သုံးရလွယ်ကူစေသည့် Link များ

အာဆီယံ ကုန်သွယ်စီးပွားရေးရာ ၀န်ကြီးများစည်းဝေးပွဲ အမေရိကန် မတက်လို့ စိတ်ပျက်

  • ဗွီအိုအေ (မြန်မာဌာန)

အရှေ့တောင်အာရှ နိုင်ငံများက စီးပွားရေးဆိုင်ရာ ၀န်ကြီးတွေနဲ့ အာဆီယံရဲ့ ကုန်သွယ်ဖက် နိုင်ငံတွေက ၀န်ကြီးတွေရဲ့ အစည်းအဝေးကို အမေရိကန် မတက်ရောက်ခဲ့တာကြောင့် အာရုံစိုက်စရာ ဖြစ်နေပါတယ်။

အရှေ့တောင်အာရှ နိုင်ငံများအသင်း အာဆီယံ အဖွဲ့ဝင် ၁၀ နိုင်ငံဟာ သူတို့ရဲ့ ဆွေးနွေးဖက် သြစတြေးလျ၊ တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ တောင်ကိုရီးယား၊ နယူးဇီလန်၊ ရုရှားနဲ့ ဥရောပသမဂ္ဂတို့နဲ့ ဗီယက်နမ်နိုင်ငံ ဒါနန်းမြို့မှာ ရောက်ရှိနေကြတာပါ။

အမေရိကန် တက်ရောက်ဖို့ ပျက်ကွက်တဲ့အတွက် စိတ်ပျက်ရကြောင်း အာဆီယံ အတွင်းရေးမှူးချုပ် ဆူရင် ပစ်ဆူဝန် (Surin Pitsuwan) က သတင်းထောက်တွေကို ကြာသပတေးနေ့က ပြောပါတယ်။ အာဆီယံကို ၂၀၁၅ မှာ ဥရောပသမဂ္ဂဟန် ဈေးကွက်တကွက်တည်း ဖြစ်ရေးအတွက် ဒီအပတ် အစည်းအဝေးမှာ တက်ရောက်သူတွေက ဆွေးနွေး လုပ်ဆောင်ကြမှာပါ။

ဝါရှင်တန်က အာရှဒေသနဲ့ ဆက်လက် ထိတွေ့ဆက်ဆံပါလိမ့်မယ်လို့ ဆူရင်က ပြောပါတယ်။ ဒီအစည်းအဝေးကို မတက်ရောက်ပေမဲ့ ပြီးခဲ့တဲ့လက ဗီယက်နမ်မှာ ကျင်းပခဲ့တဲ့ လုံခြုံရေးဆိုင်ရာ အစည်းအဝေးမှာတော့ အမေရိကန် ပြည်ထောင်စုက သော့ချက်နေရာက ပါဝင်ခဲ့ပါတယ်။ အဲဒီတုန်းက တက်ရောက်ခဲ့ကြတဲ့ နိုင်ငံအများစုကလည်း ဒီနိုင်ငံတွေပဲ ဖြစ်ကြပါတယ်။

နိုဝင်ဘာလ လွှတ်တော် ရွေးကောက်ပွဲတွေ မတိုင်မီ ကုန်သွယ်ရေးကိစ္စတွေအပေါ် အိုဘားမား အစိုးရ အနေနဲ့ ဖိအားပေးချင်ပုံ မရဘူးလို့ တချို့ သုံးသပ်သူတွေက ယူဆကြပါတယ်။ အာဆီယံနဲ့ ဆက်လက် တိုးမြှင့် ထိတွေ့ဆက်ဆံဖို့ အမေရိကန်က ပိုင်းဖြတ်ထားပြီး ဖြစ်တာကို အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ပီ.ဂျေ. ခရော်လီ (P.J. Crowley) က ၀ါရှင်တန်မှာ ကြာသပတေးနေ့က ပြောပါတယ်။

XS
SM
MD
LG