သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စီးပွားရေး တိုးမြင့် ပူးပေါင်းဆောင်ရွက်ဖို့ BRICS ခေါင်းဆောင်တွေ အဆိုပြု


BRICS ထိပ်သီးညီလာခံ တက်ရောက်လာသော နိုင်ငံ့ခေါင်းဆောင်များ
BRICS ထိပ်သီးညီလာခံ တက်ရောက်လာသော နိုင်ငံ့ခေါင်းဆောင်များ

ကိုယ်ကျိုးစီးပွား ကာကွယ်ရေးဝါဒ ကြီးစိုးလာနေတဲ့အပေါ် စိုးရိမ်မှုတွေရှိနေတဲ့ အချိန်မှာပဲ BRICS လို့ခေါ်တဲ့ ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ်နဲ့ တောင်အာဖရိကနိုင်ငံတွေဟာ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု တိုးမြင့် လုပ်ဆောင်ကြဖို့၊ ကမ္ဘာ့စီးပွားရေး တိုးတက်မှု နှေးကွေးနေမှုကို ကိုင်တွယ် ဖြေရှင်းရေးနဲ့ နယ်စပ်ဖြတ်ကျော် အကြမ်းဖက်မှုတွေကို တိုက်ခိုက် ချေမှုန်းရေးတို့ လုပ်ဆောင်သွားကြဖို့ သံဓိဌာန် ပြုလိုက်ကြပါတယ်။

အိန္ဒိယနိုင်ငံတောင်ပိုင်း၊ Goa မြို့မှာ ကျင်းပနေတဲ့ စီးပွားရေး ဖွံ့ဖြိုးဆဲ ၅ နိုင်ငံက ခေါင်းဆောင်တွေရဲ့ ထိပ်သီးညီလာခံကို တနင်္ဂနွေနေ့က အဆုံးသတ်လိုက်တာ ဖြစ်ပါတယ်။

တချို့နိုင်ငံတွေဟာ ကိုယ့်တိုင်းပြည်အတွက်ပဲ ကြည့်တဲ့ ပေါ်လစီတွေကို ချမှတ်လာနေကြောင်း၊ ကိုယ်ကျိုးစီးပွားရေး ကာကွယ်ရေးဝါဒဟာ ကြီးထွားလာနေပြီး Globalization လို့ခေါ်တဲ့ ကမ္ဘာမှုပြုရေးကို ဆန့်ကျင်သူတွေဟာ အန္တရာယ်ဖြစ်လာနိုင်ခြေရှိကြောင်း BRICS အဖွဲ့ဝင် နိုင်ငံတွေအနေနဲ့ ဘုံအဖြေကို ပူးပေါင်း ရှာဖွေကြဖို့ လိုအပ်တယ်ဆိုတာကို မီးမောင်းထိုး ပြသတဲ့အနေနဲ့ တရုတ်သမ္မတ ရှီကျင့်ပင်က သတိပေး ပြောကြားခဲ့ပါတယ်။ ကမ္ဘာ့လူဦးရေ စုစုပေါင်းရဲ့ ထက်ဝက်လောက်ရှိတဲ့ BRICS အဖွဲ့ဝင် ၅ နိုင်ငံရဲ့ ကုန်ထုတ်လုပ်မှု စွမ်းအားဟာ ကမ္ဘာ့ ပြည်တွင်းအသားတင် ကုန်ထုတ်လုပ်မှု စုစုပေါင်းရဲ့ ၂၅% ရှိတာကြောင့် တချိန်က ကြီးထွားလာနေတဲ့ စီးပွားအင်အား အုပ်စုအဖြစ် သတ်မှတ်ခံထားရတာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီနိုင်ငံတွေဟာလည်း ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး ကျဆင်းမှုနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ၁၀ စုနှစ် တခုအတွင်း BRICS အဖွဲ့ဝင် ၅ နိုင်ငံအနေနဲ့ ကမ္ဘာ့စီးပွားရေးဖွံ့ဖြိုးမှု ၅၀% အထိ ပါဝင်နိုင်ခဲ့တာကြောင့် ဒီအဖွဲ့ရဲ့ တည်ရှိမှုဟာ ကြီးထွားလာနေကြောင်း တရုတ်သမ္မတ ရှီကျင့်ပင်က ပြောကြားလိုက်သလို အိန္ဒိယ ဝန်ကြီးချုပ် Narendra Modi ကလည်း အဖွဲ့ဝင် နိုင်ငံတွေအကြား လာမယ့် ၅ နှစ်အတွင်း ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ဘီလီယံ ၅၀၀ အထိ ရှိအောင် ၂ ဆတိုး လုပ်ဆောင်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG