သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစိမ်းရောင်ကဒ် NVC ကိုဘာကြောင့် လာမထုတ်ကြတာလဲ


အစိမ်းရောင် သက်သေခံကဒ်ပြား NV card ထုတ်ပေးနိုင်ရေး ဆောင်ရွက်နေကြသည့် လ.ဝ.က အရာရှိများ
အစိမ်းရောင် သက်သေခံကဒ်ပြား NV card ထုတ်ပေးနိုင်ရေး ဆောင်ရွက်နေကြသည့် လ.ဝ.က အရာရှိများ

ရခိုင်ပြည်နယ် မောင်တောခရိုင်အတွင်းမှာ နိုင်ငံသား စိစစ်ခံရမည့်သူ၏ အစိမ်းရောင် သက်သေခံကဒ်ပြားတွေ (National Verification Card - NVC) ထုတ်ယူလိုတဲ့ အစ္စလမ်ဘာသာဝင် မွတ်စလင်အချို့မှာ ဒီကဒ်ထုတ်ဖို့လုပ်လို့ အသက်အန္တရာယ် ခြိမ်းခြောက် ခံရတာတွေရှိပြီး မထုတ်ယူရဲတာ၊ ထုတ်ပြီး ခိုးကြောင်ခိုးဝှက်နေရ တာတွေရှိနေတယ်လို့ ရခိုင်ပြည်နယ် ရဲမှူးသူရဦးစန်းလွင်က ပြောပါတယ်။ လက်ရှိ မောင်တောမှာ အစ္စလမ်ဘာသာဝင် လူဦးရေဟာ ၈ သိန်းနီးပါး ရှိနေပေမယ့် ကဒ်ထုတ်ယူထားတဲ့လူဦးရေဟာ ၄၀၀၀ ကျော်သာ ရှိသေးတယ်လို့ မောင်တောခရိုင် လူဝင်မှုကြီးကြပ်ရေးက ပြောဆိုပါတယ်။ ဒီသတင်းကို ရခိုင်ပြည်နယ် မောင်တောဒေသမှာ ကိုယ်တိုင်သွားရောက် သတင်းယူနေတဲ့ မေခက ပေးပို့ထားပါတယ်။

ဒီအစိမ်းရောင် သက်သေခံကဒ်ပြား ထုတ်ပေးတဲ့ လုပ်ငန်းစဉ်ကိုတော့ ရခိုင်ပြည်နယ်တခုလုံးမှာ လုပ်ဆောင်နေတာပါ။ ပြီးခဲ့တဲ့နှစ်အတွင်း ရခိုင်ပြည်နယ် မှာရှိတဲ့ အစ္စလမ်ဘာသာဝင် မွတ်စလင်အချို့ကို White Card ခေါ် ယာယီသက်ခံ လက်မှတ်တွေ ထုတ်ပေးခဲ့ပါတယ်။ အဲဒီကဒ်မှာ သက်တမ်းပါရှိခဲ့ပြီး သက်တမ်း ကုန်ဆုံးချိန်မှာ အဲဒီ White Card ကို ပြန်လည် အပ်နှံကြဖို့ အစိုးရက သတ်မှတ်ကြေညာ ခဲ့ရာမှာ ရခိုင်ပြည်နယ်တွင်း White Card ကိုင်ဆောင်သူ ၆ သိန်းကျော်အနက်က ၄ သိန်း နီးပါးလောက်သာ ပြန်အပ်နှံခဲ့ပါတယ်။

ဒီလို အပ်နှံသူတွေကို ပေးအပ်ခဲ့တဲ့ ဖြတ်ပိုင်းတွေကို အစိမ်းရောင်ကဒ်တမျိုး ထပ်မံ ထုတ်ပေးပြီး ဒီကဒ်ကိုင်ဆောင် ထားသူတွေဟာ နိုင်ငံသားလျှောက်ထားခွင့် ရရှိကြောင်း အစိုးရက ထုတ်ပြန်ခဲ့ပါတယ်။ ဒီလို ထုတ်ပြန်ခဲ့ပေမယ့် အစ္စလမ်ဘာသာဝင် လူအများစုကတော့ အစိမ်းရောင် ကဒ်ဟာ နေထိုင်ခွင့်ပြုတဲ့ လက်မှတ်မျှသာဖြစ်ပြီး ယာယီ သက်သေခံလက်မှတ် White Card ထက် အဆင့်နိမ့်တယ်လို့ ယူဆကာ အစိမ်းရောင်ကဒ် လာမထုတ်သူတွေ ရှိနေတာပါ။

ဒီလိုအချက်အပြင် လာထုတ်ရင် အသတ်ခံရမယ်ဆိုတဲ့ ခြိမ်းခြောက်မှုတွေကြောင့် ကြောက်ရွံ့ပြီး လာမထုတ်တာ ရှိနေတယ်လို့ ရခိုင်ပြည်နယ်ရဲမှူး သူရဦးစန်းလွင်က ပြောဆိုလိုက်တာပါ။

“ တချို့တွေက ဒီကဒ်ကို .. တချို့က လျှို့ဝှက်ပြီးယူကြရတယ်။ ကဒ်ကို လုပ်မယ်ဆိုရင် သတ်မယ်ဆိုတဲ့ အဆင့်ထိဖြစ်လို့ တချို့တွေ ကိုယ့်ရွာမှာကိုယ် မနေရဲပဲနဲ့ ရှောင်နေရတဲ့သူတွေရှိတယ်။ ဒါက ဦးဆောင်သူ တစုကနေပြီးတော့ ချုပ်ကိုင်ထားတာ။ တကယ်လို့ လုပ်ကြပါလို့ ပြောလိုက်တာနဲ့ ဒီ NV Card က တိုးပြီးတော့ လုပ်နေကြမှာပါပဲ။ အခု နိုင်ငံသားကဒ်- ပန်းရောင်နိုင်ငံသားကဒ် ယူတာတောင် ခိုးဝှက်ပြီးတော့ လက်ခံနေကြရတယ်။ နားလည်တဲ့ သူတွေက နိုင်ငံသား အခွင့်အရေး ရမယ်ဆိုတာသိတယ်။”

နိုင်ငံသားစိစစ်ခံရမည့်သူ၏ သက်သေခံကဒ်ပြား NV card
နိုင်ငံသားစိစစ်ခံရမည့်သူ၏ သက်သေခံကဒ်ပြား NV card

လက်ရှိမောင်တောမှာ အစ္စလမ်ဘာသာဝင် လူဦးရေဟာ ၈ သိန်းနီးပါး ရှိနေပေမယ့် ကဒ်ပြားထုတ်ယူထားတဲ့ လူဦးရေဟာ ၄၀၀၀ ကျော်သာ ရှိပါသေးတယ်လို့ မောင်တောခရိုင် လူဝင်မှုကြီးကြပ်ရေး လက်ထောက်ညွှန်ကြားရေးမှူး ဦးသန်းရွှေက ပြောပါတယ်။

“ NVC နဲ့ပတ်သက်ပြီး စတင်ဆောင်ရွက်ခဲ့တဲ့ ၁၆ ရက် ၅ လ ၂၀၁၅ ကနေ စတင်ခဲ့တယ်။ ပထမအစိုးရ လက်ထက်ကနေ အခုချိန်ထိ ကျနော်တို့ မောင်တောခရိုင် အနေနဲ့ကတော့ ၄၆၃၇ ကဒ်ထုတ်ပေးပြီး ဖြစ်ပါတယ်။ ကျေးရွာအလိုက်ပေါ့နော် လွယ်လွယ်ကူကူ လုပ်ပေးနိုင်အောင် ဆိုပြီးတော့ ကျေးရွာအုပ်စုအလိုက်၊ စခန်းအလိုက်၊ နယ်မြေအလိုက်ပေါ့ ကွင်းဆင်းဆောင်ရွက်ပြီး ထုတ်ပေးလျက်ရှိပါတယ် ”

လက်ရှိ ဒီအစိမ်းရောင် NVC ကဒ်ကိုင်ဆောင်ထားသူရမယ့် အခွင့်အရေးတွေနဲ့ပတ်သတ်ပြီး ရခိုင်ပြည်နယ်ရဲမှုး သူရဦးစန်းလွင်က မောင်တောခရိုင်လဝက ကိုယ်စားအခုလို ရှင်းပြပါတယ်။

“ လက်ရှိ I.D ကဒ်ကိုင်ဆောင်တဲ့သူသည် မောင်တောမြို့နယ်အတွင်းမှာ လွတ်လပ်စွာ သွားလာခွင့်ပြုထားတယ်။ တကယ်လို့ တဖက်နိုင်ငံ ကို သွားတဲ့အခါ နေ့ချင်းပြန် ခရီးသွားလာမယ်၊ ၇-ရက် ပတ်စ်ပို့နဲ့ သွားမယ်ဆိုရင်လည်း ဒီကဒ်တွေ ကိုင်ဆောင်တဲ့သူတွေကို ကျနော်တို့ ခွင့်ပြုပေးနေတယ်။”

အစိမ်းရောင်ကဒ်တမျိုး ထပ်မံ ထုတ်ပေးပြီး ဒီကဒ်ကိုင်ဆောင် ထားသူတွေဟာ နိုင်ငံသားလျှောက်ထားခွင့် ရကြမှာပါ။ လက်ရှိနိုင်ငံသားလျှောက်ဖို့မှာက ၁၉၈၂ နိုင်ငံသားဥပဒေနဲ့ ကိုက်ညီမှုရှိမရှိ စစ်ဆေးပြီးပေးမှာဖြစ် ပါတယ်။ ဒါပေမယ့် တချို့သော ရခိုင်ပြည်နယ်မှာရှိတဲ့ အစ္စလမ်ဘာသာဝင်တွေက သူတို့မှာ အခြေအနေအမျိုးမျိုးကြောင့် ၁၉၈၂နိုင်ငံသား ဥပဒေမှာ နိုင်ငံသားဖြစ်ဖို့လျှောက်မယ် ဆိုရင်ရှိရမယ့် သက်သေ အထောက်အထား တွေကိုပျောက်ဆုံး သွားတာတွေကြောင့် လျှောက်ထားဖို့ အခက်အခဲတွေ ရှိနေတယ်လို့ ထောက်ပြပြောဆို မှုတွေရှိနေပါတယ်။ ဒီအပေါ် သူရဦးစန်းလွင်က

“ အဖိုးအဖွားသည် သူတို့ကဒ် သူတို့ကိုင်ထားတယ်၊ အဖေအမေသည် သူတို့ကဒ် သူတို့ကိုင်ထားတယ် .. ဆိုရင် သားသမီးသည် အခု NV Card ထုတ်ပြီးတာနဲ့ သူဟာ နိုင်ငံသား မှတ်ပုံတင်လျှောက်လို့ ရတယ်။ ဆိုလိုတာသည် ဒီ သူ့အဖိုးအဖွား လက်ထက်က ဒီမြေဒီရေမှာ နေထိုင်ခဲ့ပါတယ်ဆိုတဲ့ ခိုင်လုံတဲ့ အထောက်အထား ရှိရင်ကို … ဒါ မြေးလုပ်တဲ့သူသည် နိုင်ငံသား ခံစားခွင့် သူ့မှာရှိတယ်ဆိုတဲ့ သဘောပဲ။ သို့သော် ကိုယ်တိုင်လျှောက်ထား မှသာလျှင် ထုတ်ပေးလို့ရမှာပါ။ သူကိုယ်တိုင် နိုင်ငံသားဖြစ်ခွင့် ရှိမရှိဆိုတာက စောစောကပြောသလိုပဲ သူ့ရဲ့မိဘဘိုးဘွား ဒီဗမာပြည်မှာ နေထိုင်မှုပေါ်မှာ မူတည်ပြီးတော့ပဲ ဒါ ခံစားခွင့်ရှိပါတယ်။

လက်ရှိမှာ NVC ကဒ်လို့ခေါ်တဲ့ အစိမ်းရောင်ကဒ် မထုတ်သူအများစုကတော့ အစိုးရလက်မခံတဲ့ ရိုဟင်ဂျာဆိုတဲ့ အမည်နဲ့ နိုင်ငံသားကဒ်လုပ်ပေးဖို့ တင်ပြထားသူတွေပါ။အစိုးရက ဒီကဒ်မရှိသူတွေကို နယ်ကျော်သွားလာခွင့်၊ ရာအိမ်မှူး ဆယ်အိမ်မှူး လုပ်ဖို့ လျှောက်ထားခွင့်အပါအဝင် ငါးဖမ်းခွင့်တွေ မပေးပါဘူး။ ဒီကဒ်ကနေ နိုင်ငံသားဖြစ်မှုလုပ်ငန်းကို ဆက်လက် ပါဝင်ဆောင်ရွက်နိုင်တယ်ဆိုတာက အင်မတန် အရေးကြီးတဲ့ ရပိုင်ခွင့် အခွင့်အရေး ဖြစ်တယ်လို့အစိုးရက ပြောဆိုထားပါတယ်။ ဒီပြင် NV card ကိုင်ထားတဲ့လူတွေကို တဘက်နိုင်ငံ ပြန်ပို့မယ်ဆိုတာ လုံးဝမဟုတ်ဘူးလို့လည်း ထုတ်ပြန်ပြောဆိုထားပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG