သုံးရလွယ်ကူစေသည့် Link များ

ဗြိတိန်ဝန်ကြီးချုပ်သစ် Theresa May အစိုးရသစ် စတင်ဖွဲ့စည်း


ဗြိတိန်နိုင်ငံရဲ့ ဝန်ကြီးချုပ်သစ်အဖြစ် Theresa May ကို ဘုရင်မကြီး Elizabeth က ဗုဒ္ဓဟူးနေ့မှာ အတည်ပြုပေးလိုက်ပါပြီ။ ဗြိတိန်နိုင်ငံ အီးယူက ခွဲထွက်ဖို့ လူထုဆန္ဒခံယူကပွဲနေ အဆုံးအဖြတ် ပေးလိုက်ပြီးနောက်မှာ ဝန်ကြီးချုပ် David Cameron ဟာ ပေးထားတဲ့ ကတိတဲ့အတိုင်း ရာထူးက နှုတ်ထွက်ပေးလိုက်တဲ့အတွက် Theresa May အတွက် ပထမဆုံး အကဲစမ်းမှုကတော့ Brexit ကနေ ခွဲထွက်ရာမှာ နိုင်ငံကို အောင်မြင်စွာ ဦးဆောင်နိုင်ရေးပဲ ဖြစ်ပါတယ်။ ဝန်ကြီးချုပ်သစ် Theresa May ဟာ အစိုးရသစ် စတင်ဖွဲ့စည်းနေပြီဖြစ်ပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

Brexit လို့ခေါ်တဲ့ ဗြိတိန်နိုင်ငံ အီးယူ - ဥရောပသမဂ္ဂထဲကနေ နှုတ်ထွက်ဖို့ လူထုဆန္ဒခံယူပွဲကနေ ဆုံးဖြတ်ခဲ့ပြီးတဲ့နောက် ဝန်ကြီးချုပ် David Cameron ရာထူးက အနားယူပြီးတဲ့နောက် ဗြိတိန်နိုင်ငံသမိုင်းမှာ ဒုတိယ အမျိုးသမီးဝန်ကြီးအဖြစ်နဲ့ Theresa May ဟာ ဗုဒ္ဓဟူးနေ့က ဝန်ကြီးအဖြစ် လာခဲ့ပါတယ်။

သူမ ဦးဆောင်တဲ့အစိုးရသစ်အနေနဲ့ အရင်ဝန်ကြီးချုပ် David Cameron ချမှတ် ဆောင်ရွက်ခဲ့တဲ့ အောင်မြင်တဲ့ လမ်းစဉ်တွေအတိုင်း ဆက်လက် ကျင့်သုံးသွားမယ်လို့ ဝန်ကြီးချုပ်အဖြစ် ပထမဆုံး ပြောကြားတဲ့ မိန့်ခွန်းအတွင်း Theresa May က ထည့်သွင်း ပြောကြားခဲ့ပါတယ်။

“ကျမ အခုပဲ Buckingham နန်းတော်က ပြန်လာတာပါ။ အဲဒီမှာ ဘုရင်မကြီး Elizabeth ဆီကနေ အစိုးရသစ်ဖွဲ့ဖို့အတွက် ခွင့်ပြုချက်ကို ရခဲ့ပါတယ်။ ကျမအနေနဲ့ ကောင်းမွန်တဲ့ ခေတ်သစ်ဝန်ကြီးချုပ် David Cameron ရဲ့ ခြေရာကိုနင်းရမှာ ဖြစ်ပါတယ်။ David Cameron ရဲ့ ခေါင်းဆောင်မှုအောက်မှာ အစိုးရအနေနဲ့ စီးပွားရေး တည်ငြိမ်အောင်အပြင် ဘတ်ဂျက်လိုငွေပြမှု လျှော့ချတာနဲ့ လူတွေ အလုပ်အကိုင် ပိုရအောင် စွမ်းဆောင်ပေးခဲ့နိုင်ပါတယ်။ ဒါပေမဲ့ David Cameron ရဲ့ အမွေအနှစ်ဟာ စီးပွားရေးသက်သက် မဟုတ်ပါဘူး။ သူ့ရဲ့အမွေအနှစ်ဟာ လူမှုရေး တရားမျှတမှု ဖြစ်ပါတယ်။ လိင်တူချင်း အိမ်ထောင်ပြုခွင့် အပါအဝင် ဝင်ငွေနဲသူတွေ ဝင်ငွေခွန် ပေးဆောင်စရာ မလိုတဲ့ အဆင့်ရောက်အောင် လုပ်ဆောင်ပေးခဲ့ပါတယ်။ အဲဒီလို David Cameron က တိုင်းပြည်တခုလုံးရဲ့ အစိုးရဖြစ်အောင် လုပ်ဆောင်ပေးခဲ့သလို ကျမကလည်း အဲဒီ အစီအစဉ်အတိုင်း ဆက်လက် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။”

