒေရုံးကို တင်ပြထားရှိဆဲဖြစ်ပါတယ်ခင်ဗျ။

အခုလို လိမ်ညာတိုင်တန်းမှုတွေလုပ်ဆောင်နေတဲ့အပေါ်မှာ အစိုးရဘက်က မကြာခင်မှာ တုံ့ပြန်မှုတခုလုပ်သွားမယ်လို့လည်း သူက ပြောဆိုပါသေးတယ်။

အမှု ၂၀မှာ ပစ္စည်းပျောက်ဆုံးလို့ တိုင်တန်းတာ ၂မှု၊ အဓမ္မပြုခံရတယ်လို့ တိုင်တန်း ခံရတာက ၆မှုလောက် ရှိနေပါတယ်။ ဒီအမှု ၂၀ကျော်မှာတော့ အမှု ၃မှုကတော့ သေနတ်မှန်လို့ သေဆုံးတယ်လို့ ယူဆရတဲ့ အမှုတွေဖြစ်တယ်လို့ သူရဦးစန်းလွင်ကပြောပါတယ်။

အစ္စလာမ်ဘာသာဝင်တွေဘက်က သူတို့မိသားစုတွေ အသတ်ခံရတယ်လို့ တိုင်တန်းမှုတွေနဲ့ ပတ်သတ်ပြီး စစ်ဆေးမှုတွေပြုလုပ်တာမှာ အကြမ်းဖက်ကာလအတွင်း အသတ်ခံရတာ ဟုတ်မဟုတ်ကို ဘယ်လို အတည်ပြု လုပ်ဆောင်သလဲ ဆိုတာနဲ့ပတ်သတ်လို့ ဗွီအိုအေကမေးမြန်းမှုကို သူရဦးစန်းလွင်က ဖြေခဲ့ပါတယ်။

"သူတို့ ဒီအသတ်ခံရတယ် ဒီမြေမြုပ်ထားတယ် ဆိုလို့ရှိရင် ဆရာဝန်လည်း ပါရတယ်။ ဥပဒေအကြံပြုလည်း ပါရတယ်။ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့လည်းပါရတယ်။ နောက် စည်ပင်သာယာအဖွဲ့လည်း ပါရတယ်။ ဒီအဖွဲ့တွေနဲ့သွားရောက်စစ်ဆေးပြီးတော့ ဒီစစ်ဆေးဖော်ထုတ်ချက်အရ သူတို့တဦးချင်းရဲ့ သုံးသပ်ချက်နဲ့အတူ ကျနော်တို့က အမှုကို တည်ဆောက်ဆောင်ရွက်ရတာပါ။ Confirmation ပေးဖို့ကျတော့ မှုခင်းဆရာဝန်ရဲ့ ဆေးမှတ်ချက်နဲ့သာလျှင် ကျနော်တို့က အတည်ပြုလို့ရတာဖြစ်ပါတယ်။"

ပြည်ပနိုင်ငံတွေဘက်ကတော့ ဒီအကြမ်းဖက်တိုက်ခိုက်မှုအတွင်းမှာ လုံခြုံရေး ပြန်လည်တာဝန်ယူထားသုူတွေက လူ့အခွင့်အရေးချိုးဖောက်ကာ သတ် ဖြတ်မှုတွေ ရှိနေတယ်လို့ ထောက်ပြမှုတွေ ရှိနေပါတယ်။ အမည်မရှိပိုင်ရှင်မပေါ်တဲ့အလောင်းတွေ ပေါ်ပေါက်မှုတွေရှိနေပြီး ဘယ်လိုကြောင့်သေဆုံးရသလဲဆိုတာကိုတော့ တိတိကျကျ မသိတာတွေ၊ အစိုးရဘက်က ထုတ်ဖော်ပြောဆိုနိုင်ခြင်း မရှိနေတာတွေရှိနေတာကြောင့် ဝေဖန်မှုတွေကို ပိုပြီး မြင့်တက်စေတာပါ။။

ဒီကြားထဲမှာလဲ လူ့အခွင့်အရေး ချိုးဖောက်တဲ့ စစ်ဆေးမှု တွေကို လုံခြုံရေး တာဝန်ထမ်းသူတွေ လုပ်ဆောင်နေတဲ့ ဗွီဒီယိုဖိုင်တက်လာတာတွေကလည်း ဝေဖန်ထောက်ပြစရာတွေဖြစ်လာခဲ့ပါတယ်။ ဒီလို နိုင်ငံတကာဘက်ကဝေဖန်မှုတွေနဲ့ ပတ်သတ်လို့ သူရဦးစန်းလွင်က ဗွီအိုအေကိုဖြေပါတယ်။

"ဥပဒေနဲ့အညီဆောင်ရွက်ဖို့ အားလုံးဆင့်ကဲဆင့်ကဲ အမိန့်နဲ့ညွှန်ကြားချက်နဲ့ ညွှန်ကြားထားပြီးသား။ ညွှန်ကြားထားသော်လည်းပဲ စည်းကမ်းဖောက်ဖျက်တဲ့အတွက် အရေးယူရတဲ့ဖြစ်စဉ်တွေလည်း အများကြီးရှိခဲ့တယ်။ ဒီလိုကျူးလွန်လို့ ဒီလိုခွင့်ပြုတယ်ဆိုတာ မရှိခဲ့ဘူး။ အဲ့တော့ ဒီလိုတာဝန်ထမ်းဆောင်ရင်းနဲ့ကျူးလွန်ခဲ့တာ ရှိကောင်းရှိနိုင်မယ် မရှိဘူးလို့လည်း ကျနော်ပြောလို့မရဘူး။ ရှိပါတယ်လို့လည်း ကျနော် အတိအကျပြောလို့မရဘူး။ ဒီလိုကျူးလွန်ခဲ့ရင်လည်း ကျနော်တို့က ဥပဒေနဲ့အညီအရေးယူရတာပဲ။"

အောက်တိုဘာ ၉ရက် နောက်ပိုင်း လုံခြုံရေးရယူတာမှာ စည်းကမ်းဖောက်ဖျက်မှု၊ ကျင့်ဝတ်မနာ ခံမှုတွေကြောင့် လုံခြုံရေးတာဝန်ယူခဲ့တဲ့ တပ်မတော်နဲ့ရဲတပ်ဖွဲ့ဝင်တွေ အယောက် ၂၀ကျော်ကိုလည်း ဥပဒေအရ အရေးယူထားတာရှိ တယ်လို့ရဲမှုးက ထုတ်ဖော်ပြောဆိုခဲ့ပေမယ့် ဒါပေမဲ့ ဘယ်လိုကျူးလွန်မှုတွေကြောင့် အရေးယူထားသလဲ ဆိုတာကိုတော့ တိတိကျကျမပြောခဲ့ပါဘူး။

ကုလအတွင်းရေးမှုးဟောင်း ကိုဖီအာနန်ဦးဆောင်တဲ့ ရခိုင်အကြံပေးကော်မရှင်ဘက် ကတော့ ရခိုင်ပြည်နယ်တွင်းမှာ သီးခြား လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုကော်မရှင် တခုဖွဲ့ပြီး အမှုတွေကို စစ်ဆေးဖို့ ကြားဖြတ်အစီရင်ခံစာမှာ တိုက်တွန်းထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG