သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် ပြည်ထောင်စုဖွဲ့စည်းပုံ နှင့် မြန်မာ့ရှုထောင့်


အမေရိကန်ဖက်ဒရယ် ပြည်ထောင်စု စနစ်ကို လေ့လာဖို့ အဖွဲ့ပေါင်းစုံကကိုယ်စားလှယ်အဖွဲ့ အမေရိကန်ကိုရောက်ရှိ။ (သတင်းဓာတ်ပုံ- Photo Credit to U Khin Maung Htay)
အမေရိကန်ဖက်ဒရယ် ပြည်ထောင်စု စနစ်ကို လေ့လာဖို့ အဖွဲ့ပေါင်းစုံကကိုယ်စားလှယ်အဖွဲ့ အမေရိကန်ကိုရောက်ရှိ။ (သတင်းဓာတ်ပုံ- Photo Credit to U Khin Maung Htay)

အမေရိကန်ဖက်ဒရယ် ပြည်ထောင်စု စနစ်ကို လေ့လာဖို့ မြန်မာတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေက ကိုယ်စားလှယ်တွေအပါအဝင် မြန်မာအစိုးရနဲ့ တပ်မတော် အဆင့်မြင့် အရာရှိတွေ၊ လွှတ်တော် ကိုယ်စားလှယ်တွေ စုစုပေါင်း ၁၅ ဦးပါဝင်တဲ့ အဖွဲ့ဟာ အမေရိကန် ဝါရှင်တန်ဒီစီမြို့တော်ကို ရောက်ရှိနေပါတယ်။

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနေတဲ့ အမေရိကန်ပြည်နယ်တွေမှာ ပြည်ထောင်စုကနေ ခွဲမထွက်အောင် ဘာတွေလုပ်ထားသလဲ၊ အမေရိကန်ပြည်ထောင်စု ဖယ်ဒရယ်စနစ်ရဲ့ အားနည်းချက်၊ အားသာချက် တွေ ဘာတွေလဲ၊ မြန်မာနည်းမြန်မာ့ဟန် ပြည်ထောင်စု စနစ်ကို ဘယ်လိုတည်ဆောက်မ လဲ စတဲ့အချက်တွေကို ကိုယ်တိုင် လာရောက်လေ့လာနေတဲ့ မြန်မာကိုယ်စားလှယ် အဖွဲ့ဝင်တချို့ကို တွေ့ဆုံမေးမြန်းဖို့ ဗွီအိုအေ ဝိုင်းတော်သူ မအင်ကြင်းနိုင်က သူတို့ တည်းခိုရာ ဟိုတယ်ကို ရောက်ရှိနေပါတယ်။

မအင်ကြင်းနိုင်ရေ သူတို့ရဲ့ အမြင်တွေ ဘယ်လိုရှိလဲဗျ။ ပြောပြပါဦး။

ဟုတ်ကဲ့။ ဒီကိုယ်စားလှယ်အဖွဲ့ဟာ ဝါရှင်တန်ဒီစီ အပြင် ပြည်နယ်တချို့ကို သွားရောက်ပြီးတော့ ၁၅ ရက်ကြာလေ့လာခဲ့ကြတာပါ။ အမေရိကန်နိုင်ငံမှာ ဗဟိုအစိုးရနဲ့ ပြည်နယ်အစိုးရတွေ ကြား အာဏာခွဲဝေပြီး အပြန်အလှန်ထိန်းညှိတဲ့ စနစ်ကိုလည်း သူတို့ လေ့လာခဲ့ရတယ်လို့ ဆိုပါတယ်။

ဒီတော့ အမေရိကန်ပြည်ထောင်စုကနေ ပြည်နယ်တွေ ခွဲထွက်မသွားအောင် ဘယ်လိုလုပ် ထားသလဲ ဆိုတာကို ကိုယ်စားလှယ်အဖွဲ့ဝင်တဦးဖြစ်တဲ့ သတင်းစာ ဆရာ ဦးစည်သူအောင်မြင့်ကို မေးကြည့်ပါတယ်။

" သူတို့ပြည်ထောင်စုဆိုပြီး ပြည်ထောင်စုကို ဖက်ဒရယ်စပြီးဖွဲ့တယ်ဆိုတဲ့အချိန်တုန်းက ၁၃ပြည်နယ်ပဲပါတယ်။ ၁၃ပြည်နယ်ဆိုတာက confederation လိုမျိုးပေါ့။ လွတ်လပ်သောပြည်နယ်များက ပေါင်းစုထားတဲ့ ဆိုတဲ့ပုံစံမျိုးနဲ့ သူတို့က ဖွဲ့စည်းထားတာ။ အဲ့ဒီ့ဥစ္စာကို ပြည်ထောင်စုအနေနဲ့ သူတို့က သေသေချာချာ ဖွဲ့ဖို့ဆိုပြီးတော့မှအဲ့ဒီ့မှာ ညှိနှိုင်းမှုတွေ အများကြီး လုပ်ခဲ့တယ်။ လုပ်ပြီးတော့မှ အပြန်အလှန်လိုက်လျောမှုတွေ နောက်သက်ဆိုင်ရာ ပြည်နယ်တွေရဲ့ရပိုင်ခွင့်တွေ မဆုံးရှုံးရအောင်ပေါ့။ အကုန်လုံးစီစဉ်ပြီးမှ လုပ်ထားတဲ့အတွက်ကြောင့်မို့လို့ခွဲထွက်တယ်ဆိုတဲ့ပြသနာက မပေါ်ပေါက်လာဘူးပေါ့နော်။ ဒါတောင်မှ ကျွန်စနစ် ဆက်သုံးမယ်။ မသုံးဘူးဆိုတဲ့ပြသနာပေါ်လာတော့တောင်မှ ပြည်တွင်းစစ်တောင် ဖြစ်ခဲ့သေးတာပဲ။

အမေရိကန်ပြည်ထောင်စု ဖယ်ဒရယ်စနစ်ရဲ့ အားနည်းချက်၊ အားသာချက်တွေနဲ့ ပတ်သက်လို့ လည်း သူရဲ့ အမြင်ကို အခုလိုပြောပါတယ်။

" လောလောဆယ်မြင်ရ တွေ့ရသလောက်ကတော့ အားကောင်းချက်တွေ အများကြီးပဲ ပထမတချက်ကတော့ ပါဝင်တဲ့ပြည်နယ်တွေ အကုန်လုံးကို သူတို့ရဲ့ သက်ဆိုင်ရာပြည်နယ်တွေ အလိုက် လွတ်လပ်ခွင့်တွေ လုပ်ပိုင်ခွင့်တွေ တော်တော်လေးကို ရှိတယ်။ အဲ့ဒီ့ကမှ ကျန်တဲ့ပြည်နယ်တွေကို ဗဟိုအစိုးရကို အပ်ထားတဲ့အခါကျတော့ ဗဟိုအစိုးရကလည်း အားကောင်းကောင်းနဲ့ သူ အလုပ်လုပ်နိုင်တာပေါ့နော်။ ဆိုတဲ့အခါကျတော့ တွေ့ရတဲ့နေရာတိုင်း အားလုံးမှာ တာဝန်လည်းရှိတယ်။ အားလုံးက ကြိုးစားမှ ဖြစ်မယ်ဆိုတဲ့အနေအထားမျိုးဆိုတဲ့အခါကျတော့ အားကောင်းတာချည်းပဲ မြင်ခဲ့တာပေါ့။ တပ်မတော်ကိုပဲကြည့်ကြည့် ကျန်တဲ့နေရာကိုပဲကြည့်ကြည့်ပေါ့နော်။ အကုန်လုံး အားကောင်းတာကို တွေ့ရတယ်ပေါ့။"

မနေ့ကပဲ နေပြည်တော်မှာကျင်းပတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီကနေ ပြည်နယ်နဲ့ တိုင်းတွေ ကိုယ်ပိုင်အခြေခံဥပဒေရေးဆွဲခွင့် သဘောတူညီမှုရခဲ့တဲ့အပေါ်မှာလည်း ကြိုဆိုကြောင်း နောက်ထပ် ကိုယ်စားလှယ် တဦးဖြစ်တဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် တွဲဘက် အတွင်းရေးမှူး စိုင်းကျော်ညွန့် က ပြောလာပါတယ်။

" ပြည်နယ်ဖွဲ့စည်းပုံနဲ့ပတ်သက်ရင်တော့ ဒါက ကြိုဆိုရမယ့်ကိစ္စတခုဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ ဖက်ဒရယ်နိုင်ငံတခုအနေနဲ့ မရှိမဖြစ်ကတော့ တကယ့်ပြည်နယ်တွေရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေပဲဖြစ်ပါတယ်။ ပြည်နယ်ဖွဲ့စည်းပုံ အခြေခံဥပဒေတွေ ရေးဆွဲတဲ့အချိန်မှာလည်း ပြည်နယ်အဆင့်မှာတင်မကပဲ ဒေသန္တရအဆင့်အထိကို ကျနော်တို့ ဘယ်လိုလုပ်ဆောင်နိုင်မလဲဆိုတဲ့အပေါ်မှာလည်း စဉ်းစားရမယ့် အချက်ဖြစ်ပါတယ်။

တိုင်းရင်းသားအားလုံးတန်းတူရေး ပါဝင်တဲ့ မြန်မာ့နည်း၊ မြန်မာဟန် ပြည်ထောင်စုစနစ်ကို တည်ဆောက်တဲ့နေရာမှာ အမေရိကန်ဆီက ဘာတွေ အတုယူစရာ ရှိပါသလဲလို့ နောက် ကိုယ်စားလှယ်အဖွဲ့ဝင် တဦးဖြစ်တဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် တွဲဘက် အတွင်းရေးမှူး စိုင်းကျော်ညွန့်ကို မေးကြည့်ပါတယ်။

" ဒီအမေရိကန်ပြည်ထောင်စုမှ အတုယူစရာတွေကတော့ Local Government လို့ပြောတဲ့ ဒေသန္တရအစိုးရတွေ ပါဝင်ပါတယ်။ ဒီဒေသန္တရ အစိုးရတွေ အလုပ်လုပ်ပုံတွေ၊ မြို့နယ် အလိုက် မြူနီစပါယ်ပုံစံတွေရှိတယ်။ ပြီးတော့ မြို့နယ်ကောင်စီဝင်တွေ လုပ်ပုံကိုင်ပုံတွေက ကျနော်တို့တိုင်းပြည်မှာ အတိုင်းအတာတခုအထိ အသုံးဝင်မယ်လို့မြင်တယ်။

နောက်ပြီးတော့ ကျနော်တို့ဆီမှာ တွေ့ရတဲ့ပညာရေးစနစ်ပေါ့လေ။ ဘာသာသုံးခုကို တပြိုင်နက်တည်း ပေါင်းပြီး သင်နေတာတွေက သင်ရိုးညွှန်းတမ်းကိုတော့ စပါယ်ရှယ်ပြုစုပြီးတော့ သင်ကြားရမယ့်သဘောတွေရှိပါတယ်။

နောက်ပြီးတော့ ဒီမှာရှိတဲ့ National Guard ပါ အမျိုးသားပြည်နယ် သဘော သက်ရောက်တာပေါ့ဗျာ။ အဲ့ဒီ့ National Guardတွေရဲ့ လုပ်ငန်းတာဝန်တွေ ရော အဲ့ဒီ့ National Guardတွေရဲ့အရေးပါမှုရောပေါ့လေ။ နောက်ပြီးတော့ တိုင်းပြည်မှာ အဲ့ဒီ့ National Guardတွေနဲ့ ဘယ်လိုတာဝန်ထမ်းဆောင်နေသလဲဆိုတာကို ကျနော်တို့ လေ့လာရမယ်ဆိုရင်တော့ အဖြေတခုလည်းဖြစ်နိုင်တယ်ပေါ့လေ။ ကျနော်တို့နိုင်ငံမှာ ကြုံတွေ့နေရတဲ့ လက်နက်ကိုင်အဖွဲ့အစည်းများအားလုံး အပါအဝင် ပြည်ထောင်စုတပ်မတော် တည်ဆောက်တဲ့ပုံစံတွေမှာရော ပုံစံအမျိုးမျိုးနဲ့ ရှာေျဖွနိုင်လိမ့်မယ်လို့ မြင်တာပေါ့လေ။"

အမေရိကန်နိုင်ငံခြားရေးဌာနရဲ့ နိုင်ငံတကာ ခေါင်းဆောင်မှု အစီအစဉ်နဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ လာရောက်လေ့လာကြတာဖြစ်ပါတယ်။ အဲဒီထဲမှာ ရန်ကုန်တိုင်းအစိုးရ တိုင်းရင်းသားရေးရာဝန်ကြီး နော်ပန်းသင်ဇာမျိုးနဲ့ အခြားပြည်နယ်နဲ့ တိုင်းက လွှတ်တော်ကိုယ်စားလှယ်တွေ၊ ဗိုလ်မှူးချုပ် အဆင့် တပ်မတော် အရာရှိကြီးတဦးနဲ့ တပ်မှုးအဆင့် ရေတပ်အရာရှိတဦး အပါအဝင် ကချင်လွတ်မြောက်ရေး အဖွဲ့ KIO၊ ကရင် အမျိုးသားအစည်းအရုံး KNU အဖွဲ့အဝင်တွေ ပါဝင်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG