သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပါတီတချို့ ရုံးခန်းဖွင့်ရေး အခက်ကြုံ


ရွေးကောက်ပွဲ ဝင်ပြိုင်ကြမယ့် နိုင်ငံရေးပါတီ တချို့ဟာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရဲ့ ဖိအားပေး နှောင့်ယှက်မှုတွေနဲ့ ကြုံနေရလို့ စစ်အစိုးရနဲ့ ရွေးကောက်ပွဲ ကော်မရှင်ကို တိုင်ကြားဖို့ ပြင်ဆင်နေပါတယ်။ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရဲ့ နာမည်နဲ့ ရန်ကုန်မြို့အတွင်း လမ်းတွေ ဖောက်လုပ်နေတာဟာလည်း ရွေးကောက်ပွဲမှာ အနိုင်ရရေး မမှန်ကန်တဲ့နည်းနဲ့ လုပ်ဆောင်နေတယ်လို့ ဝေဖန်နေကြပါတယ်။ အပြည့်အစုံကို ကိုကျော်အောင်လွင်က တင်ပြပေးထားပါတယ်။

ရန်ကုန်တိုင်း အင်းစိန်မြို့နယ်မှာ အသစ်ဖွင့်ထားတဲ့ ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေး အဖွဲ့ချုပ် (UMFNP) ပါတီနဲ့ ၈၈ မျိုးဆက် ကျောင်းသားလူငယ်များ (ပြည်ထောင်စု မြန်မာနိုင်ငံ) ပါတီတို့ရဲ့ ပူးတွဲရုံးခန်းကို ပြန်ရုပ်သိမ်းဖို့ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီနဲ့ ပတ်သက်နေတဲ့ အာဏာပိုင်တွေဘက်က ဖိအားပေးလာတာဟာ တရားနည်းလမ်း မကျတာကြောင့် သက်ဆိုင်ရာ အာဏာပိုင်တွေကို တိုင်ကြားဖို့ စီစဉ်နေတဲ့အကြောင်း UMFNP ပါတီရဲ့ ဥက္ကဋ္ဌ ဦးအေးလွင်က ပြောပါတယ်။

“ကျနော်တို့ ဒီကိစ္စကို အတိအကျ ဖော်ပြပြီးတော့ တင်ပြ တိုင်ကြားဖို့ ရှိပါတယ်။ ရန်ကုန်တိုင်း အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဋ္ဌကို လိပ်မူမယ်၊ ရန်ကုန်တိုင်း ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲကို လိပ်မူမယ်။”

ပါတီရုံးခန်းကို ပြန်ရုပ်သိမ်းဖို့ ရုံးခန်းငှားထားတဲ့ အိမ်ရှင်ကနေ တဆင့် ရပ်ကွက် အာဏာပိုင်တွေက ဖိအားပေးလာတဲ့ အကြောင်းကိုလည်း ဦးအေးလွင်က ဆက်ရှင်းပြပါတယ်။

“ကျနော်တို့ ဒီရက်ပိုင်းလေးမှာပဲ ရုံးခန်းဖွင့်တာပါ။ အင်းစိန်၊ မင်းစေတီလမ်းမှာ ဖွင့်တာပါ။ ရုံးခန်းဖွင့်ပြီးတဲ့ ညမှာပဲ လမ်းကော်မတီက အိမ်ရှင်ကို လာပြီးတော့ ဒီရုံးကို ဖယ်ရှားဖို့အတွက် ရပ်ကွက်ထဲမှာရှိတဲ့ အများပြည်သူလူထုက ဒီရပ်ကွက်ထဲမှာ လမ်းတွေ ခင်းပေးတာကို လိုလားနေတယ်။ အဲတော့ ဒီပါတီကို လက်ခံလိုက်လို့ လမ်းတွေ ဆက်ခင်းမပေးတော့ဘူးဆိုရင် ရပ်ကွက်ထဲမှာနေတဲ့ အများပြည်သူက အိမ်ငှားလိုက်တဲ့ အိမ်ရှင်တွေကို ဒေါသ ပုံကျလာနိုင်တယ်ပေါ့။ ဒါကြောင့် အိမ်ငှားတဲ့ကိစ္စကို ပယ်ဖျက်ဖို့ လမ်းကော်မတီ ၁၇ ယောက်က၊ ရယကတွေရောပေါ့ဗျာ၊ ပါတယ်။

“အဲဒီအထဲမှာ ထူးခြားတာက ဒေါ်တင်တင်ဝင်း၊ သူက လမ်းကော်မတီထဲမှာလည်း ပါတယ်၊ ရယကထဲမှာလည်း ပါတယ်၊ နောက် ပြည်ခိုင်ဖြိုးထဲမှာလည်း ပါတယ်၊ ရပ်ကွက် ကော်မရှင်ထဲမှာလည်း သူပါနေတယ်ပေါ့။ ကော်မရှင် အဖွဲ့ဝင်လို့ ပြောပါတယ်။ အိမ်ရှင်ကို ပြောတာပါ၊ အဲဒီ ဒေါ်တင်တင်ဝင်းကပဲ ပြောသွားတာပါ။ ပြည်ခိုင်ဖြိုးပါတီက နိုင်ကို နိုင်မှာတဲ့။ အဲတော့ ပြည်ခိုင်ဖြိုးပါတီ အာဏာရသွားတဲ့ အချိန်ကျရင် အိမ်ရှင် မလွယ်ဘူးတဲ့၊ ဒီပါတီကို လက်ခံလို့ရှိရင်။ အဲတော့ မြန်မြန် ဒီ အိမ်ရှင် အိမ်ငှားစာချုပ်ကို ဖျက်ပြီးတော့ ဒီပါတီကို မောင်းထုတ်ပေါ့ဗျာ။ အဲဒီလို လုပ်တာပါ။”

အခုတလော ရန်ကုန်မြို့အတွင်း လမ်းအသစ်ခင်းမှုတွေကို ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက စည်ပင်သာယာနဲ့ ပေါင်းပြီး လုပ်နေတာတွေ ရှိပါတယ်။ ဒီလိုလုပ်နေတာတွေဟာ ပြည်သူတွေရဲ့ငွေနဲ့ စည်ပင်သာယာငွေတွေကို ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီအတွက် အသုံးချနေတာပဲလို့လည်း ဦးအေးလွင်က ဝေဖန်ပါတယ်။

“ရပ်ကွက်တွေထဲမှာ မြို့တော်စည်ပင် ဘတ်ဂျက်ရယ်၊ ရပ်ကွက်ထဲက အများပြည်သူရဲ့ ငွေကြေး အလှူငွေရယ်ပေါ့၊ အဲဒါပေါင်းပြီး လမ်းတွေ ခင်းတဲ့အလုပ်ကို မြို့တော် စည်ပင်သာယာရေး ကော်မတီ အခု ဥက္ကဋ္ဌပေါ့ဗျာ၊ မြို့တော်ဝန် ဦးအောင်သိန်းလင်းက လုပ်နေတာ။ ဒါပေမဲ့ နာမည်ခံတော့ ပြည်ခိုင်ဖြိုးပါတီက ခင်းပေးနေတယ်လို့ နာမည်ခံတာပေါ့။

“အခု သူတို့က ကျောက်တိုင်တွေ လိုက်စိုက်နေတယ်ဗျ။ ဘယ်လိုစိုက်လဲဆိုတော့ ပြည်ခိုင်ဖြိုး ပါတီဝင်များ၏ လုပ်အားဖြင့် ဆောင်ရွက်သည်၊ ၂၀၁၀ ဆိုပြီးတော့။ သူတို့ အခု ပါတီအနေနဲ့ ရွေးကောက်ပွဲဝင်မယ့် သင်္ကေတပေါ့ဗျာ၊ ခြင်္သေ့တံဆိပ်နဲ့။ တချို့လမ်းတွေဆိုရင် မြို့ထဲမှာ လမ်းတောင် မဖြစ်သေးဘူး၊ အဲဒီကျောက်စာတိုင်ကို အရင်စိုက်နေတယ်။

“သူတို့က အဲဒီဟာကို ရွေးကောက်ပွဲ အောင်နိုင်ရေး လက်နက်အနေနဲ့ အသုံးချနေတာပေါ့ဗျာ။ တကယ်တော့ စည်ပင်ဘဏ္ဍာနဲ့ အများပြည်သူ ပိုက်ဆံကို သုံးပြီးတော့ မြို့တော်ဝန်ရဲ့ အရှိန်အဝါပေ့ါဗျာ၊ သုံးပြီးတော့ သူက ပြည်ခိုင်ဖြိုးပါတီ အောင်နိုင်ရေးအတွက် လမ်းနဲ့မျှားပြီး ဒေသခံ ရပ်ကွက်ထဲက ပြည်သူတွေကို သူတို့က ဖိအားပေးတာပေါ့။ အဲတော့ ကျန်တဲ့ နိုင်ငံရေးပါတီတွေ ခြေချခွင့် မရအောင် ဒါကို လက်နက်အနေနဲ့ သူက သုံးနေတာ။ မြို့တော်ဝန် ဦးအောင်သိန်းလင်း ကိုယ်တိုင်ကလည်း စည်ပင်ပိုက်ဆံတွေကို ပြည်ခိုင်ဖြိုးပါတီအတွက် အလွဲသုံးစားလုပ်တဲ့သဘော ဖြစ်နေပြီဗျ။”

ဦးအေးလွင်တို့ရဲ့ ပါတီရုံးခန်း အင်းစိန်မှာဖွင့်ဖို့ အရင်တကြိမ် စီစဉ်ခဲ့တုန်းကလည်း ရပ်ကွက် အာဏာပိုင်တွေက ခွင့်ပြုချက် မပေးလို့ ပျက်ခဲ့ရပါသေးတယ်။ အခု အသစ်ဖွင့်တဲ့ ရုံးခန်းကိစ္စမှာ အာဏာပိုင်တွေဘက်က ဖိအားပေးတာတွေ ရှိနေပေမဲ့လည်း လောလောဆယ်မှာ ရုံးခန်း ပြန်ရုပ်သိမ်းတဲ့ အဆင့်ထိတော့ ရောက်မလာသေးပါဘူး။

ရွေးကောက်ပွဲ ကော်မရှင်က ချမှတ်ထားတဲ့ စည်းကမ်းချက်တွေနဲ့အညီ လုပ်ဆောင်နေတဲ့ အချိန်မှာ အခုလို အနှောင့်အယှက်တွေ ရှိလာတဲ့အတွက် ဥပဒေနဲ့အညီ အရေးယူ ဆောင်ရွက်ပေးနိုင်ဖို့ အာဏာပိုင်တွေဆီ အသိပေး တိုင်ကြားမှုတွေကို ဆက်ပြီး လုပ်သွားမှာ ဖြစ်တယ်လို့ ဦးအေးလွင်က ပြောပါတယ်။

XS
SM
MD
LG