သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ချင်းတွင်းမြစ်သွား စက်လှေနစ်မြုပ်မှု အလောင်း ၇၀ ကျော်ရရှိ


အောင်စိုးမိုးကျော်ရေယာဉ်ကိုဆယ်နေပုံ (Photo Credit: Dr. Aye Aye Win)
အောင်စိုးမိုးကျော်ရေယာဉ်ကိုဆယ်နေပုံ (Photo Credit: Dr. Aye Aye Win)

စစ်ကိုင်းတိုင်း ဟုမ္မလင်းကနေ မုံရွာမြို့ကို ထွက်ခွာလာတဲ့ အောင်စိုးမိုးကျော် အမြန်ရေယာဉ် နစ်မြုပ်ခဲ့တာကြောင့် လိုက်ပါလာသူတွေ သေဆုံးပျောက်ဆုံးမူတွေဖြစ်ခဲ့ပြီး ရေယာဉ်နစ်မြှုပ်ပြီး ၅ရက်မြောက်နေမှာတော့ ရေယာဉ် အစိတ်အပိုင်းအားလုံးကိုဆယ်ယူနိုင်ခဲ့ပါပြီ။ နောက်ဆုံးအနေနဲ့ရေယာဉ်အစိတ်အပိုင်းတွေထဲက အလောင်းတွေအားလုံးကိုဆယ်ယူခဲ့ရာမှာ အလောင်း၇၀ကျော်သွားပြီလို့စစ်ကိုင်းတိုင်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဦးစီးဌာနကပြောပါတယ်။ မအေးအေးမာကသတင်းပေးပို့ထားပါတယ် ။

စစ်ကိုင်းတိုင်း ဟုမ္မလင်း-ဖောင်းပြင်-မော်လိုက်-ကလေး၀ ဂိတ်ကနေ ခရီးသည် ၃၀၀ ထက်မနည်း တင်ဆောင်လာတဲ့ အမြန်ရေယာဉ်ဟာ ကနီမြို့နယ် မီးချောင်းတွင်းရွာအနီးမှာ နစ်မြုပ်ခဲ့တာပါ။ နီးစပ်ရာ ကျေးရွာသားတွေ၊ ဟိတသုခလူမှုရေးအသင်း၊ ကင်းရွာက ပရဟိတအဖွဲ့တွေနဲ့ ကယ်ဆယ်ရေးလုပ်သားတွေက ကယ်ဆယ်ခဲ့တာကြောင့် လူ ၁၆၀ နီးပါး အသက်ရှင်ကျန်ခဲ့ပြီး အလောင်း ၇၀ကျော် ရှာဖွေတွေ့ရှိခဲ့တယ်လို့ စစ်ကိုင်းတိုင်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဦးစီးဌာနရဲ့ ညွှန်ကြားရေးမှူး ဦးစဝီလီဖရန့် က ပြောပါတယ်။

“ဟုတ်ပါတယ်ရေယာဉ်အားလုံးဆယ်ပြီး၊ ဖော်ပြီးပါပြီ။ အလောင်းကတော့ ကျနော်တို့ အားလုံးစုစုပေါင်းကြီးပဲ ကျနော်တို့ ဧရိယာမှာတော့ ၆၇ လောင်းရပါတယ်။ ဟိုဘက် ရေစကြို၊ မကွေးတိုင်းကိုတော့ ၅ လောင်းလောက်မျှောသွားတယ်။ အဲဒီ ၅ လောင်းပါရင်တော့ ၇၂ လောင်းရှိပါတယ်ခင်ဗျ။ ရေယာဉ်ကတော့ ဖော်ထားပြီးပါပြီ အခုတော့ ကမ်းကိုကပ်ဖို့လေ၊ ကမ်းဆိုတာ ရေတိမ်ကို ဆွဲပြီးတင်ဖို့တော့ ကျနော်တို့ ဆက်လုပ်ဖို့ရှိပါတယ်။”


ရေယာဉ်နစ်မြုပ်မူမှာ ပါဝင်ပြီး အသက်သေဆုံးသွားကြတဲ့သူတွေအတွက် မိသားစုတွေကတော့ ယူကျုံးမရခံစားနေကြရတာပါ။ ရေယာဉ်ဟာလူတွေကိုကော ကုန်ပစည်းတွေကိုပါ
အဆမတန်တင်တဲ့ အတွက် ဒီလို အသက်ဆုံးရှုံးမူတွေဖြစ်ခဲ့ရတာလို့ အသက် ၂၂ အရွယ် သေဆုံးသွားသူ ကျောင်းဆရာမတဦးဖြစ်တဲ့ မခိုင်ချိုချိုမော်ရဲ့မိသားစုတွေကတော့ဆိုပါတယ်။

“ဟုတ်ကဲ့ခင်ဗျ အခုသူတို့တင်လာတာက မိုက်ရိုင်းလွန်းတယ်ခင်ဗျ။ ဘာဖြစ်လို့လဲဆိုတော့ ရေယာဉ် ၂ စီးစာကို ၁ စီးနဲ့ တင်လာတာခင်ဗျ။ ဒီမှာ သီတင်းကျွတ် ဆရာ၊ ဆရာမတွေပြန်ချိန်ဆိုရင် သူတို့အတွက် နောက်ထပ်ရေယာဉ်တစီး တန်ချိန်နဲ့ ညီအောင်ပေါ့ ။ အခုလို အန္တရာယ်မဖြစ်အောင်တော့ စီစဉ်ပေးသင့်တယ်ခင်ဗျ။ ဘာကြောင့်လဲဆိုတော့ အခုက ရေကတောင်မှ အတွင်းထဲကို စိမ့်စိမ့်ဝင်တာဆိုတော့ သူတို့တင်လာတာကတော့ များလွန်းတယ်ခင်ဗျ။ လူ ၃၀၀ ကျော်ဆိုတော့လေ။ ဂိတ်တွေကလည်း ရေယာဉ်တွေအပေါ်ကြီးကြပ်သင့်တယ်။ လူဦးရေဆိုရင်လည်း လိုအပ်တဲ့ လူဦးရေနဲ့ ။”

ရေယာဉ်နစ်မြုပ်ချိန်ကစပြီး သေဆုံးပျောက်ဆုံးသူတွေနဲ့ပတ်သက်လို့အစိုးရဘက်ကတော့ တရားဝင် ဝမ်းနည်စကားပြောတာမျိုးတွေ မရှိတဲ့အတွက်ဝေဖန်မူတွေလည်း ရှိနေတာပါ ။ ရေယာဉ်ပေါ်မှာ ပညာရေးဝန်ထမ်းတွေအများဆုံးပါဝင်ပြီး သီးတင်ကျွတ်ကျောင်းပိတ်ရက်မှာနေရပ်ကို
အလည်ပြန်ကြတာပါ။ ဒီအတွက် ကျောင်းဆရာဆရာမအတော်များများဟာ
အခုသေဆုံးကြသူတွေထဲမှာ အများဆုံးပါဝင်တာပါ။ မြန်မာနိုင်ငံမှာ တော့မြစ်ချောင်းတွေအတွင်း ခေတ်မှီရေယာဉ်တွေမသုံးနိုင်ကြသေးသလို ရေကြောင်း ပြေးဆွဲတဲ့ရေယာဉ်တွေကိုလည်း လိုအပ်တာထက် လူတွေကုန်တွေမတင်ဖို့ အတွက် စံနစ်တကျ
ညွန်ကြားထား စည်ကမ်းထုတ်ထားတာမျိုးတွေ အားနည်းတဲ့အတွက် အခုလိုမျိုးဖြစ်ရပ်တွေက မကြာခဏ ဖြစ်လေ့ရှိပြိး လူသေဆုံးမူတွေဖြစ်နေကြတာပါ။ ခုချင်းတွင်းမြစ်ပေါ်မှာ ရေယာဉ်နစ်မြုပ်ခဲ့ရပြိးတဲ့နောက် ပြည်သူတွေရဲ့ အသက်အန္တရယ်တွေအတွက်ကာကွယ်ပေးမယ့် အစီစဉ်တွေကို လုပ်ဆောင်ဖို့အတွက် ဒေသဆိုင်ရာ အစိုးရတာဝန်ရှိသူတွေက သတိပြု သင့်ပြီလို့လည်း ဝေဖန်သူတွေက ထောက်ပြကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG