သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယားကို တိုက်ခိုက်မှုအပေါ် သုံးသပ်မှုတချို့


ဆီးရီးယားနိုင်ငံထဲက စစ်တပ်ပစ်မှတ်တွေကို မြေထဲပင်လယ်ထဲရောက်နေတဲ့ အမေရိကန်စစ်သင်္ဘောပေါ်ကနေ Tomahawk Missile ဒုံးကျည်တွေနဲ့ သောကြာနေ့မနက်အစောပိုင်းအချိန်မှာ ပစ်ခတ်၊
ဆီးရီးယားနိုင်ငံထဲက စစ်တပ်ပစ်မှတ်တွေကို မြေထဲပင်လယ်ထဲရောက်နေတဲ့ အမေရိကန်စစ်သင်္ဘောပေါ်ကနေ Tomahawk Missile ဒုံးကျည်တွေနဲ့ သောကြာနေ့မနက်အစောပိုင်းအချိန်မှာ ပစ်ခတ်၊

ဆီးရီးယားစစ်တပ်ပစ်မှတ်တွေအပေါ် အမေရိကန်က Missile ဒုံးလက်နက်နဲ့ ပစ်ခတ်ခဲ့တာနဲ့ပါတ်သက်လို့ အမေရိကန်မဟာမိတ်တွေက သတိနဲ့ထောက်ခံနေကြသလို ဆီးရီးယားမဟာမိတ်တွေဘက်ကတော့ ဝေဖန်ပြစ်တင်နေကြပါတယ်။ အမေရိကန်ရဲ့ လုပ်ရပ်ဟာ ရန်လိုတဲ့လုပ်ရပ်ဖြစ်ပြီး ဒေသတွင်းမှာသာမက နိုင်ငံတကာတည်ငြိမ်ရေးကို အကြီးအကျယ် ပျက်ပြားစေတယ်လို့ ရုရှားကတုံ့ပြန်ခဲ့ပါတယ်။ အခုလိုအမေရိကန်သမ္မတရဲ့ လုပ်ရပ်က အီရတ်နဲ့ မြောက်ကိုရီးယားတို့ကို သတိပေးလိုက်ရာရောက်တဲ့အပြင် သူ့အတွက် နိုင်ငံရေးအကျိူးအမြတ်ရှိတဲ့လုပ်ရပ်ဖြစ်တယ်လို့ လေ့လာသူတချို့ကလည်း သုံးသပ်နေကြပါတယ်။ အပြည့်အစုံကို မစုမြတ်မွန်က စုစည်းတင်ပြပါမယ်။

ဆီးရီးယားနိုင်ငံထဲက စစ်တပ်ပစ်မှတ်တွေကို မြေထဲပင်လယ်ထဲရောက်နေတဲ့ အမေရိကန်စစ်သင်္ဘောပေါ်ကနေ Tomahawk Missile ဒုံးကျည်တွေနဲ့ သောကြာနေ့မနက်အစောပိုင်းအချိန်မှာ ပစ်ခတ်ခဲ့ပြီးနောက် သောကြာနေ့က ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ အရေးပေါ်စည်းဝေးခဲ့ကြပါတယ်။ ဆီးရီးယားနိုင်ငံ Idlib ပြည်နယ် Khan Sheikhoun မြို့က ကလေးငယ်နဲ့အမျိုးသမီးတွေအပါအဝင် အရပ်သား ၁၀၀ လောက်သေဆုံးရအောင် ဓါတုလက်နက်နဲ့ တိုက်ခိုက်ခဲ့တဲ့ ဆီးရီးယားလေတပ်စခန်းတွေကို ဖျက်ဆီးနိုင်ခဲ့တယ်လို့ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး Nikki Haley က လုံခြုံရေးကောင်စီကို ပြောကြားခဲ့ပါတယ်။

ဆီးရီးယားပြည်သူတွေကို ဓါတုလက်နက်နဲ့တိုက်ခိုက်ခဲ့တဲ့ ဆီးရီးယားအစိုးရအပေါ် အမေရိကန်ရဲ့ လက်တုံ့ပြန်တိုက်ခိုက်မှုဟာ လုံးဝတရားမျှတတယ်လို့ သူကပြောပါတယ်။ ဒါပေမဲ့ ဆီးရီးယားသမ္မတ Bashar al-Assad အစိုးရကို ထောက်ခံပြီး စစ်ကူတိုက်ပေးနေတဲ့ ရုရှားနိုင်ငံ ကတော့ အမေရိကန်ရဲ့လုပ်ရပ်ကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပါတယ်။ ကုလသမဂ္ဂဆိုင်ရာ ရုရှားဒုတိယသံအမတ်ကြီး Vladimir Safronkov ကတော့ ဒါဟာရန်လိုတဲ့ လုပ်ရပ်ဖြစ်တယ်လို့ လုံခြုံရေးကောင်စီကို ပြောကြားခဲ့ပါတယ်။

"April လ ၇ ရက်နေ့က ဆီးရီးယားပိုင်နက်အပေါ် အမေရိကန်က တိုက်ခိုက်ခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုဟာ နိုင်ငံတကာဥပဒေကို ပြောင်ပြောင်တင်းတင်းချိုးဖောက်လိုက်တဲ့ ရန်လိုတဲ့လုပ်ရပ်ဖြစ်ပါတယ်။ အမေရိကန်ရဲ့ ဥပဒေချိုးဖောက်တဲ့လုပ်ရပ်ကို ရုရှားကပြင်းပြင်းထန်ထန် ရှုံ့ချပါတယ်။ ဒီလုပ်ရပ်ရဲ့ အကျိုးဆက်ကြောင့် ဒေသတွင်းနဲ့ နိုင်ငံတကာလုံခြုံရေးကို အကြီးအကျယ်ထိခိုက်စေနိုင်ပါတယ်။"

အမေရိကန်ရဲ့တိုက်ခိုက်မှုက IS လိုအကြမ်းဖက်အဖွဲ့တွေကို ပိုပြီးအားကောင်းခိုင်မာစေတယ်လို့လည်း ရုရှားဒုသံအမတ်ကြီးက လုံခြုံရေးကောင်စီကို ပြောကြားသွားပါတယ်။ အမေရိကန်ရဲ့ Missile ဒုံးလက်နက်နဲ့တိုက်ခိုက်မှုအပေါ် ဆီးရီးယားသမ္မတ Assad ရဲ့မိတ်ဆွေနိုင်ငံဖြစ်တဲ့ အီရန်နိုင်ငံကလည်း အမေရိကန်ကို အပြစ်တင်ခဲ့ပါတယ်။ အမေရိကန်ရဲ့ တိုက်ခိုက်မှုက ကျဆုံးနေတဲ့ အကြမ်းဖက်သမားတွေ ပြန်အင်အားကောင်းစေပြီး ဒေသတွင်းအခြေအနေကို ပိုရှုပ်ထွေးစေတယ်လို့ အီရန်နိုင်ငံခြားရေးဌာနပြောခွင့်ရသူက ကြေညာချက်ထဲမှာ ဖော်ပြပြောဆိုထားပါတယ်။ အမေရိကန်ရဲ့မဟာမိတ်တွေဖြစ်တဲ့ EU ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေ၊ အရှေ့အလယ်ပိုင်းနိုင်ငံတချို့နဲ့ တူရကီတို့ကလည်း အမေရိကန်ရဲ့လုပ်ရပ်ကို ထောက်ခံနေကြပါတယ်။

ပြည်တွင်းမှာလည်း သမ္မတ Trump ရဲ့လုပ်ရပ်အပေါ် အားပေးထောက်ခံသူများနေပါတယ်။ Democrat လွှတ်တော်အမတ်တွေကတော့ စစ်ရေးအရဆောင်ရွက်မယ်ဆိုရင် လွှတ်တော်မှာ အရင်ဆွေးနွေးဖို့ပြောနေကြသလို ရှေ့ဆက်ဆောင်ရွက်မယ့် မဟာဗြူဟာကို သမ္မတအနေနဲ့ ပြတ်ပြတ်သားသားချမှတ်ဖို့ တောင်းဆိုနေကြပါတယ်။ ဆီးရီးယားမှာ Assad အစိုးရတပ်တွေနဲ့ သူ့ကိုဆန့်ကျင်နေတဲ့ လက်နက်ကိုင်အဖွဲ့တွေကြား တိုက်ပွဲတွေ ဖြစ်ပွားနေတာ ၆ နှစ်ကြာလာချိန်မှာ အမေရိကန်က ခုလို Missile ဒုံးလက်နက်တွေနဲ့ တိုက်ခိုက်တဲ့အတွက် ပဋိပက္ခကို ပိုဆိုးစေနိုင်တယ်လို့ ပညာရှင်တချို့က သုံးသပ်ကြပါတယ်။ ပထဝီနိုင်ငံရေးအန္တရာယ်ကို သုံးသပ်အကြံပေးနေတဲ့ Gulf State Analytics အဖွဲ့ရဲ့ အမှုဆောင်အရာရှိချုပ် Giorgio Cafiero ကခုလိုသုံးသပ်ပါတယ်။

"ဒီစစ်ရေးအရတိုက်ခိုက်မှုရဲ့ အကျိုးဆက်ကြောင့် ရုရှား၊ အီရန်နဲ့ လက်ဘနွန်က Hezbollah တွေပါဝင်ပါတ်သက်နေတဲ့ ဆီးရီးယားပြည်တွင်းစစ်ပွဲ အခြေအနေ ပိုဆိုးလာတာကို မြင်လာရမှာမို့ အန္တရာယ်ရှိတာသေချာပါတယ်။ အခုနောက်ဆုံးဖြစ်နေတဲ့အခြေအနေတွေကို ဒီအုပ်စုတွေဘက်က ဘယ်လိုတုံ့ပြန်မယ်ဆိုတာကို ကျွန်တော်တို့ မသိသေးတော့ အန္တရာယ်ကတော့ ရှိပါတယ်။"

ဆီးရီးယားစစ်တပ်ပြစ်မှတ်တွေကို Missile ဒုံးလက်နက်တွေနဲ့ဖျက်ဆီးပြစ်ဖို့ သမ္မတ Trump ကဆုံးဖြတ်ခဲ့တာဟာ နိုင်ငံရေးအရ ပါးနပ်တဲ့လုပ်ရပ်ဖြစ်တယ်လို့ အကြမ်းဖက်မှုတိုက်ဖျက်ရေးဆိုင်ရာ ကျွမ်းကျင်သူ Dr. Karin von Hippel ကသုံးသပ်ပါတယ်။ သူကတော့ Royal United Services Institute က ညွှန်ကြားရေးမှူးချုပ်ဖြစ်ပါတယ်။

"ဆီးရီးယားအပေါ် သမ္မတ Trump ရဲ့လုပ်ရပ်က တော်တော်လေးပါးနပ်တဲ့ လုပ်ရပ်ဖြစ်ပါတယ်။ အီရန်နဲ့ မြောက်ကိုရီးယားတို့အပေါ် အရေးယူဆောင်ရွက်မယ်လို့ သူကခြိမ်းခြောက်ထားပါတယ်။ တကယ်တန်းလုပ်ရင်အခုထက် အများကြီးရှုပ်ထွေးနိုင်ပါတယ်။ ဆီးရီးယားမှာ ပြစ်မှတ်ကိုပဲ ထိန်းထိန်းသိမ်းသိမ်းတိုက်ခိုက်တဲ့အတွက် နိုင်ငံတကာရဲ့ ထောက်ခံမှုတွေရပါလိမ့်မယ်။ ရုရှားနဲ့ သူ့ရဲ့အကြံပေးတွေဆက်စပ်မှုရှိသလားဆိုတာ စုံစမ်းစစ်ဆေးခံနေရချိန်မှာ ရုရှားနဲ့ပါတ်သက်ရင် ပြတ်ပြတ်သားသားလုပ်တယ်ဆိုတာ ပြသရာရောက်ပါတယ်။ တိုက်ခိုက်မယ်ဆိုတာ အမေရိကန်အစိုးရက ရုရှားကို ကြိုပြီးတော့တော့ အကြောင်းကြားပါတယ်။ ရုရှားနဲ့လည်း ပဋိပက္ခမဖြစ်စေအောင် သဘောတူထားပါတယ်။ ဆိုတော့ ရုရှားကို သိပ်ပြီးအထိနာစေတာမဟုတ်ပေမဲ့ ရုရှားအပေါ် ပြတ်ပြတ်သားသားလုပ်တယ်ဆိုတဲ့ အမြင်ရောက်စေပါတယ်။"

April လ ၄ ရက် အင်္ဂါနေ့တုန်းက ဆီးရီးယားမြို့အပေါ် ဓါတုလက်နက်နဲ့တိုက်ခိုက်မှုမှာ ရုရှားက ဆီးရီးယားကို ကူညီခဲ့သလားဆိုတာကို စုံစမ်းနေတယ်လို့ Pentagon စစ်ဌာနချုပ်ကလည်း သောကြာနေ့ကပဲ ပြောကြားခဲ့ပါတယ်။ ဆီးရီးယားပြည်သူတွေခံစားနေရတဲ့ အခြေအနေပိုဆိုးသွားစေမယ့် လုပ်ရပ်အားလုံးကို ရှောင်ကြဖို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Antonio Guterres ကပန်ကြားထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG