သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂျပန်ရောက် ကုလအတွင်းရေးမှူးချုပ် နျူကလီးယားလက်နက် ဖျက်သိမ်းရေး ထောက်ခံ


ဟီရိုရှီးမားနဲ့ နာဂါစာကီ မြို့ပေါ်ကို အဏုမြူဗုံး ကြဲချခဲ့တဲ့ ၆၅ နှစ်မြောက် အထိမ်းအမှတ် အခမ်းအနားကို တက်ရောက်ဖို့အတွက် ဂျပန်နိုင်ငံမှာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း (Ban Ki-moon) ရောက်ရှိနေပါတယ်။

မစ္စတာ ဘန်ကီမွန်းဟာ ငြိမ်းချမ်းရေး အမှတ်တရ အခမ်းအနားကို တက်ရောက်မယ့် ပထမဆုံး ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဖြစ်ပါတယ်။

ဒီအခမ်းအနားကို ဟီရိုရှီးမားမြို့တော်အပေါ် အဏုမြူဗုံး ကျလာတဲ့ အချိန်အတိုင်း သြဂုတ်လ ၆ ရက်နေ့မှာ နှစ်စဉ် ကျင်းပတာ ဖြစ်ပါတယ်။ သူဟာ နာဂါစာကီမြို့ကို သွားရောက်လည်ပတ်တဲ့ ပထမဆုံး ကုလသမဂ္ဂ ခေါင်းဆောင်လည်း ဖြစ်ပါတယ်။ နောက် ၃ ရက်အကြာ သြဂုတ်လ ၉ ရက်နေ့မှာ နာဂါစာကီမြို့ကိုလည်း အဏုမြူဗုံး ချခဲ့တာပါ။

နိုင်ငံခြားရေးဝန်ကြီး ကတ်စုယာ အိုကာဒါ (Katsuya Okada) နဲ့ တိုကျိုမြို့မှာ မစ္စတန် ဘန်ကီမွန်းက အင်္ဂါနေ့က တွေ့ဆုံခဲ့ပါသေးတယ်။ ကမ္ဘာတဝန်း နျူကလီးယားလက်နက် ဖျက်သိမ်းရေးအတွက် အလုပ်လုပ်ကြဖို့ လိုအပ်တဲ့အကြောင်း သူ့ခရီးစဉ်က သတင်းစကား ပါးချင်တာ ဖြစ်ပါတယ်လို့ သူက ပြောပါတယ်။

“နျူကလီးယားလက်နက် ကင်းရှင်းတဲ့ကမ္ဘာ ဖြစ်အောင် ဒီကနေ့ ကမ္ဘာမှာ အရှိန်အဟုန် ရရှိလာစေဖို့ ကျနော်တို့ တည်ဆောက်ကြရပါမယ်။ လုပ်နိုင်သမျှ ကျနော်တို့ လုပ်ကြရပါမယ်။” လို့ သတင်းစာ ရှင်းလင်းပွဲမှာ မစ္စတာ ဘန်ကီမွန်းက ပြောပါတယ်။

နိုင်ငံခြားရေးဝန်ကြီးနဲ့ ညစာစားရင်းလည်း ကုလသမဂ္ဂနဲ့ ဂျပန် ပူးပေါင်းဆောင်ရွက်ရေး ကိစ္စကို မစ္စတာ ဘန်ကီမွန်းက ဆွေးနွေးခဲ့ပါတယ်။ ဂျပန်နိုင်ငံဟာ ကုလသမဂ္ဂ အသုံးစရိတ်နဲ့ ကုလသမဂ္ဂ ငြိမ်းချမ်းမှု ထိန်းသိမ်းရေး တပ်ဖွဲ့တွေအတွက် ဒုတိယ ငွေအများဆုံး ထည့်ဝင်တဲ့ နိုင်ငံပါ။

သူတို့ ၂ ယောက် ဆွေးနွေးရာမှာ ကိုရီးယားကျွန်းဆွယ်၊ မြန်မာ၊ အာဖဂန်နစ္စတန်၊ အီရန်၊ သီရိလင်္ကာနဲ့ ဆိုမာလီယာ ကိစ္စတွေလည်း ပါဝင်ခဲ့ကြပါတယ်။

ဟီရိုရှီးမားကို မသွားမီ ဝန်ကြီးချုပ် နာအိုတို ကန် (Naoto Kan) နဲ့ ဗုဒ္ဓဟူးနေ့မှာ ဆွေးနွေးမယ်လို့ မျှော်လင့်ထားကြပါတယ်။

XS
SM
MD
LG