သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘင်္ဂလား- မြန်မာနယ်စပ် ပစ်ခတ်မှု စုံစမ်းဆဲ


ဘင်္ဂလားဒေ့ရှ် ငါးဖမ်းလှေတွေ
ဘင်္ဂလားဒေ့ရှ် ငါးဖမ်းလှေတွေ

မြန်မာ - ဘင်္ဂလားဒေ့ရှ်နယ်စပ် မြန်မာရေပိုင်နက်အတွင်း ဝင်ရောက်ငါးဖမ်းကြတဲ့ ဘင်္ဂလားဒေ့ရှ် ငါးဖမ်းလှေတွေကို မြန်မာရေတပ်ဘက်က ခြိမ်းခြောက်ပစ်ခတ်ခဲ့လို့ ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။ ဖြစ်စဉ်နဲ့ ပတ်သက်လို့ မြန်မာဘက် က ဘင်္ဂလားဒေ့ရ်ှ ဘက်ကို ကန့်ကွက်စာပေးပို့ ထားပြီး၊ ဖြစ်စဉ်အသေးစိတ်ကိုတော့ ဆက်လက် စုံစမ်းနေတယ်လို့ မြန်မာ အာဏာပိုင်တွေ က ထုတ်ပြန်ပါတယ်။ ရှားဖောင်က စုံစမ်းမေးမြန်းထားပါတယ်။

ပြီးခဲ့တဲ့ တနင်္လာနေ့ ညပိုင်းက မြန်မာ- ဘင်္ဂလားဒေ့ရ်ှ နယ်စပ် နတ်မြစ်အတွင်း ဝင်ရောက်ငါးခိုးဖမ်းတဲ့ ဘင်္ဂလားဒေ့ရှ် ငါးဖမ်းလှေတွေ ကို မြန်မာရေတပ်က ခြောက်လှန့် ပစ်ခတ်ရာမှာ၊ ဘင်္ဂလားဒေ့ရ်ှ ငါးဖမ်းသမားတဦး သေဆုံးပြီး နှစ်ဦး ဒဏ်ရာရတယ်လို့ ဘင်္ဂလာဒေ့ရ်ှ နယ်ခြားစောင့်တပ်က အကြောင်းကြားလာတယ်လို့ မြန်မာဘက်က ထုတ်ပြန်ပါတယ်။

မြန်မာရေတပ်ဘက်က နစ်မြစ်အတွင်း ကင်းလှည့်နေချိန်မှာပဲ မောင်တောမြို့နယ် ထဲက ကညင်ချောင်း နဲ့ ညောင်ချောင်းအကြားမှာ ဘင်္ဂလားဒေ့ရ်ှ ငါးဖမ်းလှေ ၈ စီး ခန့်တွေ့ရှိပြီး၊ ၅ စီး ဟာ မြန်မာရေပိုင်နက်ထဲ ဝင်ရောက် ငါးဖမ်းနေတာမို့ ရေတပ် က ခြောက်လှန့်ပစ်ခတ်ခဲ့တာလို့ မြန်မာဖက်က ပြောပါတယ်။ ဒီ ၅ စီးကို စစ်ဆေးဖို့ သွားစဉ်မှာ ငါးဖမ်းလှေတွေဘက်ကနေ အန္တရာယ်ပြုမယ့် ဟန် မြင်ရတာ မို့ ခြောက်လှန့် ပစ်ခတ်ရတာလို့ဆိုပါတယ်။ ဖြစ်စဉ်နဲ့ပတ်သက်လို့ မြန်မာ ဘင်္ဂလားဒေ့ရ်ှ နယ်စပ် အထူးလုံခြုံရေး ရဲမှုးကြီးသက်နိုင်က ဗွီအိုအေကို အခုလို ရှင်းပြပါတယ်။

“ပြီးခဲ့တဲ့ ၁ ရက်- ၂ ရက်က ကျနော်တို့ နတ်မြစ်ထဲမှာပေါ့နော် ၊ ဘင်္ဂလားဒေ့ရ်ှ ဘက်က ငါးဖမ်းလှေတွေ ၆-၇ စီးလောက်ပေါ့နော် ၊ ကျနော်တို့ ဒီဘက် ရေပိုင်နက်ထဲမှာ သူတို့ ၁ ငါးဖမ်းတယ်၊ ငါးဖမ်းတဲ့အတွက်ကြောင့်မို့လို့ ကျနော်တို့ကနေပြီးတော့ တားတာပေါ့၊ ထိန်းတာပေါ့ အမှန်မှန် သူတို့ကို စိစစ်မလို့ပေါ့နော်၊ ကျနော်တို့က အဲဒါ စိစစ်ဖို့ဆိုပြီးတော့ လှမ်းခေါ်တယ်၊ ခေါ်တဲ့အခါကျတော့ မလာတဲ့အပြင်ကို သူတို့က ကျနော်တို့ တက်ဖွဲ့ဝင်တွေကို ရန်မူမယ့် ပုံစံမျိုးလုပ်တဲ့အတွက်ကြောင့်မို့လို့ ခြောက်လန့် ပစ်ခတ်လိုက်တာတော့ရှိတယ်။ သူတို့ဆီက ဒဏ်ရာရတာတွေဆိုတာတော့ ကျနော်တို့ မသိဘူး၊ ကျနော်တို့ ဒီပိုင်နက်ထဲကို လာပြီးတော့ ကျူးကျော်ပြီးတော့ ငါးလာဖမ်း တဲ့အတွက် သူတို့ကို ခေါ်ယူစိစစ်ဖို့ အတွက်ကို ကျနော်တို့ ဒီနတ်မြစ် လုံခြုံရေး တာဝန်ကျတဲ့ ရေတပ်ကင်းလှည့်ယာဉ်တွေကနေ လှမ်းခေါ်တယ်၊ အလိုခေါ်တဲ့အချိန် သူတို့ မလာဘူး မလာတဲ့အပြင်ကို ကျနော်တို့ ကင်းလှည့်တဲ့အဖွဲ့ကို ရန်မူုတဲ့ပုံစံမျိုးဖြစ်တဲ့အတွက်ကြောင့် ကျနော်တို့ ခြောက်လှန့်ပစ်ခတ်တယ်၊ အဲလောက်အထိတော့ သိရတယ်၊ အဲဒီသတင်းကို ကျနော်တို့ အထက်ဌာနကို တင်ပြထားတယ်၊ ပြီးရင် ဒီ ဘင်္ဂလားဒေ့ရ်ှ ဘက်ကိုလည်း ကန့်ကွက်စာပို့ထားတယ်။ ဘင်္ဂလားဒေ့ရ်ှ BGP (Border Guard Police) အဖွဲ့ကိုလည်း။”

သူတို့ဘက်က ပေးပို့ထားတဲ့ ကန့်ကွက်စာနဲ့ပတ်သက်လို့ အခုချိန်အထိ ဘင်္ဂလာဒေ့ရှ်ဘက်က တုံ့ပြန်ချက်တစုံတရာ ရှိမရှိ မသိရသေးဘူး လို့လည်း ရဲမှူးကြီး သက်နိုင်က ပြောပါတယ်။

ဒါ့အပြင် ဘင်္ဂလားဒေ့ရှ် ငါးဖမ်းလှေတွေဟာ အရင်တုန်းကလည်း မြန်မာရေပိုင်နက် ထဲကို ဝင်ရောက်ငါးဖမ်းတာတွေရှိတဲ့အတွက် ခေါ်ယူစစ်ဆေးတာတွေ လုပ်ခဲ့ရတာမျိုးတွေ ရှိတယ်လို့ရဲမှူးကြီး သက်နိုင်က ပြောပါတယ်။

“အဲဒါမျိုးကလည်း ရှိတာပေါ့ ၊ ရှိလို့ ကျနော်တို့ ချောင်းပေါက်ဝတွေမှာ ကင်းတို့ ၊ ပြီးရင် ရေယာဉ်လှည့်ကင်းတို့ ရှိတာပေါ့။ သူ့ရေပိုင်နက်မှာ ဖမ်းတာ ပြဿနာမရှိဘူး ကျနော်တို့ ဒီရေပိုင်နက်ဘက်ရောက်နေတဲ့ အခါမျိုးကျတော့ ကျနော်တို့ စိစစ်ရတဲ့ အခါမျိုး ရှိတာပေါ့နော်။”

ဒါပေမယ့်လည်း ဘင်္ဂလားဒေ့ရှ်ဘက်ကတော့ မြန်မာရေတပ်က ဘင်္ဂလားဒေ့ရှ်ရေပိုင်နက်ထဲ ဝင်ရောက်ပစ်ခတ်တာဖြစ်ပြီး၊ ပစ်ခတ်မှုကြောင့် အသက် ၂၆ နှစ်အရွယ် ငါးဖမ်းသမား Nurul Amin သေဆုံးသွားခဲ့ရတယ်လို့ ဘင်္ဂလားဒေ့ရှ် ရဲတပ်ဖွဲ့ဘက်က ပြောကြောင်း Reuters သတင်းဌာနမှာ ဖော်ပြထားပါတယ်။ မြန်မာဘက်ကကတော့ ဖြစ်စဉ်အပေါ်မှာ အသေးစိတ် စုံစမ်းနေတယ်လို့ ဆိုပါတယ်။ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်မှာ နယ်စပ်မျဉ်း အငြင်းပွားမှုအချို့ရှိသလို၊ ရခိုင်ပြည်နယ်တွင်း မွတ်စလင် ဒုက္ခသည်များအရေးနဲ့ ပတ်သက်လို့လည်း နှစ်ဖက် အငြင်းပွားမှုတွေ ရှိပါတယ်။ လတ်တလောအားဖြင့်တော့ မောင်တောဒေသ လူနည်းစု မွတ်စလင်အရေးကိစ္စတွေနဲ့ ပတ်သက်လို့ နယ်စပ်မှာ လုံခြုံရေး အထူးတင်းကြပ်တဲ့ အခြေအနေမှာလည်း ရှိနေတာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG