သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် ပိတ်ဆို့မှု ချမှတ်ခံ နိုင်ငံများနှင့် ငွေကြေးလွှဲပြောင်းမှုကြောင့် Barclay ဘဏ်ကြီး ဒဏ်တပ်ခံရ


ကျူးဘား၊ အီရန်၊ လစ်ဗျား၊ ဆူဒန်နဲ့ မြန်မာနိုင်ငံတွေအပေါ် ဘဏ္ဍာငွေကြေးအရ အမေရိကန် ပြည်ထောင်စုက အရေးယူ ပိတ်ဆို့ထားတာကို ချိုးဖောက်တယ်ဆိုတဲ့ စွဲချက်တင်ခံထားရတဲ့ ဘာကလေ (Barclay) ဘဏ်ဟာ အမေရိကန် ပြည်ထောင်စုနဲ့ နယူးယောက် အာဏာပိုင်တွေကို အမေရိကန်ဒေါ်လာ ၂၉၈ သန်း ပေးလျော်ဖို့ သဘောတူလိုက်ပါတယ်။

မနေ့ တနင်္လာနေ့ နယူးယောက်ခ် ဖက်ဒရယ် တရားရုံးမှာ အစိုးရ ရှေ့နေတွေနဲ့ လန်ဒန်အခြေစိုက် ဘာကလေဘဏ်တို့ ညှိနှိုင်းခဲ့တာ ဖြစ်ပါတယ်။

ဘာကလေဘဏ်ဟာ ၁၉၉၅ ခုနှစ်ကနေ ၂၀၀၆ ခုနှစ်အတွင်း အမေရိကန် ပြည်ထောင်စုက ငွေကြေးအရ အရေးယူထားတဲ့ နိုင်ငံတွေက ဘဏ်တွေနဲ့ ဒေါ်လာ သန်း ၅၀၀ ဖိုး အဆက်အဆံ လုပ်ခဲ့တယ်လို့ တရားရုံးမှာ စွဲချက် အတင်ခံရတာပါ။

အမေရိကန် ပြည်ထောင်စု အနေနဲ့ အခုလို ငွေကြေးအရ ဒဏ်ခတ် အရေးယူမှုတွေကို ကျူးဘားနိုင်ငံနဲ့ သမ္မတ ကနေဒီ လက်ထက်ကတည်းက စခဲ့သလို လစ်ဗျားနိုင်ငံနဲ့ ၁၉၈၆ ခုနှစ်၊ အီရန်နိုင်ငံနဲ့ ၁၉၉၅ ခုနှစ် မြန်မာနဲ့ ဆူဒန်နိုင်ငံနဲ့ ၁၉၉၇ ခုနှစ်ကတည်းက စပြီး ဥပဒေအဖြစ် အတည်ပြုခဲ့တာပါ။

အဲဒီနိုင်ငံတွေက ဘဏ်တွေနဲ့ အမေရိကန် ငွေကြေးစနစ် အဆက်အဆံ လုပ်နိုင်အောင်လို့ ဘာကလေဘဏ်ကနေ နယူးယောက်ကတဆင့် ဆောင်ရွက်ပေးခဲ့တာ ဖြစ်ပါတယ်။ အဲဒါကို နယူးယောက်ဘဏ် တာဝန်ရှိသူတွေက ဘာကလေဘဏ်ကို သတိပေးခဲ့ပေမဲ့ ဆက်ပြီး ငွေ အလွဲှအပြောင်းတွေ လုပ်ပေးခဲ့တယ်လို့ သိရပါတယ်။

ဒီအတွက် ရန်သူနဲ့ ကုန်သွယ်မှုဆိုင်ရာ အက်ဥပဒေ၊ နိုင်ငံတကာ အရေးပေါ် စီးပွားရေး လုပ်ပိုင်ခွင့်ဆိုင်ရာ အက်ဥပဒေတွေကို ချိုးဖောက်တယ်ဆိုပြီး အမေရိကန် တရားရေးဌာန ဖက်ဒရယ် ရှေ့နေတွေက ဒီအမှုကို နယူးယောက်မြို့မှာ တရားရုံး တင်ခဲ့တာပါ။

အခုတော့ ဘာကလေဘဏ်ဘက်ကလည်း ညှိနှိုင်းမှုလုပ်ပြီး ဒေါ်လာ သန်း ၃၀၀ နီးပါး ပေးလျော်ဖို့ သဘောတူလိုက်တာ ဖြစ်ပါတယ်။

XS
SM
MD
LG