သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗြိတိန် EU က ခွဲထွက်အပြီး မြန်မာအပေါ် သက်ရောက်မှု အလားအလာ


Brexit လို့ခေါ်တဲ့ ဗြိတိန်နိုင်ငံ ဥရောပသမဂ္ဂထဲက နှုတ်ထွက်ဖို့ ဆုံးဖြတ်လိုက်ပြီးတဲ့နောက် ပေါင်စတာလင် ငွေတန်ဖိုးတွေ ကျခဲ့တာကြောင့် ကုန်သွယ်ရေးနဲ့ စီးပွားရေးဆိုင်ရာ သဘောတူညီချက်တွေနဲ့ဆိုင်တဲ့ လိုက်နာဆောင်ရွက်ရမယ့် ညွှန်ကြားချက်တွေကို ကမ္ဘာ့တဝှမ်းမှာရှိတဲ့ ဗြိတိသျှသံရုံးတွေအနေနဲ့ ပို့ထားပြီးဖြစ်ကြောင်း ဝန်ကြီးချုပ် David Cameron က ဗုဒ္ဓဟူးနေ့က လွှတ်တော်ကို ပြန်လည် ဖြေကြားခဲ့ပါတယ်။

မြန်မာနဲ့ ဗြိတိန်အကြား ကြီးမားတဲ့ ကုန်သွယ်မှုပမာဏ မရှိပေမဲ့လည်း ဗြိတိသျှအစိုးရက မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပေးနေတဲ့ အကူအညီတွေ လျော့ကျနိုင်တဲ့ အလားအလာရှိတယ်လို့ မြန်မာ့အရေး ဆောင်ရွက်သူတွေ က ပြောပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။

ဗြိတိန်နိုင်ငံအနေနဲ့ စီးပွားရေး၊ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကိစ္စရပ်တွေကို အတတ်နိုင်ဆုံး ထိတွေ့ လုပ်ဆောင်သင့်ကြောင့် ဗုဒ္ဓဟူးနေ့က ပြုလုပ်တဲ့ လွှတ်တော် အမေးအဖြေကဏ္ဍမှာ ဝန်ကြီးချုပ် David Cameron က ပြောကြားလိုက်တာပါ။

“ကျနော်တို့အနေနဲ့ ကမ္ဘာ့တဝှမ်းမှာရှိတဲ့ ကျနော်တို့ရဲ့သံရုံးအားလုံးအပြင် ဗြိတိန်နိုင်ငံရဲ့ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အဖွဲ့အစည်းတွေ၊ ဝန်ကြီးတွေအားလုံးကို ပြတ်ပြတ်သားသား ပြောကြားထားပြီး ဖြစ် ပါတယ်။ ဗြိတိန်နိုင်ငံအတွင်း လာရောက်လုပ်ကိုင်ချင်တဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကိစ္စတွေ အားလုံးအဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားလုပ်ဆောင်သင့်ပါတယ်။ စီးပွားရေးလုပ်ငန်းတွေကလည်း ကျနော်တို့ကို ပြတ်ပြတ်သားသား ပြောကြားထားပြီး ဖြစ်ပါတယ်။ ကျနော်တို့ တိုင်းပြည်ရဲ့ ဆုံးဖြတ်ချက်ကို သူတို့အနေနဲ့ ကြိုက်နှစ်သက်သည်ဖြစ်စေ၊ မကြိုက်နှစ်သက်သည်ဖြစ်စေ ထွက်ပေါ်လာတဲ့ အခွင့်အရေးတွေကို အတတ်နိုင်ဆုံး အကောင်းဆုံးဖြစ်အောင် အစိုးရအနေနဲ့ လုပ်ဆောင်ရမယ်ဆိုတာကို သူတို့ နားလည် သဘောပေါက်ကြပါတယ်။”

ဗြိတိန်နိုင်ငံ အီးယူ ဥရောပသမဂ္ဂထဲက နှုတ်ထွက်ဖို့ ဆုံးဖြတ်လိုက်တဲ့ နောက်ဆက်တွဲ အကျိုးဆက်အဖြစ်နဲ့ စီးပွားရေး ကျဆင်းလာမှာကို သက်သာအောင် လုပ်ဆောင်တဲ့အနေနဲ့ ကော်ပိုရေးရှင်းတွေနဲ့ လူပုဂ္ဂိုလ် တဦးချင်းစီထံက အခွန်ငွေ ကောက်ခံမှု လျှော့ချသင့်ကြောင့် ဗြိတိသျှ စီးပွားရေးဝန်ကြီး Sajid Javid က ပြောကြားအပြီးမှာ ဝန်ကြီးချုပ် Cameron က အခုလို ပြောကြားလိုက်တာ ဖြစ်ပါတယ်။

အီးယူထဲက ဗြိတိန်နှုတ်ထွက်ဖို့ ဇွန်လ ၂၃ ရက်နေ့က ကျင်းပတဲ့ လူထုဆန္ဒခံယူပွဲကနေ အဆုံးဖြတ် ပေးပြီးတဲ့နောက် ဗြိတိန်နိုင်ငံရဲ့ စီးပွားရေးအပေါ် ယုံကြည်မှုတွေလည်း ကျဆင်းလာတာပါ။ ဒါကြောင့်လည်း ဗြိတိန်ရဲ့ ပေါင်စတာလင် ငွေတန်ဖိုးဟာ ၃၁ နှစ်အတွင်း အနိမ့်ဆုံးကို ကျဆင်းသွားခဲ့ပြီး ဆန္ဒခံယူပွဲ မကျင်းပခင်က ခန့်မှန်းထားတဲ့ ငွေကြေးဆိုင်ရာ အခက်အခဲ ပြဿနာတွေဟာ လက်တွေ့ ဖြစ်ပေါ်လာနေပြီလို့ အင်္ဂလန်ဗဟိုဘဏ်က သတိပေး ပြောကြားလိုက်ပါတယ်။

ဗြိတိန်နိုင်ငံအတွင်းက အလုပ်အကိုင်တွေကို ဘယ်လို အကာကွယ်ပေးမလဲလို့ လွှတ်တော်အမတ်တဦးက မေးတာကိုတော့ ဝန်ကြီးချုပ် David Cameron က - လတ်တလော လုပ်ဆောင်စရာတွေကို စတင် လုပ်ဆောင်နေပြီ ဖြစ်တဲ့အကြောင်းနဲ့ အင်္ဂလန် ဗဟိုဘဏ်ကလည်း အတိုးနှုန်းသက်သာစွာနဲ့ ငွေတွေ ချည်းပေးဖို့အတွက် ဆုံးဖြတ်ချက် ချထားပြီးဖြစ်ကြောင်း ပြန်လည် ဖြေကြားခဲ့ပါတယ်။

ပေါင်စတာလင် ငွေတန်ဖိုး ကျဆင်းသွားတဲ့အတွက် ဗြိတိန်က မြန်မာနိုင်ငံကို လက်ရှိပေးနေတဲ့ အကူအညီအပေါ်မှာ အကျိုးသက်ရောက်မှု ရှိလာနိုင်တယ်လို့ Burma Campaign UK အဖွဲ့က ညွန်ကြားရေးမှူး Mark Farmaner က ပြောပါတယ်။

“လတ်တလောအခြေအနေမှာတော့ ဗြိတိသျှပေါင်စတာလင်ဟာ အတက်အကျ ဖြစ်နေပါတယ်။ တကယ်လို့ ဆက်ကျနေဦးမယ်ဆိုရင်တော့ မြန်မာနိုင်ငံက လက်ခံရရှိနေတဲ့ အကူအညီတွေကို အကျိုးသက်ရောက်မှု ဖြစ်လာနိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဗြိတိသျှအစိုးရက ပေါင်ငွေနဲ့ အရင်ပမာဏအတိုင်း ပေးနေမယ်ဆိုရင် နိုင်ငံတကာမှာရှိနေတဲ့ ငွေလဲနှုန်းအရ ပေါင်တန်ဖိုးဟာ နဲနေမှာ ဖြစ်ပါတယ်။ ဒီကိစ္စဟာ အနာဂတ်မှာ ရှိလာမယ့် ငွေလှဲနှုန်းအပေါ်မှာ မူတည်နေပါတယ်။ ဒါဟာ ဗြိတိန်နိုင်ငံ အီးယူထဲကနှုတ်ထွက်ဖို့ ဆုံးဖြတ်လိုက်တဲ့အတွက် ဖြစ်ပါတယ်။ ဒါကြောင့် ရေတိုမှာ မြန်မာနိုင်ငံကို ပေးနေတဲ့အကူအညီကို ထိခိုက်သွားစေနိုင်ပါတယ်။”

လက်ရှိဝန်ကြီးချုပ် David Cameron ဟာ မကြာခင်မှာ ရာထူးက နှုတ်ထွက်ပေးတာမှာဖြစ်ပြီး သူ့ရာထူးကို ဆက်ခံမယ်လို့ တစ်ပေးခံနေရသူ လက်ရှိ ပြန်ထဲရေးဝန်ကြီး Teresa May အနေနဲ့ မြန်မာနိုင်ငံအပေါ် ပေးနေတဲ့ အကူအညီတွေကိစ္စအတွက် သိသာတဲ့ ပြောင်းလဲမှုကို ဖြစ်ပေါ်စေနိုင်တယ်လို့ ဆိုပါတယ်။

“ဗြိတိသျှဝန်ကြီးချုပ်အသစ်အနေနဲ့ ကြီးမားတဲ့ ပြောင်းလဲမှုကို လုပ်ဆောင်နိုင်ပါတယ်။ ဝန်ကြီးချုပ်ဖြစ်ဖို့ တစ်ပေးခံနေရတဲ့သူဟာ လက်ရှိ ပြည်ထဲရေးဝန်ကြီး Teresa May ဖြစ်ပါတယ်။ သူမဟာ ပါတီအတွင်းမှာ လက်ယာစွန်းလက်ကို ပိုယိမ်းတဲ့၊ ကွန်ဆာဗေးတစ် ပိုဆန်တဲ့သူတဦး ဖြစ်တယ်လို့ လက်ခံကြသူ တဦးဖြစ်ပါတယ်။ သူမဟာ လူ့အခွင့်အရေးကိစ္စတွေ၊ နိုင်ငံတကာ အရေးကိစ္စတွေကို စိတ်ဝင်စားမှု နည်းတဲ့သူတဦး ဖြစ်ပါတယ်။ ဗြိတိန်နိုင်ငံထဲမှာတင်ကို လူ့အခွင့်အရေး ဥပဒေတွနဲ့ ပတ်သက်ပြီး စောဒက တက်နေသူ တဦးဖြစ်ပါတယ်။ သူမအနေနဲ့ လူ့အခွင့်အရေးကိစ္စတွေကို စိတ်ဝင်စားမှု ပြတာမျိုး ကျနော်တို့ တခါမှ မတွေ့ဘူးပါဘူး။ ဗြိတိန်က နိုင်ငံတကာကို ပေးနေတဲ့ အကူအညီတွေ လျော့ချဖို့ သူမအနေနဲ့ လုပ်ဆောင်မယ့် အန္တရာယ် ရှိနေပါတယ်။ သူမအနေနဲ့ အဲဒီလို လုပ်လာမလား ဆိုတာကတော့ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။ တကယ်လို့ နိုင်ငံတကာကို ပေးနေတဲ့ အကူအညီ လျှော့ချဖို့ သူမအနေနဲ့ လုပ်ဆောင်ခဲ့မယ်ဆိုရင်တော့ သူမပါတီအတွင်းမှာတင် ကန့်ကွက်မယ့်သူတွေနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။”

ဝန်ကြီးချုပ် David Cameron ကတော့ - နိုင်ငံတကာမှာရှိတဲ့ ဗြိတိန်နိုင်ငံရဲ့ ရပ်တည်မှုဟာ ပြောင်းလဲသွားမှာမဟုတ်ကြောင်း၊ အထူးသဖြင့် ဒီမိုကရေစီစံနစ် အားကောင်းလာရေးနဲ့ အရပ်သားအစိုးရတရပ် တည်ထောင်ပြီး စီးပွားရေး တံခါးဖွင့်ဝါဒ ကျင့်သုံးနေတဲ့ မြန်မာနိုင်ငံအပေါ် ထားတဲ့ မူဝါဒတွေ ပြောင်းလဲသွားမှာ မဟုတ်ကြောင်း၊ ဗြိတိန်ဟာ မြန်မာနိုင်ငံ ဖွံ့ဖြိုးရေးအတွက် အကြီးမားဆုံး လုပ်ဖော်ကိုင်ဖက် နိုင်ငံဖြစ်ကြောင်း၊ မြန်မာနိုင်ငံဟာ ဗြိတိသျှလူမျိုးတွေရဲ့ နှလုံးသားထဲက အရေးပါတဲ့နေရာမှာ တည်ရှိနေကြောင်း ဇွန်လ ၂၄ ရက်နေ့ ရက်စွဲနဲ့ ဝန်ကြီးချုပ်ရဲ့ ပြောဆိုချက်ကို ဗြိတိသျှသံရုံးက ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့အရေးယူမှုတွေ ပြန်လည် ရုပ်သိမ်းပေးပြီးပြီးချင်း ဗြိတိန်နိုင်ငံဟာ မြန်မာနိုင်ငံနဲ့ ပထမဆုံး ကုန်သွယ်ရေး လုပ်ဆောင်တဲ့ အနောက်နိုင်ငံတွေထဲက တခုဖြစ်တယ်လို့ မေလတုန်းက မြန်မာနိုင်ငံကို သွားရောက် လည်ပတ်ခဲ့တဲ့ UKTI ဗြိတိသျှ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နံှမှုဌာန အကြီးအကဲ Catherine Raines က ပြောပါတယ်။

လက်ရှိမှာ ဗြိတိန်က မြန်မာနိုင်ငံအတွင်း ရင်းနှီးမြုပ်နှံနေတဲ့ အဓိက စီးပွားရေးလုပ်ငန်းတွေဟာ အခြေခံအဆောက်အဦး၊ ကျန်းမာရေးစောင့်ရှောက်မှုအပါအဝင် ကဏ္ဍအတော်များများမှာ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ဆောင်နေတာပါ။ မြန်မာနိုင်ငံအပေါ် အီးယူက ချမှတ်ထားတဲ့ ပိတ်ဆို့ အရေးယူမှုတချို့ကို ပြန်လည် ရုပ်သိမ်းပေးပြီးဖြစ်ပေမယ့်၊ အမေရိကန်ပြည်ထောင်စုရဲ့ ပိတ်ဆို့အရေးယူမှုတွေ ရှိနေဆဲဖြစ်တာကြောင့် အမေရိကန်ကုမ္ပဏီတွေနဲ့ ဆက်ဆံမှုရှိတဲ့ ဗြိတိန်ကုမ္ပဏီအတွေအတွက် မြန်မာနိုင်ငံအတွင်းမှာ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ဆောင်ဖို့ အခက်အခဲတွေ ရှိနေဆဲဖြစ်တယ်လို့ Catherine Raines က ပြောပါတယ်။ ၂၀၁၅ ခုနှစ်မှာ ထုတ်ပြန်ခဲ့တဲ့ စာရင်းဇယားတွေအရ ဗြိတိန်က မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံထားတဲ့ ပမာဏဟာ အမေရိကန်ဒေါ်လာ ၄၁၉ သန်းနီးပါး ရှိတယ်လို့ ဆိုပါတယ်။ ဒါဟာ တခြား အီးယူနိုင်ငံတွေထက်စာရင် အများဆုံး ပမာဏဖြစ်ပါတယ်ခင်ဗျား။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG