သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

"လူမျိုးတုံးသတ်ဖြတ်မှု"အသုံးအနှုံး သေချာစုံစမ်းစစ်ဆေးသင့်ဟု လူ့အခွင့်အရေးအကဲခတ်ဆို


ဘင်္ဂလားဒေ့ရှ်ဘက် တိမ်းရှောင်လာကြတဲ့ မူဆလင် ဒုက္ခသည်များ။ ( ဇွန် ၁၃၊ ၂၀၁၂)
ဘင်္ဂလားဒေ့ရှ်ဘက် တိမ်းရှောင်လာကြတဲ့ မူဆလင် ဒုက္ခသည်များ။ ( ဇွန် ၁၃၊ ၂၀၁၂)

ရခိုင်ပြည်နယ်က ရိုဟင်ဂျာအသိုင်းအဝိုင်းအပေါ် လူ့အခွင့်ရေးချိုးဖေါက်မှုတွေ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပေါ်နေပြီး လူမျိုးတုံးသတ်ဖြတ်မှုအထိကျူးလွန်နေတယ်ဆိုတဲ့ သတင်းတွေနဲ့ပတ်သက်ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က လူမျိုးတုံး သတ်ဖြတ်တာမရှိဘူးလို့ ငြင်းဆိုမယ့်အစား၊ ဒီသတင်းတွေမှန်မမှန် စုံစမ်းစစ်ဆေးသွားမယ်လို့ပြောသင့်ကြောင်း မြန်မာ့အရေးအနီးကပ်လေ့လာနေတဲ့ လူ့အခွင့်အရေးအကဲခတ်ပုဂ္ဂိုလ်က ထောက်ပြလိုက်ပါတယ်။ ဒေါ်ခင်စိုးဝင်းကပြောပြပေးမှာပါ။

မနှစ်က ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ အောက်တိုဘာလကစပြီးဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေနောက်ပိုင်း နယ်မြေရှင်းလင်းရေးစစ်ဆင်ရေးတွေမှာ လူမျိုးတုံးသတ်ဖြတ်မှုတွေဖြစ်ခဲ့တယ်ဆိုတဲ့ အသုံးအနှုံးကို Bangladesh နိုင်ငံရှိ UNHCR ဒုက္ခသည်များဆိုင်ရာကုလသမဂ္ဂမဟာမင်းကြီးရုံးခွဲတာဝန်ခံကပြောဆိုခဲ့တာသာဖြစ်ပြီး၊ ကုလသမဂ္ဂရဲ့ အတည်ပြုအသုံးအနှုံးမဟုတ်သလို၊ တခြားယုံကြည်ကိုးစားရတဲ့ နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့ကြီးတွေကလည်း ဒီနေ့အထိ အဲဒီအသုံးအနှုံးကို အတည်မပြုသေးပါဘူးလို့ HRW လူ့အခွင့်အရေးစောင့်ကြည့်တဲ့အဖွဲ့၊ အာရှရေးရာဒါရိုက်တာဟောင်း David Mathieson ထောက်ပြလိုက်ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က BBC နဲ့ တွေ့ဆုံမေးမြန်းခန်းမှာ လူမျိုးသတ်ဖြတ်မှုမရှိဘူးလို့ ငြင်းဆိုလိုက်တာနဲ့ပတ်သက်လို့ David Mathieson က အခုလိုသုံးသပ်ပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်က ဒီအသုံးအနှုံးပယ်ချလိုက်တဲ့သဘောက ဒီစွပ်စွဲချက်မှန်မမှန်၊ စုံစမ်းစစ်ဆေးဖို့ လိုသေးတယ်ဆိုတာကို ဆိုလိုတာလို့ ကျနော်ယူဆပါတယ်။ လူသားမျိုးနွယ် အပေါ် ကျူးလွန်တဲ့ ပြစ်မှုတွေကျူးလွန်တာရှိမရှိ စုံးစမ်းနေဆဲ ကာလဖြစ်တယ်။ လူူမျိုးတုံးသတ်ဖြတ်မှုဆိုတာကလည်း၊ လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ ပြစ်မှုတွေကျယ်ကျယ်ပြန့်ပြန့်ဖြစ်နေတာနဲ့ ဆက်စပ်နေပါတယ်။ ကုလလူ့အခွင့်အရေး အထူးကိယ်စားလှယ် ယန်ဟီလီနဲ့ တခြားကျွမ်းကျင်သူတွေပြော တာကတော့ လုံခြုံရေးတပ်ဖွဲ့တွေရဲ့ အပြုအမူ တွေက လူမျိုးတုံးသတ်ဖြတ်တဲ့အဆင့်ထိ ဖြစ်ကောင်းဖြစ်နိုင်တယ်လို့ဘဲပြောဆိုနေကြတာဖြစ်ပါတယ်။”

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ လူမျိုးတုံးသတ်ဖြတ်နေတယ်ဆိုတာကို မဟုတ်ဘူးလို့ ငြင်းဆိုမယ့်အစား၊ သေသေချာချာ၊ ထဲထဲဝင်ဝင် စုံစမ်းစစ်ဆေးဖို့ လိုအပ်တယ် ဆိုတာကိုရှင်းပြသင့်တယ်လို့ David Mathieson က ပြောဆိုလိုက်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က ကုလအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်ဦးဆောင်တဲ့ကော်မရှင် နဲ့ မောင်းတောအရေး စုံးစမ်းရေးကော်မရှင်တွေ ဖွဲ့စည်းထားပေမဲ့ လုံလောက်မှုမရှိဘူးလို့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာကဝေဖန်နေကြတာနဲ့ ပတ်သက်ပြီး၊ ကိုဖီအာနန်ကော်မရှင်ရဲ့ အကြံပြုချက်တွေဟာ လိုက်နာဖို့ သင့်တော်ကြောင်း၊ဒုသမ္မတဦးမြင့်ဆွေဦးဆောင်တဲ့ကော်မရှင်ရဲ့ ဆောင်ရွက်ချက်တွေမှာ အားနည်းချက်တွေရှိနေတယ်လို့ David Mathieson ကထောက်ပြလိုက်ပါတယ်။

“ဒုသမ္မတဦးမြင့်ဆွေဦးဆောင်တဲ့ မောင်းတောအရေးစုံစမ်းတဲ့ ကော်မရှင်အနေနဲ့ ရခိုင်မြောက်ပိုင်းနဲ့ Bangladesh ကိုသွားတဲ့နေရာမှာ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေနဲ ပတ်သက်တဲ့ ကျယ်ကျယ်ပြန့်ပြန့် စွပ်စွဲချက်တွေအပေါ် ထဲထဲဝင်ဝင်ထိရောက်အောင် မစုံစမ်းနိုင်ခဲ့ကြဘူးလို့ယူဆပါတယ်။ သေသေချာချာ စုံစမ်းရမယ့်အစား၊ စွပ်စွဲချက်တွေမမှန်ဘူးလို့ဘဲ ထုတ်ပြန်တာတွေ့ရပါတယ်။ ဒါ့ကြောင့် စွပ်စွဲချက်တွေကို ပြေပျောက်အောင် အစိုးရဖွဲ့ပေးထားတဲ့ကော်မရှင်က မဆောင်ရွက်နိုင်ခဲ့ပါဘူး။ ယုံကြည်ကိုစားထိုက်တဲ့ ပြည်တွင်းက အဖွဲ့အစည်းတွေနဲ့ လူပုဂ္ဂိုလ်တွေမပါဘဲ စုံးစမ်းစစ်ဆေးနေသရွေ့တော့ မောင်းတောအရေး အချက်အလက်ရှာဖွေရေးအဖွဲ့ဖွဲ့စည်းဖို့ နိုင်ငံတကာက ကျယ်ကျယ်ပြန့်ပြန့်ထောက်ခံနေကြမှာပါ။”

မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ထင်သလောက် ခရီးမရောက်တာ၊ တိုင်းရင်းဒေသတွေမှာ တိုက်ပွဲတွေမစဲသေးတာဟာ ဒေါ်အောင်ဆန်းစုကြည်က တပ်မတော်ကို မကိုင်တွယ်နိုင်တာကြောင့်နဲ့ သြဇာသက်ရောက်မှုမရှိတာကြောင့်ဆိုတဲ့ အချက်အပေါ်မှာတော့ David Mathieson က အခုလိုသုံးသပ်ပါတယ်။

“ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ စစ်တပ်ကို ထိန်းချုပ်လို့မရပါဘူး။ သူကလည်းဝန်ခံထားတာပါဘဲ။ ဖွဲ့စည်းပုံအရ အစိုးရက စစ်တပ်ကို နေ့စဉ်လုပ်ငန်းတွေမှာ ပါဝင်ထိန်းချုပ်လို့မရပါဘူးလို့ ပြောသင့်ပါတယ်။ ဒါ့ကြောင့် စစ်တပ်က မမှန်မကန်လုပ်နေတာတွေကို သူ့အနေနဲ့ ထိန်းချုပ်လို့မရဘူးလို့ ပြောစေချင်ပါတယ်။ ဒါပေမဲ့ အခုတော့ အစိုးရကအဲလိုမလုပ်ဘဲ တပ်မတော်က ဘာဘဲပြောပြော အဲဒါကိုဘဲ အတည်ယူသတင်းထုတ်ပြန်နေသလိုဖြစ်နေတာပါ။ ဒီတော့ စစ်တပ်ပြောသမျှ သဘောတူသလိုပါဘဲ။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာလည်း ဒေါ်စုနဲ့ စစ်တပ်အကြားသဘောထားကွဲလွဲတယ်လို့ ၂ ဘက်စလုံးကပြောပေမဲ့၊ တကယ်တော့ တပ်ချုပ် မင်းအောင်လှိုင်ရဲ့ သဘောထာနဲ့ ဒေါ်အောင်ဆန်းစုကြည်သဘောထားက သိပ်မကွဲလွဲဘူးလို့ တိုင်းရင်းသားတွေကရော၊ လူထုကပါ ယူဆနေကြတယ်လို့ ကျနော်သုံးသပ်မိပါတယ်။”

BBC ရုပ်သံသတင်းက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံးမေးမြန်းခန်းမှာ ရခိုင်ပြည်နယ်မြောက်ပိုင်းအရေးနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ ပတ်သက်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားတွေ အပေါ် HRW လူ့အခွင့်အရေးစောင့်ကြည့်တဲ့ အဖွဲ့ အာရှရေးရာ ညွှန်ကြားရေးမှူးဟောင်းလည်းဖြစ်၊ မြန်မာ့အရေးသုတေသနလုပ်နေသူ David Maetieson ကို ဆက်သွယ်မေးမြန်းတင်ဆက်ခဲ့တာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG