သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာရှတိုက်သူများ HIV/AIDS ရောဂါ ကင်းရှင်းရေး


အာရှတိုက်သူများ HIV/AIDS ရောဂါ ကင်းရှင်းရေး
အာရှတိုက်သူများ HIV/AIDS ရောဂါ ကင်းရှင်းရေး

အာရှတိုက်သူ အမျိုးသမီးတွေကြားမှာ HIV ရောဂါပိုး ကူးစက်ခံရသူအရေအတွက် တိုးလာနေတာကို တားဆီးနိုင်ရေး အရှိန်မြှင့်ပြီး ကြိုးပမ်းလုပ်ဆောင်ကြဖို့ ကုလသမဂ္ဂက အာရှတိုက်နိုင်ငံတွေကို နှိုးဆော်နေပါတယ်။ အာရှသူတွေဟာ သူတို့ရဲ့ ခင်ပွန်းတွေ၊ ချစ်သူတွေ၊ အတူနေအမျိုးသားတွေရဲ့ အန္တရာယ်ကြီးတဲ့ ပြုမူနေထိုင်မှုတွေကြောင့် HIV ရောဂါပိုး ကူးစက်ခံနေကြရ ပါတယ်။ ဒီအတောအတွင်းမှာပဲ အမေရိကန်အစိုးရအနေနဲ့ တကမ္ဘာလုံးမှာ HIV/AIDS ရောဂါ တိုက်ဖျက်ရေးအတွက် ရန်ပုံငွေ ပိုထောက်ပံ့ဖို့ HIV ရောဂါတိုက်ဖျက်ရေး လှုပ်ရှားသူတွေက အမေရိကန်အစိုးရကို ဖိအားပေးနေပါတယ်။ ဒီအကြောင်းတွေကို ဗွီအိုအေသတင်းထောက်တွေဖြစ်ကြတဲ့ Ron Corben နဲ့ Nico Colombant တို့ ပေးပို့ထားတဲ့ သတင်းဆောင်းပါးတွေပေါ် အခြေခံ ပြီး ဒီသီတင်းပတ်ရဲ့ ကျန်းမာရေးကဏ္ဍအဖြစ် ကိုကျော်ကျော်သိန်းက တင်ပြထားပါတယ်။

အာရှတိုက်က အမျိုးသမီးနဲ့ ကလေးငယ်တွေကြားမှာ HIV ရောဂါပိုး ကူးစက်ခံရတဲ့နှုန်း မြင့်မားလာနေတဲ့အတွက် အမျိုးသမီးတွေကို အားပေး မြှင့်တင်မယ့် အစီအစဉ်တွေ အရှိန် တိုးမြှင့် လုပ်ဆောင်ဖို့နဲ့ HIV ရောဂါပိုး ကူးစက်ခံရမယ့် အန္တရာယ် ကနေ အကာအကွယ်ပေးဖို့ AIDS ရောဂါဆိုင်ရာ ကုလသမဂ္ဂကျွမ်းကျင်သူတွေက ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်မှာလုပ်ခဲ့တဲ့ အစည်းအဝေးတခုအတွင်း ပြောခဲ့ကြပါတယ်။

ဘန်ကောက်မြို့မှာလုပ်ခဲ့တဲ့ အဲဒီ အစည်းအဝေးမှာ အာရှတိုက်တဝန်းက ကုလသမဂ္ဂ AIDS ရောဂါတိုက်ဖျက်ရေးအစီအစဉ် UNAIDS၊ ကုလသမဂ္ဂ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေအဖွဲ့ UNIFEM နဲ့၊ AIDS တီဘီနဲ့ ငှက်ဖျားရောဂါ တိုက်ဖျက်ရေး ကမ္ဘာလုံးဆိုင်ရာ ရန်ပုံငွေ Global Fund အဖွဲ့တို့က ကိုယ်စားလှယ်ပေါင်း ၂၀၀ ကျော် တက်ရောက်ခဲ့ကြပါတယ်။

အာရှဒေသ နိုင်ငံအများအပြားမှာရှိတဲ့ အမျိုးသမီးတွေကြားမှာ HIV ရောဂါပိုး ကူးစက်ခံရတဲ့နှုန်းဟာ အရှိန်အဟုန်နဲ့ကို တိုးလာနေ တယ်လို့ UNAIDS က ပြောပါတယ်။ AIDS ရောဂါဟာ ကမ္ဘာတဝန်းက ကိုယ်ဝန်ဆောင်နိုင်တဲ့ အသက်အရွယ်မှာ ရောက်နေပြီ ဖြစ်တဲ့ အမျိုးသမီးတွေကြားမှာ သေဆုံးမှုဖြစ်ရတဲ့ အဓိကအကြောင်းရင်းဖြစ်နေတယ်လို့ UNAIDS က ဆိုပါတယ်။

မိန်းကလေးငယ်တွေနဲ့ ငယ်ရွယ်တဲ့ အမျိုးသမီးတွေမှာ HIV ရောဂါပိုး ကူးစက်မှု တိုးလာနေတဲ့ကိစ္စကို နိုင်ငံအစိုးရတွေက ကိုင်တွယ် ဖြေရှင်းဖို့ လိုအပ်တယ်လို့ မတူကွဲပြားသောလိင်နှင့် လူ့အခွင့်အရေးဆိုင်ရာ UNAIDS ရဲ့ ဒေသဆိုင်ရာ အကြံပေး ပုဂ္ဂိုလ် Jane Wilson က ပြောပါတယ်။

“အမျိုးသမီးတွေဟာ HIV ရောဂါပိုး ကူးစက်ခံရဖို့ အန္တရာယ် အရမ်းကြီး တယ်ဆိုတာ အင်မတန်ထင်ရှားပြီး ဒီကိစ္စကို ကိုင်တွယ်ဖြေရှင်း တာမျိုး မရှိပါဘူး။ ကူးစက်ရောဂါပြန့်ပွားခြင်းနဲ့ ကာကွယ်ခြင်း ဆိုင်ရာ ပညာရပ်ပိုင်းကိုပဲ ကြည့်ကြည့်၊ လူမှုနဲ့ ယဉ်ကျေးမှုဆိုင်ရာ အကြောင်းအချက်တွေကိုပဲ ကြည့်ကြည့်၊ ဆင်းရဲမွဲတေမှုရဲ့ ရိုက်ခတ်မှုကိုပဲကြည့်ကြည့်၊ AIDS ရောဂါ ကာကွယ် တားဆီး တိုက်ဖျက်ရေး အမျိုးသား စီမံကိန်းတွေမှာ ကျား-မကိစ္စ အလေး ထားမှုမရှိတာကိုပဲ ကြည့်ကြည့်၊ အစီအစဉ်တွေကို ရေးဆွဲတဲ့နေရာမှာ၊ မူဝါဒတွေကို တကယ်တမ်း ချမှတ်တဲ့နေရာမှာ ကွာဟ ချက်ကြီးရှိနေတာကို တွေ့ရမှာပါ။”

အာရှ-ပစိဖိတ်ဒေသမှာ HIV ရောဂါပိုးကူးစက်ခံထားရတဲ့ အမျိုးသမီးအရေအတွက် ၁ ဒဿမ ၆ သန်းဟာ ရောဂါရှင်အားလုံးရဲ့ ၃၅ ရာခိုင်နှုန်း ရှိတယ်လို့ UNAIDS က ခန့်မှန်းထားပါတယ်။ ၁၉၉၀ ပြည့်နှစ်တုန်းက အာရှဒေသမှာ HIV ရောဂါပိုး ကူးစက်ခံရသူ အားလုံးထဲမှာ ၁၈ ရာခိုင်နှုန်းဟာ အမျိုးသမီးတွေဖြစ်ကြပါတယ်။

HIV ရောဂါပိုး ကူးစက်ခံထားရတဲ့ အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေရဲ့ တရားဥပဒေကြောင်းအရ ရသင့်ရထိုက်တဲ့ အခွင့် အရေးတွေနဲ့ လူ့အခွင့်အရေးတွေကို ပိုပြီး အကာအကွယ်ပေးဖို့ UNAIDS နဲ့ UNIFEM တို့က နှိုးဆော် တိုက်တွန်းနေပါတယ်။

ရောဂါပိုးကူးစက်ခံထားရတဲ့ အမျိုးသမီးတွေဟာ လိင်ကွဲပြားမှုပေါ်မူတည်ပြီး မမျှမတ ခွဲခြားဆက်ဆံခံရတာ၊ လူမှုရေးရာမှာ ဂုဏ် ငယ်ရတာ၊ လိင်ပိုင်းဆိုင်ရာ စော်ကားခံရတာတွေအပါအဝင် အကြမ်းဖက်မှုတွေကို မကြာခန ရင်ဆိုင်နေကြရတယ်လို့ တာဝန်ရှိ သူတွေကပြောပါတယ်။

ခင်ပွန်းတွေ၊ ချစ်သူတွေ၊ အတူနေအမျိုးသားတွေက တခြားအမျိုးသားတွေနဲ့ အကာအကွယ်မဲ့ လိင်ဆက်ဆံတာ ဒါမှမဟုတ် အကြောထဲ မူးယစ်ဆေးဝါး ထိုးသွင်းတာတွေကနေ အမျိုးသမီးတွေမှာ HIV ရောဂါပိုးကူးစက်ခံရတာ တိုးလာနေတယ်လို့ မစ္စ Wilson က ပြောပါတယ်။

“တဖြည်းဖြည်းချင်း အရေအတွက်များနေတဲ့ပုံ ရှိနေပါတယ်။ ဒါကြောင့် ဒီနှုန်းနဲ့ ရောဂါ ကူးစက်တာတွေ ဆက်ဖြစ်နေဦးမှာပါ။ အမျိုးသမီးအရေအတွက် အများကြီး မုဆိုးမဖြစ်ကြရ၊ ကလေးတွေအများကြီး မိခင်မဲ့ ဖြစ်ကြရဦးမှာပါ။ ဒါ တကယ့်ကိုဆိုးရွားတဲ့ အခြေအနေတရပ်ဖြစ်ပြီးတော့ ကျမတို့ ဒီမှာပြောနေတာက သက်ရောက်မှု လျော့ပါး သက်သာစေမယ့် အကြောင်းပါ။”

ငယ်ရွယ်တဲ့အမျိုးသမီးတွေကို အကာအကွယ် ပိုပေးနိုင်ဖို့အတွက် သူတို့ရဲ့ အသိ ဗဟုသုတ မြှင့်တင်ပေးရေးအပိုင်းကို အဓိက ဦးတည်ချက်ထားပြီး အစိုးရ မူဝါဒတွေကို ချမှတ်သင့်တယ်လို့ HIV ရောဂါပိုးကူးစက်ခံထားရသူ အမျိုးသမီးများ၏ နိုင်ငံတကာ အဝန်းအဝိုင်းအဖွဲ့က Anandi Yuvraj က ပြောပါတယ်။Yuvraj Act: “အမျိုးသမီးတွေကို တကယ်တမ်း မြှင့်တင် အားပေးတဲ့နေရာ မှာ ကွာဟချက်ကြီး ရှိနေပါသေးတယ်။ ဘာ့ကြောင့်လဲဆိုတော့ ကျမလာတဲ့ အိန္ဒိယနိုင်ငံအပါအဝင် နိုင်ငံအများအပြားမှာ အမျိုးသမီးငယ်တွေနဲ့ မိန်းကလေးတွေရဲ့ လိုအပ်ချက်တွေကို ဖြည့်စွမ်းပေးမယ့် အစီအစဉ်မျိုးတွေ မရှိပါဘူး။ အခြေအနေကို အမျိုးသမီးတွေ တကယ် နားလည်နိုင်အောင် ကူညီပေးမယ့် ဘဝတသက်တာ ကျွမ်းကျင်မှုအရည်အချင်းဆိုရာ ပညာရေးတွေ၊ လိင်ပညာပေးရေးလို အစီအစဉ်မျိုးတွေ မရှိပါဘူး။”

လိင်ပိုင်းဆိုင်ရာကိစ္စတွေ၊ မူးယစ်ဆေးဝါးသုံးစွဲမှုတွေပေါ်မှာ အခြေခံပြီး လူတွေကို ရာဇဝတ်ပြစ်မှုကျူးလွန်သူတွေအဖြစ် သတ်မှတ် တာ အဆုံးသတ်ဖို့ လှုပ်ရှားသူတွေက ဖြစ်စေချင်ကြသလို ကျန်းမာရေးနဲ့ HIV ကုသရေး ဝန်ဆောင်မှုလုပ်ငန်းတွေကို အားလုံး တန်းတူညီမျှ ခံစားခွင့်ရအောင် လုပ်ပေးစေချင်ကြပါတယ်။

ဒီအတောအတွင်းမှာပဲ HIV ရောဂါဆိုင်ရာ လှုပ်ရှားသူတွေက အမေရိကန်အစိုးရဟာ HIV/AIDS ရောဂါတိုက်ဖျက်ရေးအတွက် ရန်ပုံငွေပမာဏ အများအပြားပိုပြီးတော့ ကျခံသုံးစွဲဖို့ တောင်းဆိုလိုက်ကြပါတယ်။

အရင်သမ္မတဟောင်း ဂျော့ဂျ် ဒဗလျူ ဘုရှ်လက်ထက်က အကောင်အထည်ဖော်ခဲ့တဲ့ တကမ္ဘာလုံးမှာ AIDS ရောဂါတိုက်ဖျက်ရေး မူဝါဒတွေဟာ ဦးစားပေးအဖြစ် ဆက်ရှိမနေတော့ဘူးဆိုပြီး သူခံစားရတယ်လို့ အမေရိကန်အခြေစိုက် AIDS ကျန်းမာရေး စောင့်ရှောက်မှု ဖောင်ဒေးရှင်းဥက္ကဋ္ဌ Michael Weinstein က ပြောပါတယ်။

AIDS ရောဂါ ကာကွယ် တိုက်ဖျက်ရေးဆိုင်ရာ သမ္မတရဲ့ အရေးပေါ်အစီအစဉ် ဒါမှမဟုတ် PEPFAR လို့ အတိုကောက်ခေါ်တဲ့ အကောင်အထည်ဖော်ဆဲ အစီအစဉ်ရဲ့ တစိတ်တပိုင်းအဖြစ် ငါးနှစ်တာကာလအတွင်း ဒေါ်လာသန်းပေါင်း ၅၀,၀၀၀ သုံးစွဲသွားမယ်လို့ သမ္မတ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးစဉ်ကာလက အဲဒီတုန်းက အထက်လွှတ်တော်အမတ် ဘရက် အိုဘားမားက ပြော ခဲ့ပါတယ်။

ဒါပေမဲ့ ၂၀၁၀ ပြည့်နှစ်မှာ PEPFAR က တောင်းခံခဲ့တဲ့ရန်ပုံငွေဟာ ဒေါ်လာသန်းပေါင်း ၇၀၀၀ အောက်ကို လျော့ပါသေးတယ်။ သိပ်မကြာသေးခင်က ဒီအစီအစဉ်စခဲ့ကတည်းကဆိုရင် ပထမဆုံးအကြိမ် သိသိသာသာ တိုးတက်မှုမရှိတာပါပဲ။ ၂၀၁၁ ခုနှစ် အတွက် အဆိုပြုထားတဲ့ ဘဏ္ဍာရေးမှာ တိုးပြီးတင်ပြထားတာ နည်းနည်းလေးပဲရှိတာကြောင့် Weinstein တို့လို လှုပ်ရှားသူတွေ စိတ်ပျက်လက်ပျက်ဖြစ်ကြရတာပါ။

“လက်ရှိမှာ ဘဏ္ဍာငွေကြေးအရ အကျပ်အတည်းတွေ့တဲ့ အခြေအနေမှာ ရောက်နေတယ်ဆိုတာ ကျနော်တို့ နားလည်တယ်။ ဒါကြောင့် ကျနော်တို့ လုပ်နိုင်တာ နှစ်ခုရှိတယ်၊ နံပါတ် တစ်၊ လူ့အသက်တွေ ကာကွယ်ရေးကိစ္စကို အမြင့်ဆုံး ဦးစားပေးကိစ္စအဖြစ် သတ်မှတ်၊ နံပါတ် နှစ်၊ ဒီအစီအစဉ်ကို ပိုပြီးတော့ စွမ်းရည်ပြည့်ပြည့်နဲ့ ထိထိရောက်ရောက်ဖြစ်အောင်လုပ်၊ ဒါပါပဲ။”

ပြီးခဲ့တဲ့လတုန်းကတော့ အမေရိကန်အစိုးရက ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးကဏ္ဍအတွက် ခြောက်နှစ်စာ ဒေါ်လာသန်းပေါင်း ၆၃,၀၀၀ ကျခံသုံးစွဲမယ်လို့ ကြေညာခဲ့ပါတယ်။ ဒါဟာဖြင့် AIDS ရောဂါ ကာကွယ် တိုက်ဖျက်ရေးဆိုင်ရာ သမ္မတရဲ့ အရေးပေါ် အစီအစဉ်ကို အဓိက ရောဂါကြီးတွေကို ကျယ်ကျယ်ပြန့်ပြန့် တိုက်ဖျက်ရေး အစီအစဉ်အောက်မှာ ထည့်သွင်းလိုက်တာပဲ ဖြစ်ပါတယ်။

XS
SM
MD
LG