အစိုးရသစ်အနေနဲ့ အခွင့်ထူးခံ လူတန်းစားတရပ်အတွက်သာ မဟုတ်ဘဲ လူတိုင်းအတွက် ဖြစ်စေရမယ်ဆိုတာကိုလည်း ဝန်ကြီးချုပ်သစ် Theresa May က ပြောပါတယ်။

“ကျမတို့တွေဟာ အရေးပါတဲ့ သမိုင်းကြောင်းတခုကို ဖြတ်သန်းနေကြတာ ဖြစ်ပါတယ်။ လူထုဆန္ဒခံယူပွဲပြီးတဲ့နောက်မှာ ကျမတို့ဟာ တတိုင်းပြည်လုံးအတိုင်းအတာနဲ့ ပြောင်းလဲမှုတွေကို ရင်ဆိုင်နေရပါတယ်။ ကျမတို့ဟာ ဗြိတိန်နိုင်ငံဖြစ်တဲ့အတွက် စိန်ခေါ်မှုတွေကို ရင်ဆိုင်သွားမှာ ဖြစ်ပါတယ်။ အီးယူထဲကနေ နှုတ်ထွက်တဲ့တချိန်ထဲမှာပဲ ကမ္ဘာ့အလယ်မှာ ကောင်းမွန် ပြောင်မြောက်တဲ့ တိုင်းပြည်ဖြစ်အောင် ကျမတို့ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ ဗြိတိန်နိုင်ငံဟာ အခွင့်ထူးခံ လူတန်းစား တချို့အတွက်မဟုတ်ပဲ လူတိုင်းအတွက် ဖြစ်စေရပါမယ်။ ကျမ ဦးဆောင်တဲ့ အစိုးရဟာ အဲဒီနည်းလမ်းကို ကျင့်သုံးတဲ့အစိုးရ ဖြစ်ပါမယ်။ ကြီးကျယ် မြင့်မြတ်တဲ့ ဗြိတိန်နိုင်ငံဖြစ်အောင် ကျမတို့ အတူ လုပ်ဆောင်ကြရအောင်ပါ။”

ရာထူးက အနားယူသွားတဲ့ ဝန်ကြီးချုပ် David Cameron ကတော့ သူ့ရဲ့ ဝန်ကြီးချုပ်အဖြစ် ပြောကြားတဲ့ နောက်ဆုံး မိန့်ခွန်းအတွင်း Theresa May ဟာ ဝန်ကြီးချုပ်အဖြစ်တဲ့ မှန်ကန်တဲ့ ဦးဆောင်မှုကို ပေးနိုင်လိမ့်မယ်လို့ ပြောပါတယ်။

“ဗြိတိန်နိုင်ငံရဲ့သမိုင်းမှာ ဒုတိယအကြိမ်အဖြစ်နဲ့ အမျိုးသမီးဝန်ကြီးချုပ်ဖြစ်လာတဲ့အတွက်ရော၊ ကွန်ဆာဗေးတစ်ပါတီက ဖြစ်တဲ့အတွက်ရော ကျနော့်အနေနဲ့ အင်မတန် ဝမ်းသာ အားရမိပါတယ်။ Theresa May အနေနဲ့ ကျွန်တော်တို့ကို ရွေးကောက် တင်မြောက်လိုက်တဲ့ ကွန်ဆာဗေးတစ် မူဝါဒကြေညာစာတမ်းနဲ့အညီ တိုင်းပြည်အတွက် ထက်မြက်တဲ့၊ တည်ငြိမ်တဲ့ ဦးဆောင်မှုကို ပေးနိုင်မယ့်သူဖြစ်တယ်လို့ ကျနော် ယုံကြည်ပါတယ်။ ဒါ့အပြင် ဗြိတိန်နိုင်ငံ အီးယူထဲကနေ အကောင်းဆုံးအနေအထားနဲ့ နှုတ်ထွက်နိုင်အောင် ဆွေးနွေးညှိနှိုင်းမှုတွေ အဆင်ပြေရေးအတွက်လည်း သူမကို ကျနော် ဆုတောင်းပေးပါတယ်။”

လန်ဒန်မြို့မှာ အခြေစိုက်နေထိုင်တဲ့ သမိုင်းပညာရှင် ဦးအောင်ခင်ကတော့ Theresa May ဟာ ယုံကြည်ချက်တခုကို မဆုတ်မနစ် အောင်မြင်အောင် လုပ်ဆောင်တတ်သူတဦးဖြစ်တယ်လို့ သုံးသပ်ပါတယ်။

“Theresa May က သူက အလုပ်တခုခုကို မဖြစ်မနေ လုပ်တတ်တဲ့ အကျင့်ရှိတာပေါ့။ အဲဒါမှာ သူ့နာမည်ရတာပဲ။ ဘာဖြစ်လို့လည်းဆိုတော့ လေဘာအစိုးရလက်ထက်တုန်းက နှင်ထုတ်လို့မရတဲ့ မူဆလင်တရားဟောဆရာတွေကို ဥရောပမှာရှိတဲ့ လူ့အခွင့်အရေးတရားရုံးချုပ်က လူ့အခွင့်အရေး ရှိတယ်ဆိုပြီးတော့ လုပ်တာကြောင့် နှင်ထုတ်လို့ မရဘူး။ အဲဒါကို Theresa May က သူက မရရအောင် အတင်းလုပ်ပြီးတော့၊ အတင်းနှင်ထုတ်တော့ အဲဒီလူတွေထဲက တယောက်က Middle East (အရှေ့အလယ်ပိုင်း) ကို ပြန်သွားတယ်။ တယောက်ကတော့ အမေရိကန် ပို့လိုက်လို့ အမေရိကန်က အခု ထောင်ချထားတယ်။ အဲဒါမျိုးတွေပေါ့လေ။ သူက သူများမလုပ်နိုင်တဲ့ဟာ မဖြစ်မနေ ဇွဲနဲ့ ပြတ်ပြတ်သားသားလုပ်နိုင်တဲ့ အကျင့်ရှိတယ်ဆိုပြီး သူ့ကို လူတွေက အထင်ကြီးတာပေါ့လေ။”

ဒေသစံတော်ချိန် ဗုဒ္ဓဟူးနေ့ နှောင်းပိုင်းမှာတော့ ဝန်ကြီးချုပ်သစ် Theresa May က သူ့အစိုးရအဖွဲ့အတွင်း ပါဝင်မယ့် အရေးပါတဲ့ ဝန်ကြီးတချို့ကို ထုတ်ပြန် ကြေညာလိုက်တာမှာ နိုင်ငံခြားရေးဝန်ကြီးအဖြစ် Brexit လို့ခေါ်တဲ့ အီးယူထဲကနေ ဗြိတိန်နှုတ်ထွက်ရေးအတွက် ဦးဆောင် လှုပ်ရှားခဲ့သူလည်းဖြစ်၊ လန်ဒန်မြို့တော်ဝန်ဟောင်းလည်းဖြစ်တဲ့ Boris Johnson ၊ အီးယူကနေ ဗြိတိန်နှုတ်ထွက်မှုအတွက် ကြီးကြပ်ကွပ်ကဲရမယ့် ဝန်ကြီးအဖြစ် David Davis ၊ ကာကွယ်ရေးဝန်ကြီးအဖြစ် Michael Fallon နဲ့ အရင် David Cameron အစိုးရလက်ထက်အတွင်း ကာကွယ်ရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ Philip Hammond ကို ဘဏ္ဍာရေးဝန်ကြီးအဖြစ် ခန့်အပ်လိုက်ပါတယ်။

ဝန်ကြီးချုပ် David Cameron အစိုးရအဖွဲ့အတွင်း ပြည်ထဲရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ Theresa May ဟာ ဗြိတိန် အီးယူထဲမှာ ဆက်လက်တည်ရှိရေးကို ထောက်ခံခဲ့သူ ဖြစ်ပေမယ့်လည်း ဗြိတိန်လူထုရဲ့ ဆန္ဒအတိုင်း ဝန်ကြီးချုပ်တဦးအနေနဲ့ အီးယူထဲကနေ နှုတ်ထွက်ရေးကိစ္စတွေကို ဆက်လက် အကောင်အထည်ဖော်သွားမှာ ဖြစ်ပါတယ်ခင်ဗျာ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG