သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လွတ်လပ် တရားမျှတတဲ့ ရွေးကောက်ပွဲ ကျင်းပဖို့ အာဆီယံ တိုက်တွန်း


လွတ်လပ် တရားမျှတတဲ့ ရွေးကောက်ပွဲ ကျင်းပဖို့ အာဆီယံ တိုက်တွန်း
လွတ်လပ် တရားမျှတတဲ့ ရွေးကောက်ပွဲ ကျင်းပဖို့ အာဆီယံ တိုက်တွန်း

မြန်မာနိုင်ငံမှာ နိုဝင်ဘာလ ၇ ရက်နေ့ ရွေးကောက်ပွဲ ကျင်းပမယ်လို့ ဆုံးဖြတ်ခဲ့တဲ့အပေါ် အာဆီယံ အဖွဲ့ကြီးက ကြိုဆိုလိုက်ကြောင်း အာဆီယံအဖွဲ့ အလှည့်ကျ သဘာပတိဖြစ်တဲ့ ဗီယက်နမ်က အင်္ဂါနေ့မှာ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

မြန်မာစစ်အစိုးရ အနေနဲ့ လွတ်လပ်ပြီး တရားမျှတတဲ့၊ အဖွဲ့အစည်းပေါင်းစုံ ပါဝင်တဲ့ ရွေးကောက်ပွဲတရပ် ကျင်းပပေးဖို့အတွက် အာဆီယံ ၁၀ နိုင်ငံ ပါဝင်တဲ့ အဖွဲ့ကြီးက အားပေးတိုက်တွန်းလိုက်ကြောင်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံမှာ အမျိုးသား ပြန်လည်သင့်မြတ် သွေးစည်းရေးဟာ အင်မတန် အရေးပါကြောင်း အထူး ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ ၁၉၉၀ ခုနှစ်က ပထမဆုံးအကြိမ်အဖြစ် ရွေးကောက်ပွဲ ကျင်းပပေးခဲ့ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာတော့ ကာလကြာရှည်စွာ စောင့်စားနေခဲ့ရတဲ့ ရွေးကောက်ပွဲ ကျင်းပမယ့်ရက်ကို နိုဝင်ဘာလ ၇ ရက်နေ့လို့ မြန်မာစစ်အစိုးရက ကြေညာပေးခဲ့ပါတယ်။

ရွေးကောက်ပွဲ ကျင်းပပေးမယ့် နိုဝင်ဘာလ ၇ ရက်နေ့ဟာ နေအိမ်အကျယ်ချုပ် ကျခံနေရတဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပြန်ပြီး လွတ်မြောက်ဖို့အတွက် တပတ်လောက်အလိုမှာ သတ်မှတ်ခဲ့တာပါ။ ဒါကြောင့် ဒီရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် ပါဝင်ခွင့် မရအောင် အချိန်ကိုက် စီစဉ်ထားပုံ ရတယ်လို့ လူ့အခွင့်အရေး အဖွဲ့တွေက ဝေဖန်ပါတယ်။ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေအရ အကျဉ်းကျခံနေရသူတွေဟာ ရွေးကောက်ပွဲမှာ ပါဝင်ခွင့် မရှိပါဘူး။

နိုဝင်ဘာလ ၇ ရက်နေ့ ကျင်းပမယ့် ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတမှု ရှိစေဖို့၊ နိုင်ငံရေး အကျဉ်းသား အားလုံးကို လွှတ်ပေးဖို့နဲ့ အများယုံကြည်မှုရတဲ့ ရွေးကောက်ပွဲ ဖြစ်လာစေဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း (Mr. Ban Ki-moon) က တောင်းဆိုခဲ့တဲ့အပြင် အမေရိကန်နိုင်ငံနဲ့ ဗြိတိန်နိုင်ငံတို့ကလည်း ပါဝင် တောင်းဆိုခဲ့ကြပြီး အင်္ဂါနေ့မှာတော့ ကနေဒါနိုင်ငံကပါ တောင်းဆိုခဲ့ပါတယ်။

မြန်မာနိုင်ငံအရေး ဆောင်ရွက်နေတဲ့ EU ဥရောပသမဂ္ဂ နိုင်ငံများကိုယ်စား မြန်မာနိုင်ငံမှာရှိတဲ့ ဗြိတိန်သံရုံးကလည်း အလားတူ တောင်းဆိုမှု ကြေညာချက်ကို ထုတ်ပြန်ခဲ့တဲ့အပြင် ဗီယက်နမ်နိုင်ငံ ဟနွိုင်းမှာ ကျင်းပခဲ့တဲ့ အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးမှာလည်း အာဆီယံ နိုင်ငံတွေက အခုလို တောင်းဆိုခဲ့ကြပါတယ်။

XS
SM
MD
LG