သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံအပေါ် အာဆီယံ ဖိအား ပြင်းထန်


(၄၃) ကြိမ်မြောက် အာဆီယံဝန်ကြီးများအဆင့် ဆွေးနွေးပွဲမှာ မြန်မာပြည်အရေးနဲ့ ပတ်သက်ပြီး တိုက်တွန်း ပြောဆိုမှုတွေ ရှိလာတာဟာ အာဆီယံရဲ့ တိုးတက်မှု တစိတ်တပိုင်းပဲလို့ ဆိုနိုင်ပေမဲ့ ထိရောက်မှုတွေ ဖြစ်တဲ့အထိ တိုက်တွန်းဖို့လိုနေတယ်လို့ စောင့်ကြည့်လေ့လာ သူတွေက ပြောပါတယ်။ အာဆီယံအနေနဲ့ ဘာမှမပြောဘဲ စစ်အစိုးရကို အကာအကွယ်ပေးနေတာထက်စာရင် အခုလို တိုက်တွန်းနေတာက ကောင်းတယ်လို့တော့ ယူဆကြပါတယ်။ ဒီအကြောင်း ဘန်ကောက်မြို့ကနေ ကိုကျော်အောင်လွင် သတင်းပေးပို့ထားပါတယ်။

နိုင်ငံတခုရဲ့ ပြည်တွင်းရေးကို တခြားနိုင်ငံတခုက ဝင်ပြီးတော့ မစွက်ဖက်ရေး ဆိုတဲ့ အရှေ့တောင်အာရှ နိုင်ငံများအသင်း အာဆီယံရဲ့ နံမည်ကြီးမူဝါဒဟာ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး ပြောင်းလဲမှုတွေ ရှိလာနေတယ်လို့ လေ့လာသူတွေက ပြောနေကြပါတယ်။ အခုအာဆီယံဆွေးနွေးပွဲမှာ ရောက်နေတဲ့ မြန်မာ့အရေး ကျွမ်းကျင်သူ သတင်းထောက် လယ်ရီ ဂျေဂင် (Larry Jagan) ကတော့ အာဆီယံအသင်းဟာ မြန်မာ စစ်အစိုးရကို ဒီတခေါက် အစည်းအဝေးမှာ မကြုံဖူးတဲ့ဖိအားတွေ ပေးခဲ့ကြတယ်လို့ ဆိုပါတယ်။

“အာစီယံအသင်းဟာ အခုအခေါက်မှာတော့ မြန်မာပြည်နဲ့ ပတ်သက်ပြီး ဖိအားတွေကို အပီအပြင် ပေးခဲ့ကြပါတယ်။ အစည်းအဝေးထဲမှာ မဟုတ်ပေမဲ့ အစည်းအဝေး အပြင်ဘက်မှာ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေက အရင်က မလုပ်ဘူးခဲ့တဲ့ ဖိအားပေးတာမျိုးတွေကို ထူးထူးခြားခြား လုပ်ခဲ့ကြတာပါ။” - လို့ ပြောခဲ့တာပါ။ အထူးသဖြင့် အင်ဒိုနီးရှားနိုင်ငံခြားရေး ဝန်ကြီးက သီးသန့်ဆွေးနွေးပွဲမှာ မြန်မာကို ဖိဖိစီးစီး ပြောခဲ့တယ်လို့ ဆိုပါတယ်။ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေ အားလုံးလိုလိုက ဒီတခေါက်မှာတော့ မြန်မာပြည်ဆိုင်ရာ အပြောင်းအလဲတွေကို တကယ်ပဲ လိုလားကြတယ် ဆိုတဲ့အကြောင်း တရားမျှတပြီး လွတ်လပ်တဲ့ ရွေးကောက်ပွဲတွေ ဖြစ်လာစေချင်တဲ့ အကြောင်းတွေ ပြောဆိုခဲ့ကြလို့ မြန်မာစစ်အစိုးရ အနေနဲ့ အာဆီယံရဲ့ဖိအားကို သတိထားရပါတော့မယ်လို့ မြန်မာ့အရေး ကျွမ်းကျင်သူ သတင်းထောက် လယ်ရီ ဂျေဂင် က ပြောပါတယ်။

လေးရက်ကြာ ကျင်းပခဲ့တဲ့ ဗီယက်နမ် နိုင်ငံက အာဆီယံဝန်ကြီးများအဆင့် ဆွေးနွေးပွဲမှာ မြန်မာပြည်က ရွေးကောက်ပွဲတွေဟာ အများက လက်ခံယုံကြည်နိုင်အောင် လုပ်ဆောင်ဖို့၊ လွတ်လပ်ပြီး တရားမျှတမှုရှိဖို့ မြန်မာစစ်အစိုးရကို တိုက်တွန်းခဲ့ကြတယ်ဆိုပေမဲ့ ထိရောက်မှုတွေ သိပ်ရှိလိမ့်မယ်လို့ မထင်တဲ့သူကတော့ စင်ပြိုင် အာဆီယံလို့ ခေါ်တဲ့ Alternative ASEAN Network for Burma အဖွဲ့က တာဝန်ခံ တဦးဖြစ်သူ ဒက်ဘီ စတော့ဟဒ် (Debbie Stothard) ပါ။

“ခုလို တိုက်တွန်းပြောဆိုမှုတွေဟာ အာဆီယံအသင်းအတွက် ရှေ့ကို လှမ်းလာတဲ့ ခြေလှမ်းငယ် တရပ်ပါပဲ။ တကယ်တမ်းတော့ ဒီထက်မက အများကြီး လုပ်ဆောင်ဖို့ လိုနေပါသေးတယ်။ ဘာကြောင့်လဲဆိုတော့ အခုလို မြန်မာ့အရေးကို တိုက်တွန်းပြောဆိုကြဖို့ ဆိုတာက လွန်ခဲ့တဲ့ နှစ်တွေကတည်းက ထိထိမိမိ လုပ်ရမယ့် ကိစ္စတွေပါ။ အခုဆိုရင်ပဲ တော်တော် နောက်ကျနေပါပြီ” - လို့ ပြောသွားတာပါ။ မြန်မာစစ်အစိုးရက ပြောင်းလဲမှုတွေ လုပ်လာအောင် အာဆီယံဘက်က အကာအကွယ် ပေးတာတွေ မလုပ်တော့ဘူး ဆိုတာမျိုး ထိရောက်တဲ့ ပြောဆိုမှုတွေလုပ်ဖို့ လိုနေတာလို့လဲ မစ္စ ဒက်ဘီ က ထောက်ပြပါတယ်။

“အစည်းအဝေးမှာ အာဆီယံဘက်က မြန်မာစစ်အစိုးရကို ပြောဖို့ ပြင်ဆင်သွားဖို့လိုတာက မြန်မာစစ်အစိုးရဘက်က အခြေအနေတွေကို ပြောင်းလဲလာအောင် မလုပ်ဘူးဆိုရင်တော့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ ဆွေးနွေးပွဲတွေမှာ အာဆီယံဘက်က အကာအကွယ် ပေးတာတွေ မလုပ်တော့ဘူး ဆိုတာမျိုး ပြောဆိုသင့်တာပါလို့ စင်ပြိုင်အာဆီယံအဖွဲ့က မစ္စ ဒက်ဘီ ပြောခဲ့တာပါ။ တကယ်တော့ မြန်မာပြည် ပြောင်းလဲ ရေးအတွက် အာဆီယံအသင်းဝင် နိုင်ငံတွေကပဲ တိုက်တွန်းခဲ့တာ မဟုတ်ပါဘူး။ ဗီယက်နမ်မှာပဲ တဆက်ထဲကျင်းပနေတဲ့ ARF လို့ခေါ်တဲ့ အာဆီယံဒေသ လုံခြုံရေးဆိုင်ရာ ဆွေးနွေးပွဲကို တက်လာကြတဲ့ အမေရိကန်ဘက်ကရော ဂျပန်နိုင်ငံကပါ တိုက်တွန်းနေတာ ဖြစ်ပါတယ်။

XS
SM
MD
LG