သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၆၆ (ဃ) အာမခံရရေး ဥပဒေပြင်မည်


သတင်းစာရှင်းလင်းပွဲ ဦးဆောင်သူတဦးဖြစ်တဲ့ ရှေ့နေချုပ်ရုံးရဲ့ အတွင်းဝန် ဒေါ်နုနုယဉ်။ သတင်းဓာတ်ပုံ( MOI)
သတင်းစာရှင်းလင်းပွဲ ဦးဆောင်သူတဦးဖြစ်တဲ့ ရှေ့နေချုပ်ရုံးရဲ့ အတွင်းဝန် ဒေါ်နုနုယဉ်။ သတင်းဓာတ်ပုံ( MOI)

ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဃ) ဟာ အာမခံပေးသင့်တဲ့ ပုဒ်မအဖြစ် ပြန်လည်ပြင်ဆင် သတ်မှတ်သင့်ကြောင်း ပြည်ထောင်စု ရှေ့နေချုပ်ရုံးရဲ့ အကြံပြုချက်ကို AHRC အာရှလူ့အခွင့်အရေး ကော်မရှင်က ကြိုဆိုလိုက်ပြီး၊ ပုဒ်မ ၆၆(ဃ)မှာ ပြင်ဆင်စရာ အချက်တွေ ရှိနေသေးကြောင်း AHRC က ပြောပါတယ်။ ကိုဉာဏ်ဝင်းအောင်က စုစည်းတင်ပြထားပါတယ်။

၂၀၁၃ ခုနှစ်တုန်းက ပြဌာန်းခဲ့ပြီး လွတ်လာစွာ ထုတ်ဖေါ်ပြောဆိုမှုနဲ့ ပတ်သက်လို့ လူအများရဲ့ ဝေဖန်ခြင်းခံနေရတဲ့ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဃ) ဟာ အာမခံပေး သင့်တဲ့ ပုဒ်မအဖြစ် ပြန်လည်ပြင်ဆင် သတ်မှတ်သင့်တယ်လို့ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေး ဝန်ကြီးဌာနကို ပြည်ထောင်စု ရှေ့နေချုပ်ရုံး က အကြံပြုထားပါတယ်။ NLD အစိုးရ တနှစ်ပြည့် လုပ်ဆောင်မှုတွေ နဲ့ပတ်သက်ပြီး ရှင်းပြတဲ့ မေလ ၄ ရက် ကြာသပတေးနေ့ သတင်းစာရှင်းလင်း ပွဲမှာ ရှေ့နေချုပ်ရုံးရဲ့ အတွင်းဝန် ဒေါ်နုနုယဉ်က ပြောသွားပါတယ်။

" ၆၆ ဃ နဲ့ပတ်သက်လို့ရှိရင် ပို့ဆောင်ရေးနဲ့ဆက်သွယ်ရေးဝန်ကြီးဌာနက ဥပဒေ အကြံဉာဏ်တောင်းတယ်။ သူတို့ရဲ့ ဥပဒေကြမ်းတင်ပြချက်အပေါ်မှာ ကျမတို့က စိစစ်အကြံပြုတယ်။ စိစစ်အကြံပြုတဲ့အခါမှာ ကျမတို့က အဲ့ပုဒ်မကို အာမခံပေးရ မယ်ဆိုတဲ့အချက်ကို ပြင်ဆင်ထားတယ်။ ကျမတို့ အကြံပြုတဲ့ဟာ အတည်မဖြစ်သေးဘူး။"

ပုဒ်မ ၆၆(ဃ)ကို ပို့ဆောင် ဆက်သွယ်ရေးဝန်ကြီးဌာနက ဥပဒေကြမ်းအဖြစ် ပြင်ဆင်ရေးဆွဲနေပြီး၊ ဒါနဲ့ပတ်သက်လို့ သဘောထား တောင်းခံလာတဲ့ အတွက် ၆၆(ဃ)ကို အာမခံပေးသင့်တဲ့ ပုဒ်မအဖြစ် ပြင်ဆင်သင့်ကြောင်း ရှေ့နေချုပ်ရုံးက အကြံပြုခဲ့တာပါ။

ဒီအကြံပြုချက်အတိုင်း ပုဒ်မ ၆၆(ဃ)ကို ပြင်ဆင်ဖို့ လိုတယ်လို့ AHRC အာရှလူ့အခွင့်အရေး ကော်မရှင်က ရှေ့နေဦးမင်းလွင်ဦးက ပြောပါတယ်။

" ကျနော်တို့ လွတ်လပ်စွာပြောဆိုခွင့်တွေနဲ့ ပတ်သက်လို့ ပြောရင်တော့ ပုဒ်မ ၆၆(ဃ)က အတိုင်းအတာ တခုအရ ကန့်သတ်ထားတယ်လို့ ကျနော်တို့မြင်ရ တာပေါ့နော်။ သို့သော်လည်းပဲ ဒီဥစ္စာကို ဖျက်သိမ်းဖို့သင့်လား၊ မသင့်ဘူးလား ဆိုတာတော့ အဲ့ဒီ့ကိစ္စကို ဖျက်ဖို့အတွက် ကြိုးစားတာထက် စာလို့ရှိရင် နှစ်တွေ လျော့ပေးပြီးတော့ သက်သာအောင်ပြင်ဆင် သွားရမယ့် သာဓကတွေ ရှိနေတဲ့အတွက် ကျနော်တို့က ဒီ ပုဒ်မ ၆၆(ဃ)ကိုလည်း ဖျက်တာထက်စာရင် အာမခံပေးနိုင်တဲ့ အမှုဖြစ်အောင် လုပ်ဖို့လိုတယ်။ အဲ့ဒီ့တော့ ရှေ့နေချုပ်ရုံးက အကြံပေးတိုက်တွန်းတယ်ဆိုရင် အခုက ထောင်ဒဏ် သုံးလေးနှစ် ချနိုင်တဲ့အမှုမျိုးဖြစ်တဲ့အတွက် ရဲအရေးပိုင်တဲ့အမှုဖြစ်တယ်။ ရဲအရေးပိုင်တဲ့ အမှုဖြစ်တဲ့အတွက် အာမခံပေးလို့မရဘူး။ အဲ့ဒီ့တော့ ဒီ ၃ နှစ်ကနေပြီးတော့ ၂နှစ်လောက်အထိ လျော့ပေးလိုက်တယ်ဆိုရင် ရဲအရေးမပိုင်တော့တဲ့အတွက် အာမခံပေးနိုင်တဲ့အခြေအနေမျိုး ဖြစ်လာနိုင်ပါတယ်။ ဒီဥပဒေကို ပြန်လည်ပြင်ဆင်ပြဌာန်းတယ်ဆိုလို့ရှိရင် နှစ်ဦးနှစ်ဘက်စလုံးအတွက် အဆင်ပြေမယ့်အခြေအနေမျိုးဖြစ်တယ်လို့ ကျနော်ကတော့ မြင်ပါတယ်ခင်ဗျ။"

ဥပဒေမှာတော့ ထောင်ဒဏ် ၃နှစ်နဲ့အထက် ချမှတ်နိုင်တဲ့ အမှုတွေကို ရဲကအရေးယူ လုပ်ပိုင်ခွင့်ရှိတဲ့ ရဲအရေးပိုင်မှုအဖြစ် သတ်မှတ်ထားတာကြောင့် ၆၆(ဃ)အတွက် အာမခံပေးဖို့ ဆိုရင် ပြစ်ဒဏ်ကို ထောင်ဒဏ် ၂နှစ်နဲ့အောက် ဒါမှမဟုတ် ငွေဒဏ် အဖြစ်သာ သတ်မှတ်ဖို့လိုတယ်လို့ AHRC က ပြောနေတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အခုချိန်ထိ မြန်မာနိုင်ငံရဲ့ တရားစီရင်ရေးစနစ်မှာ မေးခွန်းထုတ်စရာတွေ ရှိနေဆဲပဲလို့ AHRC ရှေ့နေဦးမင်းလွင်ဦးက ထောက်ပြပါတယ်။

"ထင်ထင်ရှားရှား ကျနေ်ာတို့တွေ့ရတဲ့ ဥစ္စာတွေကတော့ ချစ်သမီးအမှု၊ ပက်ထရစ် ခွန်ဂျာလီ အမှု၊ ကဗျာဆရာမောင်ဆောင်းခ အမှုရယ် အဲ့ဒီ့အမှုတွေမှာကတော့ အထက်က ဖိအားပေးတဲ့အတွက် စစ်ဆေးစီရင် ရတဲ့အမှုမျိုးဖြစ်တယ် ဆိုတာကို ကျနော်တို့တွေ့ ရတယ်။ လွတ်လပ်တဲ့ တရားစီရင်ရေးစနစ်ကို တရားရုံးတွေက လွတ်လွတ်လပ်လပ် မဖော်ဆောင်နိုင်သေး သရွေ့ကတော့ ဥပဒေတွေ ဘယ်လိုပဲပြောင်းနေ ပြောင်းနေ ဘယ်လောက်ပဲ လျော့ပေးတယ်ဖြစ်နေ ဖြစ်နေ၊ ဒီဥစ္စာက စွပ်စွဲခံရတဲ့သူတွေ အတွက် ကတော့ ပိုမိုပင်ပမ်း ဆင်းရဲမယ့် အခြေအနေမျိုးဖြစ်တယ်လို့ ကျနော်ကတော့မြင်တယ်။"

၆၆(ဃ)နဲ့ ပတ်သက်လို့ ရှေ့နေချုပ်ရုံးရဲ့ အကြံပြုချက်ပါတဲ့ ဥပဒေမူကြမ်းကို ဝန်ကြီးဌာနကို ပြန်လည်ပေးပို့ထားပြီး အဲဒီကတဆင့် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဦးဆောင်တဲ့ လုံခြုံရေးနဲ့ တည်ငြိမ်ရေးကော်မတီ၊ အစိုးရအဖွဲ့နဲ့ ပြည်ထောင်စု လွှတ်တော်ကို ပေးပို့ရမှာ ဖြစ်ပါတယ်။ အဲဒီနောက်ပိုင်း အမျိုးသား လွှတ်တော်နဲ့ ပြည်သူ့ လွှတ်တော်တွေမှာ ဆွေးနွေးပြီးမှ အတည်ပြုနိုင်မှာ ဖြစ်ပါတယ်။

လက်ရှိမှာ ၆၆(ဃ)နဲ့ တရားစွဲဆိုထားတဲ့ အမှု ၅၄ ခုရှိနေပြီး အာမခံမရဘဲ အချုပ်ကျနေတဲ့အမှု ၆ ခုနဲ့ ပြစ်ဒဏ်ချခံရတဲ့ အမှု ၈ ခုရှိနေကြောင်း သိရပါတယ်။ ၂၀၁၃ ခုနှစ် အောက်တိုဘာလမှာ ပြဋ္ဌာန်းခဲ့တဲ့ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဃ)ပါဖေါ်ပြချက်မှာတော့ ဆက်သွယ်ရေး ကွန်ရက် တခုခုကို အသုံးပြပြီး လူပုဂ္ဂိုလ် တဦးဦးကို ခြောက်လှန့် ငွေတောင်းခံတာ၊ အနိုင်အထက် ပြုတာ၊ အသရေဖျက် နှောင့်ယှက်တာ၊ မလျော်သြဇာသုံးခြင်း ဒါမှမဟုတ် ခြိမ်းခြောက်တဲ့ လုပ်ရပ်တွေ မရှိစေဖို့ တားမြစ်ချက်တွေ ပါရှိတာဖြစ်ပါတယ်။

၆၆ (ဃ) အာမခံရရေး ဥပဒေပြင်မည်
please wait

No media source currently available

0:00 0:04:36 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG