သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည် ဗြိတိန်နဲ့ ကန်ခရီးစဉ်


ယူကေနှင့် အမေရိကန်ခရီးစဉ်များအတွက် ရန်ကုန်လေဆိပ်မှ ထွက်ခွာသွားသည့် ဒေါ်အောင်ဆန်းစုကြည်နှင့်အဖွဲ့။ စက်တင်ဘာ ၁၀၊ ၂၀၁၆။ (ဓာတ်ပုံ - MOI)
ယူကေနှင့် အမေရိကန်ခရီးစဉ်များအတွက် ရန်ကုန်လေဆိပ်မှ ထွက်ခွာသွားသည့် ဒေါ်အောင်ဆန်းစုကြည်နှင့်အဖွဲ့။ စက်တင်ဘာ ၁၀၊ ၂၀၁၆။ (ဓာတ်ပုံ - MOI)

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ရဲ့ဗြိတိန်နိုင်ငံခရီးစဉ်အတွင်းမှာ ဗြိတိန်ဝန်ကြီးချုပ ်အပါအဝင် အစိုးရအဖွဲ့တာဝန်ရှိသူတွေ၊ လွှတ်တော်အပါအဝင် စစ်ဘက်ရေးရာ အကြီးအကဲတွေနဲ့တွေ့ဆုံဖို့ရှိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ စနေနေ့မနက်ပိုင်းမှာပဲ သူ့ရဲ့ဗြိတိန်နိုင်ငံခရီးစဉ်နဲ့ အမေရိကန်ပြည်ထောင်စု ခရီးစဉ်ကို စတင်လိုက်ပြီဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်နောက်ဆုံးရအခြေအနေကို ဆက်သွယ်မေးမြန်းထားတဲ့ မဆုမွန်က တင်ပြပေးထားပါတယ်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် နိုင်ငံခြားရေးဝန်ကြီး ဒါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ ဒီကနေ့ စက်တင်ဘာလ ၁၀ရက်နေ့ စနေနေ့ မနက်ပိုင်း ၉နာရီ ၄၀မိနစ်မှာပဲ ဗြိတိန်နဲ့ အမေရိကန်နိုင်ငံခရီးစဉ်တွေ အတွက် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကနေ စတင် ထွက်ခွာ သွားပြီဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ရဲ့ခရီးစဉ်အတွင်း ပထမဆုံး ဗြိတိန်နိုင်ငံကို အရင် သွားရောက် မှာဖြစ်ပြီး သူ့ ဗြိတိန် ခရီးစဉ်အတွင်းမှာ ဗြိတိန်ဝန်ကြီးချုပ် အပါအဝင် အစိုးရအဖွဲ့တာဝန်ရှိသူတွေ၊ လွှတ်တော်နဲ့ စစ်ဘက်ဆိုင်ရာ တာဝန်ရှိသူတွေ နဲ့ တွေ့ဆုံဖို့ရှိ တယ်လို့ နိုင်ငံတော်သမ္မတရုံး ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ဗွီအိုအေမြန်မာပိုင်းကို ပြောပါတယ်။

လန်ဒန်ချိန်စနေညမှာတော့ ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့တော်ကို ရောက်ရှိမှာဖြစ်ပြီး ညအိပ်ရပ်နားပါမယ်။ တနင်္ဂနွေနေ့မှာတော့ ဗြိတိနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှာ ဥရောပ၊ အရှေ့အလယ်ပိုင်းနဲ့ အာဖရိကတိုက်က နိုင်ငံတွေမှာ တာဝန်ကျနေတဲ့ မြန်မာသံအမတ်ကြီး (၁၂)ဦးနဲ့ တွေ့ဆုံပြီး အစိုးရသစ်ရဲ့ မူဝါဒရေးရာဆိုင်ရာ ရှင်းလင်းပြောပြမယ်လို့ နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန ပြောခွင့်ရလည်းဖြစ်တဲ့ ဦးဇော်ဌေးက ပြောပါတယ်။

“ဟီးသရိုး(လေဆိပ်)ကို စနေနေ့ရောက်မယ်ဗျ။ နောက်ပြီးတော့ သူတည်းတဲ့ဟော်တယ်သွားမယ်။ အဲ့ဒီည ဟော်တယ်မှာပဲတည်းမယ်ပေါ့နော်။ နောက်တနင်္ဂနွေနေ့၊ မနက်ဖြန်ကျရင် ကျွန်တော်တို့သံရုံးသွားမယ်။ သံရုံးမှာ ကျွန်တေ်ာတို့ ဥရောပရယ်၊ အရှေ့အလယ်ပိုင်းရယ်၊ နောက် အာဖရိကမှာရှိတဲ့ မြန်မာသံအမတ်ကြီးအားလုံးပေါင်း ၁၂ ယောက်နဲ့ အဲ့ဒီမှာတွေ့မယ်ပေါ့နော်။ အဲ့ဒီမှာတော့ပြီးတော့ သူ့ရဲ့မူဝါဒ ရှင်းလင်းပွဲတွေလုပ်မယ်။”

ဒေါ်အောင်ဆန်းစုကြည်ဟာ တနင်္လာနဲ့ အင်္ဂါနေ့မှာ ပြုလုပ်မယ့် ဗြိတိန်နိုင်ငံ ခရီးစဉ်နဲ့ပတ်သက်ပြီး ဦးဇော်ဌေးက ဗွီအိုအေကို အတည်ပြု ပြောဆိုပါတယ်။

“ လွှတ်တော်ပိုင်းရယ်၊ အစိုးရပိုင်းရယ်၊ ဝန်ကြီးချုပ်ရယ် အဲ့ဒီလို ပါပါတယ်။ နောက် စစ်ဘက်ပေါ့နော်။ အဲ့ဒီစစ်ဘက်မှာအဲ့ဒီ Royal College of Defense အဲ့တာလည်းပါတယ်။ College of Defense Studies ကာကွယ်ရေးတက္ကသိုလ်ပေါ့၊ အဲ့ဒီကိုသွားမယ်။ ပညာသင်ကြားနေတဲ့ ကျောင်းသားတွေနဲ့တွေ့မယ်။ အဲ့ဒီမှာလေ့လာမယ်။ ပြီးတာနဲ့ နိုင်ငံခြားရေးဝန်ကြီးတည်ခင်းတဲ့ နေ့လည်းစာစားမယ်။ ပြီးရင် ဗြိတိန်ဝန်ကြီးချုပ်ဟောင်း ဒေးဗစ် ကင်မရွန်းနဲ့တွေ့မယ်။ နောက် အင်္ဂါနေ့ပေါ့နော်၊ အင်္ဂါနေ့မှာ ဝန်ကြီးချုပ်နဲ့တွေ့မယ်။ အင်္ဂါနေ့မှာပဲ ဗြိတိန်အစိုးရ တာဝန်ရှိသူတွေနဲ့တွေ့မယ်။ အဲ့ဒီကနေပြီးတော့ ကျွန်တော်တို့ ဝါရှင်တန်ကို ထွက်ခွါမယ်။

ဗြိတိန်နိုင်ငံခရီးစဉ်အတွင်း နှစ်နိုင်ငံခေါင်းဆောင်တွေကြား ဆွေးနွေးမယ့်အကြောင်းအရာတွေနဲ့ပတ်သက်လို့ ဦးဇော်ဌေးက-

“ကျွန်တော်တို့ နှစ်နိုင်ငံကြားပူးပေါင်းဆောင်ရွက်ရေး၊ နောက် ကျွန်တော်တို့ နိုင်ငံဆောင်ရွက်နေတဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီကူုးပြောင်းရေး၊ နောက် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်တွေမှာ ဗြိတိန်နိုင်ငံက ပါဝင်ကူညီဆောင်ရွက်နိုင်မှုအကြောင်းအရာတွေ၊ နောက် နှစ်နိုင်ငံဆက်ဆံရေးမြှင့်တင်ဖို့အကြောင်းအရာတွေ ဒါတွေကတော့ များသောအားဖြင့် ဆွေးနွေးမှာဖြစ်ပါတယ်။”

အခုလို NLD အစိုးရသစ်လက်ထက် နိုင်ငံတော် အကြီးအကဲတဦးအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ရောက်ရှိလာမယ့်အပေါ် ဗြိတိန်နိုင်ငံရောက် ဒီမိုကရေစီအင်အားစုတွေဘက်က ဒီခရီးစဉ်အပေါ် များစွာမျှော်လင့်ချက်ရှိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဗြိတိန်နိုင်ငံခရီးစဉ်အတွင်း ဗြိတိန်အစိုးရနဲ့ NLD အစိုးရသစ်တို့ကြား ပိုပြီးတော့မှ ခိုင်မာတဲ့နှစ်နိုင်ငံဆက်ဆံရေးတွေ တည်ဆောက်နိုင်မယ်လို့လည်း နှစ်နိုင်ငံရေးအရေးလေ့လာသူတွေက သုံးသပ်ပါတယ်။ ဗြိတိန်နိုင်ငံက မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားသူ ဒေါက်တာဝင်းနိုင်ကတော့-

“ တိုင်းပြည်အတွက်တော့ အင်မတန်အရေးကြီးတဲ့ဆုံးဖြတ်ချက်တွေ အင်မတန်အရေးကြီးတဲ့ တိုင်းပြည်နဲ့လူမျိုးအတွက် အင်မတန်အကျိုးပြုမယ့် လုပ်ငန်းတွေလုပ်သွားနိုင်မယ်လို့ကျွန်တော်ယူဆပါတယ်။ ကျွန်တော်ကတော့ မြန်မာ နိုင်ငံအစိုးရအနေနဲ့ ဒီ.. ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်အတွက် အင်မတန်အကျိုးရှိမယ့်လုပ်ငန်းလို့ ကျွန်တော်ယူဆပါတယ်။ ယုံကြည်ပါတယ်။ “

ဗြိတိန်နိုင်ငံကိုရောက်ရှိလာတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗြိတိန်နိုင်ငံရောက် မြန်မာနိုင်ငံသားတွေ သီးသန့်တွေ့ဆုံဖို့ အစီအစဉ် မရှိသေးဘူးလို့ သိရပါတယ်။ ဗြိတိန်နိုင်ငံကနေ အမေရိကန်ပြည်ထောင်စုကို ခရီးဆက်မယ့် ဒေါ်အောင်ဆန်းစုကြည်ဟာ စက်တင်ဘာလ (၁၄)ရက်နေ့မှာတော့ အမေရိကန် သမ္မတ ဘရက်အိုဘားမားနဲ့ အိမ်ဖြူတော် မှာ တွေ့ဆုံဖို့ရှိပြီး ဒုသမ္မတ Joe Biden နဲ့ သီးခြားတွေ့ဆုံဖို့ရှိသလို အဲဒီနောက်မှာတော့ နိုင်ငံခြားရေးဝန်ကြီး John Kerry နဲ့ လည်း ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံမှာဖြစ်ပါတယ်။

စက်တင်ဘာလ (၁၅)ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ အမေရိကန် လွှတ်တော်ကို သွားရောက်ပြီး အောက်လွှတ်တော် လူနည်းစု ဒီမိုကရက် ပါတီ ခေါင်းဆောင် Nancy Pelosi၊ အထက်လွှတ်တော် လူများစု Republican ပါတီ ခေါင်းဆောင် Mitch McConnell အပါအဝင် အခြားထင်ရှား တဲ့ မြန်မာ့အရေး စိတ်ဝင်စားတဲ့ လွှတ်တော်အမတ်အများအပြားနဲ့ တွေ့ဆုံဆွေးနွေးဖို့ရှိပါတယ်။ အဲဒီနောက်မှာတော့ အမေရိကန်-အာဆီယံ စီးပွားရေးကောင်စီရဲ့ ညစာစားပွဲ အခမ်းအနားကို ဒေါ်အောင်ဆန်းစုကြည်တက်ရောက်မှာပါ။ ဒါ့အပြင် ဝါရှင်တန်ဒီစီမှာရှိတဲ့ Theodore Roosevelt အထက်တန်းကျောင်းကို သွားရောက် ကြည့်ရှုပြီး မိန့်ခွန်းပြောကြားဖို့ရှိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ သူရဲ့ ဝါရှင်တန်ခရီးစဉ် အတွင်း အမေရိကန်ကာကွယ်ရေးဝန်ကြီး Ash Carter နဲ့တွေ့ဆုံမယ်ဆိုတဲ့ သတင်းတွေထွက်နေပေမယ့် အတည်ပြုလို့ မရသေးပါဘူး။ စက်တင်ဘာလ (၁၉)ရက်နေ့ မှာတော့ နယူးရောက် ကုလသမဂ္ဂဌာနချုပ်မှာ ကျင်းပမယ့် ဒုက္ခသည်နဲ့ ရွှေ့ပြောင်းအခြေချနေထိုင်သူများဆိုင်ရာ ကုလသမဂ္ဂဆွေးနွေး ပွဲကို ဒေါ်အောင်ဆန်းစုကြည်တက်ရောက်ပြီး မိန့်ခွန်းပြောကြားမှာဖြစ်ပါတယ်။

ဒါ့အပြင် စက်တင်ဘာလ (၂၁)ရက်နေ့မှာတော့ နှစ်ပေါင်း (၆၀)နီးပါးအတွင်း ပထမဆုံးအကြိမ် မြန်မာ အရပ်သားအစိုးရ ခေါင်းဆောင်တဦးအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ (၇၁)ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံမှာ မိန့် ခွန်းပြောကြားမှာဖြစ်ပြီး စက်တင်ဘာလ (၂၆)ရက်နေ့မှာ မြန်မာနိုင်ငံ ကို ပြန်လည်ရောက်ရှိမှာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG