သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အောင်ဝင်းခိုင် ဖမ်းဝရမ်း နေပြည်တော်မှာ ထုတ်ပေးဖို့ လိုအပ်


အင်တာပိုလ်မှာ အောင်ဝင်းခိုင်ကို အနီရောင်အဆင့် သတ်မှတ်ပြီး ဖမ်းဆီးမိနိုင်ရေး စုံစမ်းနေ။
အင်တာပိုလ်မှာ အောင်ဝင်းခိုင်ကို အနီရောင်အဆင့် သတ်မှတ်ပြီး ဖမ်းဆီးမိနိုင်ရေး စုံစမ်းနေ။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ဥပဒေအကြံပေးအဖွဲ့ဝင် တရားလွှတ်တော်ရှေ့နေ ဦးကိုနီကို လုပ်ကြံသတ်ဖြတ်မှုမှာ ထွက်ပြေးလွတ်မြောက် နေဆဲ တရားခံတဦးဖြစ်တဲ့ အောင်ဝင်းခိုင်ကို ဖမ်းမိနိုင်ရေးအတွက် သူနောက်ဆုံးခြေရာဖျောက်သွားတဲ့ နေပြည်တော်မြို့တဝိုက်ကို ဖမ်းဝရမ်း ထုတ်ပေးဖို့ ဦးကိုနီရဲ့အမှုလိုက်ရှေ့နေက တောင်းဆိုလိုက်ပါတယ်။ တရားရုံးရဲ့စစ်ဆေး ကြားနာချက်တွေပေါ် မူတည်ပြီးတောင်းဆိုရတာဖြစ်ကြောင်း ပြောပါတယ်။ ပြည်ထဲရေးဝန်ကြီးဌာနကတော့ အောင်ဝင်းခိုင်ကို ဖမ်းမိရေး နိုင်ငံတကာရဲတပ်ဖွဲ့ Interpol နဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။ ကိုဉာဏ်ဝင်း အောင်က စုစည်းတင်ပြထားပါတယ်။

ဦးကိုနီကို လုပ်ကြံမှုမှာ ပါဝင်ပတ်သက်တဲ့ တရားခံတွေကို ဧပြီလ ၂၁ ရက် သောကြာနေ့က ရန်ကုန် မြောက်ပိုင်းခရိုင် တရားရုံးမှာ ၅ ကြိမ်မြောက်အဖြစ် ရုံးထုတ်ခဲ့တာပါ။ လုပ်ကြံသတ်ဖြတ်မှု တရားခံတွေဖြစ်တဲ့ သေနတ်သမား ကြည်လင်း၊ ပူးပေါင်းကြံစည်သူတွေဖြစ်တဲ့ အောင်ဝင်းဇော်၊ ဇေယျာဖြိုး၊ အောင်ဝင်းထွန်း တို့ကို ရုံးထုတ်ခဲ့တာ ဖြစ်ပြီး၊ လက်နက်မှုနဲ့ပတ်သက်လို့ တရားခံရဲ့ပစ္စည်းကို ရဲက သိမ်းဆည်းချိန်တုန်းက ရှာဖွေပုံစံမှာ သက်သေအဖြစ် လက်မှတ်ထိုးပေးခဲ့တဲ့ တရားလိုပြသက်သေ ဦးလှထွတ်ကို စစ်ဆေးတာဖြစ်ပါတယ်။

ဒါပေမယ့် ဦးကိုနီကို လုပ်ကြံရာမှာ ပူးပေါင်းကြံစည်သူတွေထဲက တဦးဖြစ်တဲ့၊ ထွက်ပြေးလွတ်မြောက်နေဆဲ အောင်ဝင်းခိုင်ကို ဖမ်းမိနိုင်ရေးအတွက် အောင်ဝင်းခိုင် နောက်ဆုံးခြေရာ ဖျောက်သွားတဲ့ နေပြည်တော်နဲ့တဝိုက်ကို ဖမ်းဝရမ်း ထုတ်ပေးဖို့ ဦးကိုနီရဲ့အမှုလိုက်ရှေ့နေ ဦးနေလက တရားရုံးမှာ ထပ်မံတင်ပြ တောင်းဆိုထားတယ်လို့ ပြောပါတယ်။

"ထွက်ပြေးလွတ်မြောက်နေတဲ့ အောင်ဝင်းခိုင်ကို မူလဝရမ်းမှာပါတဲ့ လိပ်စာအပြင် သူ ထွက်ပြေးလွတ်မြောက်သွားတဲ့နေပြည်တော် ပရဆေးဥယျာဉ်နားမှာ ရှာဖွေဖမ်းဆီးဖို့ အဲ့ဒီ့နေရာကို ဝရမ်းတစောင်ထုတ်ပေးဖို့ ကျနော်တို့ လျှောက်ပါတယ်။ အဲ့ဒီ့လျှောက်တဲ့ဟာကို ပယ်လိုက်ပါတယ်။ တကယ်ထွက်ပြေးသွားတဲ့နေရာကို ဖမ်းဝရမ်းမထုတ်ထားဘူး။ တရားခွင်မှာ ထွက်ဆိုချက်အရ ပေါ်ပေါက်တာက နယ်စပ်ထွက်ပေါက်တွေ လေဆိပ်တွေကနေ အောင်ဝင်းခိုင်က ထွက်ပြေး လွတ်မြောက်ခြင်း မရှိသေးဘူးဆိုတဲ့ ထွက်ဆိုချက်ကို တရားရုံးမှာ သက်ဆိုင်ရာ ရဲအရာရှိကနေ ထွက်ဆိုချက်ပေးသွားပါတယ်။ ဒါကြောင့်မို့လို့ တရားရုံး ထွက်ဆိုချက်များ အရ ပြည်တွင်းမှာ ရှိနေဆဲဆိုတဲ့အချက်က ပေါ်ပေါက်နေပါတယ်။ ဒါပေမဲ့ သဘောတရားအရဆို အမှုတွဲမတင်ခင်ကတည်းက သက်ဆိုင်ရာ ရဲတပ်ဖွဲ့က အဲ့တာကို ဆောင်ရွက်ရမှာ။ အမှုတွဲမတင်ခင်က ဆောင်ရွက်ခဲ့တာမရှိဘူး။ "

နေပြည်တော်တဝိုက် ဖမ်းဝရမ်း ထုတ်ပေးရေး တောင်းဆိုချက်ကို အရင်တရားခွင်တုန်းက ပယ်ချခဲ့တာပါ။ တရားခံပြေးအမှုကို ရာဇဝတ်ကျင့်ထုံးပုဒ်မ ၅၁၂ အရ တရားရုံးက စစ်ဆေးရာမှာ လိုအပ်ချက်တွေရှိနေပြီး ပြင်ဆင်မှုလုပ်ပေးဖို့ ရှေ့နေဦးနေလက တရားရုံးကို တင်သွင်းထားပါတယ်။ ရာဇဝတ်ဆိုင်ရာ ပြင်ဆင်မှုထဲမှာ နေပြည်တော်တဝိုက် ဖမ်းဝရမ်းသစ်တခု ထုတ်ပေးရေးနဲ့ နောက်ထပ်တရားခံတွေ ဖေါ်ထုတ်နိုင်ရေး တရားရုံးမှာ စုံစမ်းစစ်ဆေးနိုင်ဖို့လိုအပ်တဲ့ အထောက်အထားတွေ တရားရုံးကို တင်သွင်းဖို့ဆိုတဲ့ ကိစ္စတွေပါဝင်ပါတယ်။

ဒါပေမယ့် တရားခံ အောင်ဝင်းခိုင်ကိုဖမ်းမိနိုင်ရေးအတွက် နိုင်ငံတကာရဲတပ်ဖွဲ့ Interpol နဲ့ ပူးပေါင်း ဆောင်ရွက်နေတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဒုရဲမှူးကြီး တင်ဝင်းက ပြောပါတယ်။

" စပြီး ပြေးတယ်ဆိုတုန်းက ကတည်းကိုက ကျနော်တို့က သူ့ရဲ့ ကိုယ်ရေးရာဇဝင်နဲ့ ပြည်နယ်တိုင်းအားလုံး ချထားတယ်။ Interpol မှာလည်း အားလုံးပို့ပြီးတော့ ဆောင်ရွက်နေပါတယ်။ အဲ့ဒီ့အခြေအနေပါပဲ။ အခုလက်ရှိတော့ ဆောင်ရွက်ဆဲလို့ပဲ သိထားပါတယ်။"

နိုင်ငံတော်အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးကတော့ အောင်ဝင်းခိုင်ကို ဖမ်းမိနိုင်ရေး လုပ်ဆောင်ချက် နောက်ဆုံးအခြေအနေကို ပြောပါတယ်။

"နှစ်ပိုင်းရှိတယ်ဗျ။ နှစ်ပိုင်းကတော့ ဒီပြစ်မှု မှာ ပါဝင်ပတ်သက်သူတွေကို စုံစမ်းစစ်ဆေးတဲ့ ရဲလုပ်ငန်းပေါ့။ ရဲက ရဲလုပ်ငန်း လုပ်ပြီးသွားပြီ လုပ်သွားပြီးတော့ ဒါ တရားရုံးတင်တဲ့ အဆင့်ကိုရောက်သွားပြီ။ အဲ့တော့ ရဲလုပ်ငန်းမှာ တခုကျန်တာက ဘာလဲဆိုတော့ အောင်ဝင်းခိုင်ဖမ်းဆီးရမိရေး တခုကျန်တယ်။ အောင်ဝင်းခိုင်ကို မိဖို့လိုတယ်ပေါ့နော်။ မိဖို့အတွက်လည်း ရဲတပ်ဖွဲ့က ကြိုးစားပြီးဆောင်ရွက်နေတယ်။ နိုင်ငံတကာ ရဲတပ်ဖွဲ့နဲ့လည်း ချိတ်ဆက်ပြီးတော့ ဆောင်ရွက်နေတယ်။ မိထားပြီးသားသူတွေကတော့ သူ့ဥပဒေအရ ထိုက်သင့်တဲ့ပြစ်ဒဏ် နဲ့ တရားသူကြီးရဲ့အဆုံးအဖြတ်ကို နာခံရမယ့် အခြေအနေ ဒီအခြေအနေကတော့ နောက်ဆုံးအခြေနေပါ။"

ဦးကိုနီကို လုပ်ကြံမှုမှာပါဝင်တဲ့ ကြည်လင်း၊ အောင်ဝင်းဇော်၊ ဇေယျာဖြိုး၊ အောင်ဝင်းထွန်းတို့ကို ပြစ်မှုကြီးအမှတ် ၄၅/၂၀၁၆၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၂၀/၃၄/၂၁၂ တွေနဲ့ တရားစွဲထားပြီး၊ သေနတ်သမား ကြည်လင်းနဲ့ အောင်ဝင်းဇော်တို့ကို ပြစ်မှုကြီးအမှတ် ၄၆/၂၀၁၇၊ လက်နက် ဥပဒေပုဒ်မ ၁၉-စ/ဃ တွေနဲ့ တရားစွဲဆိုထားပါတယ်။

ဦးကိုနီကို လုပ်ကြံသတ်ဖြတ်ခံရမှု ၆ ကြိမ်မြောက်ရုံးချိန်းကို ဧပြီလ ၂၈ ရက် နောက်တပတ် သောကြာနေ့မှာ ထပ်မံ စစ်ဆေးမှာဖြစ်ပါတယ်။ ရှေ့နေ ဦးကိုနီဟာ အင်ဒိုနီးရှားနိုင်ငံက အကြီးတန်းခေါင်းဆောင်မှု လေ့လာရေးခရီးစဉ်အပြီး ဇန်နဝါရီ ၂၉ ရက် ညနေပိုင်းကရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို အရောက်မှာ သေနတ်သမား ကြည်လင်းရဲ့ အနီးကပ် ပစ်ခတ်လုပ်ကြံခံရပြီး နေရာမှာတင် သေဆုံးခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG