သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မောင်တောလုံခြုံရေးအရ သတင်းရယူခွင့်ပေးဖို့စဉ်းစားနေ


နိုင်ငံတကာသံအဖွဲ့ကို စစ်တွေလေဆိပ် လိုက်ပို့တဲ့ ရခိုင်ဝန်ကြီးချုပ်ဦးညီပုကို သတင်းသမားများမေးမြန်းစဉ်။ ( နိုဝင်ဘာ ၃၊ ၂၀၁၆)
နိုင်ငံတကာသံအဖွဲ့ကို စစ်တွေလေဆိပ် လိုက်ပို့တဲ့ ရခိုင်ဝန်ကြီးချုပ်ဦးညီပုကို သတင်းသမားများမေးမြန်းစဉ်။ ( နိုဝင်ဘာ ၃၊ ၂၀၁၆)

ကုလသမဂ္ဂနဲ့ နိုင်ငံတကာသံတမန်တွေ ရခိုင်ပြည်နယ်ကို သွားရောက်ခဲ့ချိန်မှာ အကြမ်းဖက် တိုက်ခိုက်မှုတွေ ပြန်လည်ဖြစ်ပွားလာနေပြီး ဒီကနေ့ မနက်မှာတော့ မောင်တောမြို့နယ်အတွင်းက လုံခြုံရေးရဲစခန်း၃ခု မီးရှို့ခံရ ပါတယ်။ ဒီလို လုံခြုံရေးပြဿနာတွေ ရှိနေတာကြောင့် သတင်းသမားတွေ သွားရောက် သတင်းယူခွင့်ပြုရေး တာဝန်ရှိသူတွေ သတိထားစဉ်းစားနေတယ်လို့လည်း သမ္မတရုံးပြောခွင့်ရသူက ပြောပါတယ်။ ရခိုင်ပြည်နယ်က နောက်ဆုံး အခြေအနေသတင်းကိုတော့ ဗွီအိုအေမြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

အောက်တိုဘာလ ၉ရက်နေ့က တိုက်ခိုက်ခံခဲ့ရတဲ့ ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တောဒေသ အရင်ရက်ပိုင်းတွေက ပြန်လည်တည်ငြိမ်လာပေမဲ့ ကြာသာပတေးနေ့ညနေပိုင်းကစပြီး အကြမ်းဖက် တာတွေ ပြန်လည်ဖြစ်ပွား ခဲ့ပါတယ်။ ရခိုင်ပြည်နယ်တွင်းနောက်ဆုံးအခြေအနေကိုတော့ ရခိုင်ပြည်နယ် အစိုးရရဲ့ ပြောရေးဆိုခွင့်ရှိသူ စည်ပင်သာယာ ရေးဝန်ကြီး ဦးမင်းအောင်က အခုလို ပြောပါတယ်။

" နယ်ခြားစောင့်ရဲကင်းစခန်းရယ် ရွာနားတွေက ကင်းစခန်းတွေပေါ့နော် ဆိုတော့ ဒီကင်းစခန်းတွေမှာက ရဲတွေ မရှိတော့ဘူးပေါ့နော်။ အရင်တုန်းကရှိတယ်။ အရင်တုန်းက ကွန်မြူနတီနှစ်ခု ပြသနာဖြစ်နေစဉ်တုန်းက ဘင်္ဂလီ လူမျိုးတွေ နေတဲ့ရွာနားတွေမှာ လုပ်ထားတဲ့ ကင်းစခန်းတွေပေါ့နော်။ အခုကျတော့ ရခိုင် တိုင်းရင်းသားတွေ နေတဲ့ရွာတွေနားတွေမှာ ပိုတိုးချထားတာပေါ့။ အဲ့တော့ အဲ့ဒီ့နေရာမှာ ရဲတွေမရှိဘူး။ နေရာပြောင်းရွှေ့ထားတဲ့နေရာ အနေအထားမှာ သူတို့ဝင်ပြီးတော့ မီးရှို့တာ။ ဆယ်နာရီလောက်ကလို့ပြောတယ်ခင်ဗျ။"

ကြာသပတေးနေ့ ညနေပိုင်းမှာလည်း မောင်တောမြို့နယ်တောင်ပိုင်း က နူရူလာရဲကင်းစခန်းကို အကြမ်းဖက် သမားတွေက ဝင်ရောက် တိုက်ခိုက်ခဲ့တာကြောင့် ဒုရဲတပ်ကြပ်တဦးကျဆုံးခဲ့သလို ရဲတပ်ကြပ်တဦး ဒဏ်ရာရခဲ့ ပါတယ်။ ဒီတိုက်ခိုက်မှုဟာ ကုလသမဂ္ဂ ဌာနေညှိနှိုင်းရေးမှူးနဲ့ နိုင်ငံသံတမန်တွေ ရခိုင်ပြည်နယ်ကို ရောက်ရှိ နေချိန်မှာ ဖြစ်ပွားခဲ့တာလည်းဖြစ်ပါတယ်။

ကုလသမဂ္ဂ ဌာနေညှိနှိုင်းရေးမှူးနဲ့ နိုင်ငံသံတမန်တွေဟာ ရခိုင်ပြည်နယ်အတွင်းမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက လူ့အခွင့်အရေးချိုးဖောက်တာတွေရှိကြောင်း သတင်းတွေထွက်ပေါ်ခဲ့တာကြောင့် သွားရောက် လေ့လာစုံစမ်းခဲ့တာဖြစ်ပါတယ်။ တချိန်တည်းမှာပဲ CPJခေါ် သတင်းသမားများ ကာကွယ်စောင့်ရှောက်ရေး အသင်းက ရခိုင်ပြည်နယ်အတွင်းကို သတင်းသမားတွေ လွတ်လွတ်လပ်လပ် သတင်းယူခွင့်ပေးဖို့ တောင်းဆိုထားပါတယ်။

ဒီတောင်းဆိုချက်အပေါ်မှာ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက အခုလို တုံပြန်ခဲ့ပါတယ်။

" ကျနော်တို့ အဲ့တာကို အလေးထားတယ်။ ဘာကြောင့်လဲဆိုတော့ သတင်းအမှားတွေ ပြန့်နေတဲ့အတွက်ကို။ နောက်တခုက တချို့က political agenda ပေါ့နော် မီဒီယာကို အသုံးချပြီး လုပ်နေတာတွေရှိတယ်။ ရှိတဲ့အတွက် ကျနော်တို့က သတင်းမီဒီယာတွေ အဲ့ဒီ့မှာ သွားပြီးတော့ လက်တွေ့မြေပြင် အခြေအနေတွေကို သတင်းယူခွင့်ရှိဖို့ပေါ့။ အဲ့တာကို စဉ်းစား သုံးသပ်ပြီး ဆောင်ရွက်နေတယ်။ သို့သော်လည်း မနေ့ညကပဲ ရဲတယောက်သေ သွားတယ်။ စခန်းကို ဝင်တိုက်တယ်။ ဒီနေ့လည်းပဲ မီးရှို့တယ်။ ဒီလိုမြေပြင်လုံခြုံရေး အခြေအအနေတွေကို စဉ်းစားပြီးတော့ဆောင်ရွက်နေတယ်။ အဲ့လိုဆောင်ရွက်ပေး ဖို့ကိုလည်း တချို့လည်း အစီအစဉ်တွေ လုပ်နေတယ်။ ဒါပေမဲ့ သို့သော်ပေါ့နော် မြေပြင်နောက်ဆုံး အခြေအနေကို ကြည့်နေတယ်။ "

ဒီရက်ပိုင်းတွေအတွင်းမှာ မောင်တောဒေသက သတင်းကို ရေးသားခဲ့တဲ့ Myanmar Time ဂျာနယ်က သတင်းထောက် တဦးဟာ အစိုးရရဲ့ ဖိအားပေးမှုတွေကြောင့် အလုပ်ထုတ်ခံခဲ့ရတယ်လို့လည်း သတင်းတွေ ထွက်ပေါ်ခဲ့တာပါ။ နိုင်ငံတကာ လူ့အခွင့်အရေး စောင့်ကြည့်အကဲခတ်နေတဲ့ HRW အဖွဲ့ရဲ့ အာရှရေးရာ လက်ထောက်ညွှန်ကြားရေးမှူး Phil Robertson ကတော့ စာနယ်ဇင်းသမားတွေ အပေါ် အစိုးရရဲ့ ခြိမ်းခြောက်မှုတွေဟာ အဆိုးဆုံး အခြေအနေမှာ ရောက်နေပြီလို့ ဒီကနေ့မှာပဲ ဝေဖန်ခဲ့တာပါ။

သမ္မတရုံး ပြောခွင့်ရသူ ဦးဇော်ဌေး ကတော့ အစိုးရအနေနဲ့ ဖိအားပေးတာတွေ မရှိခဲ့ဖူးလို့ တုံ့ပြန်ခဲ့ပါတယ်။

"သူ့ဆိုက်ဒ်ကို ကျနော်တို့ Facebook ပေါ်မှာ ရှင်းတယ်။ ရှင်းတယ်ဆိုတာ သူ့ဟာ ရေးထားတဲ့အထဲမှာ source က one source ဖြစ်နေတယ်။ ရခိုင်ပြည်နယ်မှာ ရှိတဲ့ လူမျိုးစုတခု နာမည်ပေါ့။ အဲ့တာကို ရအောင် ကြိုးပမ်းနေတဲ့ အဖွဲ့အစည်းတွေရဲ့ Advocate တွေပေါ့ အဲ့ဒီ့က source တွေကိုပဲ ကိုးကားပြီးတော့ မဟုတ်မမှန်တဲ့ သတင်းကို ရေးထားတဲ့အတွက် ကျနော်တို့က အဲ့တာကို ထောက်ပြတယ်။ သူ့ရဲ့သတင်းကို Reuters သတင်းဌာနကလည်း အလားတူ မေးခွန်းတွေကိုမေးတယ်။ Reuters မှာက နှစ်ဘက်ပြောကြားချက်တွေကို မျှတအောင် ဖော်ပြထားတာကို တွေ့ရတယ်။ အဲ့တာကို ကျနော်တို့က နှှိုင်းယှဉ်ပြီးတော့ ဒီသတင်းနဲ့ ဒီသတင်း ကွာခြားချက် အဲ့တာတွေ ပါဖို့ highlight လုပ်တာဖြစ်တယ်။ သူ့မှာ မပါဘူး။ ဒါတွေ ဖော်ပြဖို့ ပျက်ကွက်ခဲ့တယ် ဆိုတာကို ကျနော်တို့ ရှင်းပြတယ်။ ကျနော်တို့က ဒီမီဒီယာကို ဖိအားပေးတာ ခြိမ်းခြောက်တာ ဘာမှလုပ်စရာအကြောင်းမရှိဘူး။"

နိုင်ငံတကာသံတမန်တွေရဲ့ ရခိုင်ပြည်နယ်ခရီးစဉ်ပြီးဆုံးချိန်မှာတော့ သတင်းတွေ ထွက်ပေါ်နေသလို လူ့အခွင့်အရေးချိုးဖောက်တာတွေကို မတွေ့ခဲ့ရကြောင်းနဲ့ အဓမ္မပြုကျင့်ခံရတယ်ဆိုတဲ့ တိုင်ကြားတာတွေကို လည်း မကြုံခဲ့ရကြောင်း ကုလသမဂ္ဂ ဌာနေညှိနှိုင်းရေးမှူး Ms Renata က ပြောပါတယ်။

လောလောဆယ်မှာတော့ ဒီရက်ပိုင်းအတွင်း အကြမ်းဖက် တိုက်ခိုက်မှုတွေနဲ့ပတ်သက်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်တွေက တိုက်ခိုက်သူတွေကို စုံစမ်းစစ်ဆေးနေဆဲဖြစ်ပါတယ်။ အောက်တိုဘာလ၉ရက်နေ့ တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး အကြမ်းဖက်သူတွေအားလုံးကို ဖော်ထုတ်နိုင်တာမရှိသေးသလို လုယူသွားတဲ့ လက်နက်တွေကိုလည်း ပြန်လည်သိမ်းဆည်းနိုင်တာမရှိသေးပါဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG