သုံးရလွယ်ကူစေသည့် Link များ

မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် ဖွံ့ဖြိုးရေး တရုတ်ထောက်ခံ


ဒေါ်အောင်ဆန်းစုကြည် တရုတ်နိုင်ငံခရီးစဉ်။ သြဂုတ် ၁၉၊ ၂၀၁၆။
ဒေါ်အောင်ဆန်းစုကြည် တရုတ်နိုင်ငံခရီးစဉ်။ သြဂုတ် ၁၉၊ ၂၀၁၆။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင် တို့ ဘေဂျင်းမြို့မှာ ဒီကနေ့ တွေ့ဆုံခဲ့ကြပြီး ဒီခရီးစဉ်က ၂ နိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှုတွေဖြစ်ပေါ်လာဖို့အတွက် လုပ်ဆောင်သွားမယ်လို့ ယုံကြည်ကြောင်း တရုတ်သမ္မတက ပြောကြားလိုက်ပါတယ်။ ဒါ့အပြင် တရုတ် အစိုးရအနေနဲ့ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ထောက်ခံအားပေးတယ် လို့ ပြောလိုက်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကတော့ တရုတ်နိုင်ငံအနေနဲ့ သူမကို နွေးနွေးထွေးထွေးကြိုဆိုတဲ့အပေါ်မှာ ကျေးဇူးတင်တယ်လို့ ပြောပါတယ်။ ဒီအကြောင်းအပြည့်အစုံကိုတော့ ကိုရန်နိုင်က ပြောပြပေးမှာဖြစ်ပါတယ်။

တရုတ်နိုင်ငံကို ၅ ရက်ကြာ ရောက်ရှိနေတဲ့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ညနေမှာတော့ တရုတ်သမ္မတ ရှီကျင့်ဖျင် နဲ့ ဘေဂျင်းမြို့မှာ တွေ့ဆုံခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီခရီးစဉ်ကနေ ၂ နိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှုတွေကို ပိုပြီးဖြစ်ပေါ်လာဖို့ မျှော်လင့်တယ်လို့ တရုတ်သမ္မတ ရှီကျင့်ဖျင်က ပြောကြားလိုက်ပါတယ်။

“မြန်မာအစိုးရသစ် စတင်ဖွဲ့စည်းပြီးချိန်ကစပြီး ဒါဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပထမဆုံး တရုတ်နိုင်ငံခရီးစဉ်ဖြစ်ပါတယ်။ ဒီခရီးစဉ်ကနေ ၂ နိုင်ငံကြား ဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုတွေ ကျုယ်ကျယ်ပြန့်ပြန့် ဖွံ့ဖြိုးတိုးတက် လာအောင် အခိုင်အမာလုပ်ဆောင်သွားနိုင်မယ်လို့ ကျနော့်အနေနဲ့ ယုံကြည်ပါတယ်။”

ဒေါ်အောင်ဆန်းစုကြည်ကတော့ တရုတ်နိုင်ငံဘက်က နွေးနွေးထွေးထွေး ကြိုဆိုတဲ့အတွက် ကျေးဇူးတင်တယ်လို့ ပြောကြားလိုက်ပြီး ပြီးခဲ့တဲ့ တကြိမ်က တွေ့ခဲ့ရတဲ့ တရုတ်ကွန်မြူနစ်ပါတီက မိတ်ဆွေဟောင်းတွေကို တွေ့ရတဲ့ အတွက်လည်း ဝမ်းသာတယ်လို့ ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တရုတ်နိုင်ငံရဲ့ ခရီးစဉ်အတွင်း အတော်များများ အာရုံ စိုက်နေကြတာကတော့ ဧရာဝတီမြစ်ဆုံဆည် ရေအားလျှပ်စစ် စီမံကိန်း ကိစ္စပဲဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ တရုတ်ဝန်ကြီးချုပ် လီခချန်းနဲ့ ကြာသပတေးနေ့က တွေ့ဆုံစဉ်မှာတော့ - မြစ်ဆုံဆည်စီမံကိန်းနဲ့ ပတ်သက်ပြီး သင့်တင့်တဲ့ အဖြေရှာဖို့ တရုတ်ဘက်က တိုက်တွန်းခဲ့ပြီး မြစ်ဆုံဆည် စီမံကိန်းကို စုံစမ်းစစ်ဆေးဖို့ ကော်မရှင် ဖွဲ့စည်းထားတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ ထပ်မံပြောကြားခဲ့ပါတယ်။

“မြစ်ဆုံဆည်စီမံကိန်းနဲ့ ပတ်သက်ပြီး ပြောရမယ် ဆိုရင်တော့ ကျမတို့ ကော်မရှင်တရပ် ဖွဲ့စည်းထားပါတယ်။ ဒီကိစ္စအတွက် အကောင်းဆုံး အဖြေရှာနိုင်ဖို့က ကော်မရှင်ရဲ့ ကိစ္စပါ။ အခုချိန်မှာ ဘယ်ဟာက အကောင်းဆုံးဖြေရှင်းနည်း ဖြစ်တယ်ဆိုတာကို ကျမအနေနဲ့ မပြောနိုင်ပါဘူး။ ပြောနိုင်တယ်ဆိုရင်တော့ ကျမတို့ ကော်မရှင် ဘယ်ဖွဲ့မလဲ။ ဒါနဲ့ ပတ်သက်ပြီးအကောင်းဆုံးအဖြေက ဘာဆိုတာကို ရှာဖို့က ကော်မရှင်ရဲ့ တာဝန်ပါ။”

ကချင်ပြည်နယ်က ဧရာဝတီမြစ်ဆုံမှာ တည်ဆောက်မယ့် မြစ်ဆုံဆည် စီမံကိန်းကို မြန်မာပြည်သူတွေက အပြင်းအထန် ကန့်ကွက်ခဲ့ကြတာကြောင့် ပြီးခဲ့တဲ့အစိုးရလက်ထက်မှာ ရပ်ဆိုင်းထားတာပါ။ မြစ်ဆုံဆည်စီမံကိန်းကို စုံစမ်း စစ်ဆေးမယ့်ကော်မရှင်ကို တရုတ်နိုင်ငံက ပညာရှင်တဖွဲ့ စေလွှတ် သွားမယ်လို့ တရုတ်သတင်းတခုမှာ ဖော်ပြတယ်လို့ တရုတ်-မြန်မာအရေး ကျွမ်းကျင်သူ ဒေါ်လှကျော်ဇောက ပြောပါတယ်။ တရုတ်သမ္မတ နဲ့ တွေ့ဆုံခဲ့စဉ်အတွင်း မြစ်ဆုံကိစ္စကို ပြောဆိုခြင်းမရှိခဲ့ပဲ ကုန်သွယ်ရေး နဲ့ ၂ နိုင်ငံ ဆက်ဆံရေး ကိစ္စရပ်တွေပဲ အဓိကထားဆွေးနွေး ခဲ့တယ်လို့ သူကပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကတော့၂ နိုင်ငံကြား ချစ်ကြည်ရေး ပိုမိုခိုင်မြဲဖို့ မျှော်လင့်သလို မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာလည်း တရုတ်နိုင်ငံအနေနဲ့ အကူအညီပေးနိုင်ဖို့ မျှော်လင့်တယ်လို့ ပြောကြားလိုက်ပါတယ်။

“ငြိမ်းချမ်းရေးလုပ်ငန်းစဉ်က ကျမတို့နိုင်ငံရဲ့ ကိစ္စပါ။ အခြေခံကတော့ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးကို မြန်မာပြည်သူတွေက တည်ဆောက်ရမှာပါ။ ဒါပေမဲ့ မြန်မာနိုင်ငံနဲ့ နယ်စပ်ချင်း ထိစပ်နေတဲ့ တရုတ်နိုင်ငံအနေနဲ့ ကျမတို့ရဲ့ ရည်မှန်းချက်တွေ အောင်မြင်အောင် စိတ်ကောင်းစေတနာထားပြီး အကူအညီပေးဖို့ ကလည်း အရေးကြီးပါတယ်။ တရုတ်နိုင်ငံ အနေနဲ့လည်း အိမ်နီးချင်းကောင်းပီသစွာ ကျမတို့ရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အောင်မြင်အောင် အစွမ်းကုန် လုပ်ပေးသွားမယ်လို့ ကျမတို့အနေနဲ့ ယုံကြည်ပါတယ်။ “

တရုတ်အစိုးရအနေနဲ့ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းလုပ်ငန်းစဉ်ကို ထောက်ခံ အားပေးတယ်လို့ တရုတ်သမ္မတ ရှီကျင့်ပင်က ပြောကြား ခဲ့တယ်လို့ ဒေါ်လှကျော်ဇောကပြောပါတယ်။ တရုတ်နိုင်ငံဟာ ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေအတွင်း မြန်မာ့ စစ်ခေါင်းဆောင်တွေဘက်က ရပ်တည်ပြီး၊ ဒီမိုကရေစီရေးတောင်းဆိုတာတွေနဲ့ ပတ်သက်ပြီး အစဉ်တစိုက် လစ်လျှူရှုခဲ့တာပါ။ ဒါ့ကြောင့် NLD အစိုးရသစ်လက်ထက်မှာ ၂ နိုင်ငံ ဆက်ဆံရေးရှေ့အလားအလာ ဘယ်လိုဖြစ်လာနိုင်သလဲ ဆိုတဲ့အပေါ်မှာ ဒေါ်လှကျောဇော ပြောတာကတော့ -

“ကျမကတော့ ပိုပြီးကောင်းလိမ့်မယ်လို့ ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ တရုတ်ကလုပ်တဲ့အခါမှာ တော်တော်စေ့စပ်တယ်။ အရင်တုန်းက န.အ.ဖကိုလည်း အကြီးအကျယ်ထောက်ခံခဲ့တာအမှန်ပဲ။ အခုလည်း ဒီ NLD အစိုးရကိုထောက်ခံတယ် ဆိုတာအမှန်ပဲ။ သူ့အနေနဲ့ အိမ်နီးနားချင်း ပေါ်လစီအောင်မြင်ဖို့ ဆိုရင် အိမ်နီးနားချင်းနိုင်ငံတနိုင်ငံရဲ့ အစိုးရကို သူကလေးစားဖို့ ထောက်ခံဖို့လိုတယ်။ ဒီတခေါက် တချို့ဝန်ကြီးတွေ သွားတာမှာ ဦးသိန်းစိန်ကိုလည်းတွေ့တယ်၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေကိုလည်း ဝင်တွေ့တယ်။ ဒါတွေဟာ ဘာတွေကိုပြသလဲဆိုတော့ သူတို့ဆက်ဆံခဲ့တာ စဉ်ဆက်မပြတ် ဆက်ဆံခဲ့တယ်ဆိုတာပဲ ဆိုတဲ့သဘောမျိုးကို ပြတာပါပဲ။ အဲဒီတော့ ဆက်ဆံရေးက ပိုကောင်းသထက်ကောင်းလာဖို့ပဲ ရှိပါတယ်။”

ဒေါ်အောင်ဆန်းစုကြည်ဟာ တရုတ်သမ္မတနဲ့ ဒီကနေ့ညနေပိုင်းက မတွေ့ဆုံခင်မှာတော့ တရုတ်နိုင်ငံရဲ့ နိုင်ငံတော်ကောင်စီဝင် ရန်ဂျီးချီ၊ အထက်လွှတ်တော်ဥက္ကဋ္ဌ ဂျန်ဒီဂျန်း တို့ နဲ့ တွေ့ဆုံခဲ့သလို၊ အာရှအခြေခံ အဆောက်အအုံဖွံ့ဖြိုးတက်ရေးဘဏ် (AIIB) ဘဏ်က တာဝန်ရှိသူတွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG