သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရေလမ်းခရီး အန္တရာယ်ကင်းရေး စနစ်တကျစီမံဖို့ လိုအပ်


အောင်စိုးမိုးကျော်ရေယာဉ်ကိုဆယ်နေပုံ (Myanmar Fire Services Department)
အောင်စိုးမိုးကျော်ရေယာဉ်ကိုဆယ်နေပုံ (Myanmar Fire Services Department)

ချင်းတွင်းမြစ်တွင်း လူပေါင်း ၇၀ကျော် အသက်ဆုံးရှုံးခဲ့ရတဲ့ အမြန်ရေယာဉ်နစ်မြုပ်မှုနဲ့ပတ်သက်ပြီး စနစ်တကျ စစ်ဆေးပြီး တာဝန်ရှိသူတွေကို ဖော်ထုတ်အရေးယူ ဆောင်ရွက်သွားမယ်လို့ နိုင်ငံတော်သမ္မတ ဦးထင်ကျော်က မနေ့ကြာသပတေးနေ့က အမိန့်ထုတ်ပြန်လိုက်ပါတယ်။ ကုန်စည်နဲ့ ခရီးသည် ဝန်အားမမျှတမှုကြောင့် အခုလို ချင်းတွင်းမြစ်ထဲ အမြန်ရေယာဉ်နစ်မြုပ်ရတဲ့ အကြောင်းအရင်းနဲ့ ရေကြောင်း သွားလာနေသူတွေ ဘယ်လိုမျိုး ရေဘေးအန္တရာယ်ကာကွယ်ရေး ပညာပေးအသိတွေ သိထားသင့်သလဲ။ အများပြည်သူအသုံးပြုနေတဲ့ ခရီးလမ်းပမ်းသွားလာရေးတွေမှာ အသက်ဘေးကြုံလာရရင် ကာကွယ်နိုင်အောင် ဘယ်လိုစနစ်တကျ ဆောင်ရွက်ထားသင့်သလဲ ဆိုတာကို မဆုမွန်က စုစည်းတင်ပြပေးထားပါတယ်။

စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့ကနေ မုံရွာမြို့ကို ထွက်ခွာလာတဲ့ ချင်းတွင်းမြစ်တွင်းသွား အေးငြိမ်းချမ်းသာ အမြန်မော်တော်ရေယာဉ်လိုင်းက အောင်စိုးမိုးကျော်(၂) အမြန်ရေယာဉ်ဟာ ပြီးခဲ့တဲ့အောက်တိုဘာလ ၁၅ရက်နေ့ မနက် ၅နာရီ ၁၀မိနစ်မှာ စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် ကနီမြို့နယ် ကင်းအုပ်စု မိချောင်းတွင်းကျေးရွာနားမှာ နစ်မြုပ်ခဲ့တာဖြစ်ပါတယ်။ အောက်တိုဘာလ ၂၀ရက်နေ့မှာ ချင်းတွင်းမြစ်ထဲ နစ်မြုပ်သွားတဲ့ ရေယာဉ်ကို အပြီးတိုင်ဆယ်ယူနိုင်ခဲ့သလို သေဆုံးသွားတဲ့ ခရီးသွားပြည်သူ အလောင်းအားလုံး ၇၀ကျော်ကို ဆယ်ယူနိုင်ခဲ့ပြီး ပျောက်ဆုံးသူအချို့ကို ရှာဖွေနေကြဆဲဖြစ်ပါတယ်။

အခုလိုအမြန်ရေယာဉ် နစ်မြုပ်ရတာဟာ ရေယာဉ်ရဲ့ အမှန်တကယ် ဝန်ဆောင်မှုသယ်နိုင်အားထက်ပိုပြီး ကုန်စည်ရော ခရီးသည်ပါ အဆမတန် တင်ခဲ့တာကြောင့် နှစ်မြုပ်ခဲ့တာဖြစ်ပြီး ခရီးသည်တွေ အသက်ဆုံးရှုံးခဲ့ရတာပါ။ သက်ဆိုင်ရာပြည်နယ်တိုင်း အစိုးရအဖွဲ့ တာဝန်ရှိသူတွေနဲ့တကွ ရေကြောင်း သယ်ယူပို့ဆောင်ရေးဝန်ဆောင်မှုလုပ်ငန်း တာဝန်ရှိသူတွေအနေနဲ့ ခရီးသည်တွေရဲ့ အသက်ဘေးအန္တရာယ် လုံခြုံကာကွယ်နိုင်ရေး စနစ်တကျဆောင်ရွက်သင့်တယ်လို့ ဝေဖန်မှုတွေရှိနေပါတယ်။

အမေရိကန်ရောက် မြန်မာတဦးဖြစ်တဲ့ ဦးရွှေထွန်းကတော့ စင်ကာပူအခြေစိုက် အမေရိကန်ကုမ္ပဏီရဲ့ နိုင်ငံတကာခရီးသည်တင် ရေကြောင်းပို့ဆောင်ရေးလုပ်ငန်းခွင်မှာ ခရီးသည်တွေအတွက် အဓိက ဘေးကင်းလုံခြုံရေးဆိုင်ရာတာဝန်ယူလုပ်ကိုင်ခဲ့ရတဲ့ သင်္ဘောဝန်ထမ်းတဦးဖြစ်ပါတယ်။ နိုင်ငံတကာစံနှုန်းတွေအရ ရေကြောင်းသယ်ယူပို့ဆောင်ရေးတွေမှာ ခရီးသည်ရဲ့ဘေးကင်းလုံခြုံရေးက ပထမ အဓိကဖြစ်တယ်။ သူတို့အသက်ဘေးကြုံလာရရင် ဘယ်လိုမျိုး အရေးပေါ် ဆောင်ရွက်ပေးရမယ်ဆိုတဲ့ ကူညီကယ်ဆယ်ရေးလုပ်ငန်းအဆင့်ဆင့်ကို သူ့ရဲ့အတွေ့အကြုံနဲ့ယှဉ်ပြီး အခုလိုရှင်းပြပါတယ်။

“ကျနော်တို့ အခန်း ၁၅ က Passenger တွေကို ကျနော်တို့ တာဝန်ယူရပါတယ်။ Emergency ဖြစ်ရင် ကိုယ့်ခရီးသည်တွေကို အရင်ဆုံး သတိပေးနိုးဆော်တယ်။ အခန်းထဲမှာ နေလို့မရဘူး ထွက်ဆို ထွက် အဲလိုမျိုးပေါ့။ ကျနော်တို့ သဘောၤပေါ်မှာ safety first ဆိုတဲ့ ဥပဒေပေါ့လေ ဒီဥပဒေ ဖြစ်တဲ့အတွက် safety တွေကို ၂ ပတ် ၁ ခါလုပ်တယ်။ Group လိုက်ခွဲပြီးတော့ဗျာ ခရီးသည် ဘယ်နှစ်ယောက် ကို ဘယ်နှစ်ယောက်တာဝန်ယူမယ်ဆိုတာတွေ သူ့ Groupနဲ့ သူပေါ့နော်။ ကျနော်က ခုနပြောသလို ကျနော့် Group မှာက အခန်း ၁၅ က passenger တွေကို ကျနော်က တာဝန်ယူရတယ်။ ကျနော်တို့ Life Jacket ကို မဝတ်တက်ရင်တောင် ကျနော်ကသူတို့ကို ဝတ်ပေးရတယ်။ ကျနော်တို့ မှာ အဲဒီအထိ တာဝန်ယူပေးရတယ်။ ပြီးတာနဲ့ ကိုယ့်တာဝန်ကျတဲ့ lifeboat မှာ ကျနော်မှတ်မိတယ်၊ lifeboat မှာ ဟိုဘက် ၅ ဦး ဒီဘက် ၅ ဦး ကျနော့ခရီးသည် အကုန် ကျနော်က အဲဒီကို ခေါ်သွားရတယ် သင်္ဘောအရေးပေါ်ဖြစ်လို့ရှိရင် ။ ဘာပဲဖြစ်ဖြစ် အဲဒီလို အရေးပေါ်ဖြစ်လာရင် ကိုယ့်အသက်ကို နောက်မှာထား အရင်ဆုံးခရီးသည်ကို ဖြစ်သမျှအကြောင်းအရင်းကို အရင်ဆုံး ပြောပြပြီးတော့ Captain ရဲ့ order ကို အရင်ဆုံးကျနော်တို့ နားထောင်နေရတာပေါ့။”

အများပြည်သူသုံးခရီးသွား လမ်းပမ်းဆက်သွယ်ရေးစနစ်တွေ ဖွံ့ဖြိုးတိုးတက်မှု မရှိသေးတဲ့ မြန်မာနိုင်ငံလို နိုင်ငံမျိုးမှာ ခရီးသည်ပို့ဆောင်ရေးဝန်ဆောင်မှုအတွက် တာဝန်ရှိတဲ့ ခရီးသွားလုပ်ငန်းရှင်တွေ၊ တာဝန်ရှိ လုပ်သားတွေကို ခရီးသည်တွေအတွက် ဘေးအန္တရာယ်လုံခြုံရေး ဘယ်လိုလုပ်ရမယ်ဆိုတာ စနစ်တကျသင်တန်းပေးဖို့လိုအပ်သလို ခရီးသွားပြည်သူတွေအတွက်လည်း အသက်ဘေးကြုံလာရရင် ဘယ်လိုကိုယ့်ကိုကိုယ် ကာကွယ်ရမလဲဆိုတာကို ဘယ်လိုစနစ်တကျ ဆောင်ရွက်ထားသင့်သလဲဆိုတာ ပညာပေးသင့်တယ်လို့ သူက အခုလို အကြံပြုပါတယ်။

“အဓိကကတော့ ဒီသင်္ဘောကို safety ဖြစ်ဖို့ သင်္ဘောရဲ့တန်ချိန်နဲ့ capacity အင်အားနဲ့ နောက်ဘယ်လောက် ဝန် အဲဒါ အဓိကအရေးကြီးတယ်လေ။ မြန်မာပြည်မှာက ကျနော်လည်းသိသလောက် လူရှိရင်ရှိသလောက်တင်တာက ၊ ကားကအစ ထိုင်သလောက်တင်ကြတယ်။ ဒီကားက တန်ချိန် ၅၀၀၀ ဆိုရင် လူက ပြည့်သလောက် အဲလိုပေါ့လေ။ အဓိကက safety မရှိမူ့ပါပဲ၊ safety ကို ဘယ်လို သေသေချာချာတွက်ရမလဲဆိုတာကတော့ ရေကြောင်းဦးစီးဌာနက သူ့ စစ်ဆေးရေးတွေကို ဘယ်လို training ပေးရမလဲ ၊ အဲလိုတွေ တိတိကျကျကိုင်တွယ်နိုင်မှ ဒီလို accident ဖြစ်ရင် အသေအပျောက်က နည်းမယ်လို့ ကျနော်ကတော့ ထင်ပါတယ်။ ဘယ်နေရာပဲကြည့်ကြည့် ကျနော်အခုလုပ်တဲ့ အလုပ်တောင်မှ ဒီလို Market ထဲမှာတောင်မှ safety first ပဲ။ ဒီလို ဘာပဲဖြစ်ဖြစ် Emergency alarm မီပြီဆိုတာနဲ့ နားစွင့်ပြီးတော့ ထွက်ဆိုရင် ထွက်ရတာပါ။ ဒီအမိန့်နာခံဖို့အရေးကြီးတယ် ဒီ safety first ဖြစ်ဖို့ကို သေချာ train ဖို့ကို လိုအပ်ပါတယ်။ မြန်မာနိုင်ငံမှာက နိုင်ငံတကာ စံချိန်စံညွှန်းနဲ့ မီဖို့အတွက် စနစ်တကျလုပ်ဖို့ လိုတယ်လို့ ကျနော်မြင်ပါတယ်။”

အခုလို အမြန်ရေယာဉ်နှစ်မြုပ်ပြီး အများပြည်သူလူထု အသက်ဆုံးရှုံးခဲ့ရတဲ့ အဖြစ်အပျက်အပေါ် သေဆုံးသူတွေရဲ့မိသားစုတွေနဲ့ထပ်တူ ဝမ်းနည်းရပါကြောင်းနဲ့ အသက်ဆုံးရှုံးခဲ့ရတဲ့ ခရီးသည်တွေအတွက် သက်ဆိုင်ရာဌာနတွေက လိုအပ်တဲ့အကူအညီထောက်ပံ့မှုတွေ ဆောင်ရွက်ပေးသွားဖို့ နိုင်ငံတော်သမ္မတ ဦးထင်ကျော်က ကြေညာချက်ထုတ်ပြန်ပြောဆိုထားပါတယ်။ အခုလက်ရှိမှာတော့ ကယ်ဆယ်ရေးလုပ်ငန်းတွေကို ပြည်ထောင်စုအစိုးရရဲ့လမ်းညွှန်ချက်နဲ့ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့က အနီးကပ်ကြီးကြပ်ပြီး လူမှုဝန်ထမ်းကူညီကယ်ဆယ်ရေးနဲ့ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ မီးသတ်ဦးစီးဌာန၊ ရဲလုံခြုံရေးတွေ၊ တပ်မတော်တို့က ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေတယ်လို့ ပြည်ထောင်စုအစိုးရအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG