သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည် အိန္ဒိယသို့ ချစ်ကြည်ရေးခရီးထွက်မည်


နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ အိန္ဒိယနိုင်ငံကို ၄ ရက်ကြာ နိုင်ငံတော်ခရီးစဉ်အဖြစ် အောက်တိုဘာလ ၁၆ ရက် တနင်္ဂနွေနေ့မှာ စတင်ထွက်ခွာမှာ ဖြစ်ပါတယ်။

ဒါဟာ အစိုးရသစ်လက်ထက် ပထမဆုံးအကြိမ်အဖြစ် အိန္ဒိယနိုင်ငံကို သွားရောက်တာဖြစ်ပြီး အောက်တိုဘာလ ၁၆ ရက်နေ့မှာတော့ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ Goa မှာ ကျင်းပမယ့် BRICS-BIMSTEC ထိပ်သီးအစည်းဝေးကို တက်ရောက်မှာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီအစည်းဝေးကို တက်ရောက်မှာ ဖြစ်သလို အိန္ဒိယဝန်ကြီးချုပ် Narendra Modi နဲ့ တွေ့ဆုံပြီး ၂ နိုင်ငံ အရေးကိစ္စတွေနဲ့အတူ ဒေသတွင်း ကိစ္စရပ်တွေကိုပါ ဆွေးနွေးဖို့ ရှိပါတယ်။

အိန္ဒိယနိုင်ငံခြားရေးဌာနက ဗုဒ္ဓဟူးနေ့ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ အိန္ဒိယဝန်ကြီးချုပ် Narendra Modi ရဲ့ ဖိတ်ကြားချက်နဲ့ အောက်တိုဘာလ ၁၇ ရက်နေ့ကနေ ၁၉ ရက်နေ့အထိ လာရောက်မှာဖြစ်ပြီး BRICS- BIMSTEC ညီလာခံ အပြီးမှာ နိုင်ငံတော် ခရီးစဉ်ကို စတင်မှာ ဖြစ်ကြောင်း ဖော်ပြထားပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်လည်းဖြစ် နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခုလို လာရောက်မှုကနေ ၂ နိုင်ငံကြား ကိစ္စရပ်တွေကို အပြန်အလှန် ဆွေးနွေးနိုင်မှာ ဖြစ်သလို ၂ နိုင်ငံကြား ချစ်ကြည်ရင်းနှီးမှု ခိုင်မာစေမယ့် နည်းလမ်းတွေကို ရှာဖွေနိုင်မယ်လို့လည်း ဖော်ပြထားပါတယ်။

နိုင်ငံ့ထိပ်တန်းအရာရှိကြီးတွေပါ လိုက်ပါလာတဲ့ ဒီခရီးစဉ်အတွင်း ၂ နိုင်ငံအရေးကိစ္စတွေကို ဆွေးနွေးတဲ့အခါ အိန္ဒိယ-မြန်မာ ၂ နိုင်ငံ နယ်စပ်ဒေသက လက်နက်ကိုင်တွေရဲ့ လှုပ်ရှားမှုတွေ ထိမ်းချုပ်နိုင်ရေးလည်း ပါဝင်နိုင်သလို ၂ နိုင်ငံ ကုန်သွယ်ရေး တိုးမြှင့်ဖို့တွေပါ ပါဝင်မယ်လို့ ခန့်မှန်းရပါတယ်။

သြဂုတ်လဆန်းပိုင်းက သွားရောက်ခဲ့တဲ့ သမ္မတ ဦးထင်ကျော်ရဲ့ အိန္ဒိယခရီးစဉ်မှာတော့ ဝန်ကြီးချုပ် Modi နဲ့ ဆွေးနွေးခဲ့သလို ဒီလက်နက်ကိုင်အဖွဲ့တွေကို မြန်မာ့မြေကို အသုံးချပြီး အိန္ဒိယကို ဆန့်ကျင်ဖို့ရာ ခွင့်ပြုမှာ မဟုတ်ကြောင်း ကတိပေးခဲ့တာပါ။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခု ခရီးစဉ်အတွင်း အိန္ဒိယသမ္မတ Pranab Mukherjee နဲ့ နိုင်ငံခြားရေးဝန်ကြီး Sushma Swaraj တို့နဲ့ တွေ့ဆုံဖို့ ရှိသလို ၂ နိုင်ငံစီးပွားရေး တိုးမြှင့်နိုင်ဖို့ အိန္ဒိယစီးပွားရေး လုပ်ငန်းရှင်ကြီးတွေနဲ့ တွေ့ဆုံမယ့် စီးပွားရေးဆွေးနွေးပွဲကိုလည်း တက်ရောက်မှာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG