သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဦးဝင်းတင်ရဲ့ လူ့ငရဲ


ဧပြီ ၂၆၊ ၂၀၁၇ - ဒီသတင်းပတ် မျက်မှောက်ရေးရာ ဆွေးနွေးခန်းမှာ NLD ပါတီ ခေါင်းဆောင်၊ သတင်းစာဆရာကြီး ဦးဝင်းတင် ရဲ့ "ဘာလဲဟဲ့ လူ့ငရဲ" စာအုပ်အကြောင်းကို ဦးကျော်ဇံသာ က ဆက်သွယ်မေးမြန်း ဆွေးနွေးတင်ပြ ပေးထားပါတယ်။

ဦးဝင်းတင်ရဲ့ လူ့ငရဲ
please wait

No media source currently available

0:00 0:11:49 0:00
တိုက်ရိုက် လင့်ခ်


ဒီတပတ် မြန်မာ့မျက်မှောက်ရေးရော သုံးသပ်ချက်အစီအစဉ်မှာ သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင် က အသက် (၈၀) ပြည့်နှစ် မွေးနေ့အထိမ်းအမှတ်အဖြစ် ထုတ်ဝေလိုက်တဲ့ "ဘာလဲဟဲ့ လူ့ငရဲ" အမည်ရှိ စာအုပ်ဟာ မတရားတာ ခေါင်းငုံ့ မခံဘဲ အမှန်အတိုင်း တင်ပြတာဖြစ်ပြီး ဒေါသနဲ့ ရေးတာ မဟုတ်ဘဲ ဒေါသဆိုတာ ပါခဲ့ရင်တောင်မှ ကရုဏာဒေါသောသာ ဖြစ်ကြောင်း ပြောခဲ့ပါတယ်။ ဒီစာအုပ်ဟာ ဦးဝင်းတင် ဖမ်းဆီးအချုပ်ခံကာလ အနှစ် (၂၀) ထောင်တွင်း အတွေ့အကြုံတွေကို ရေးသားထားတာဖြစ်ပြီး ၂၀၁၀ မတ်လ ဒုတိယအပတ်မှာ ထုတ်ဝေခဲ့တာပါ။ ဒီစာအုပ်နဲ့ ပတ်သက်လို့ ဆရာကြီး ဦးဝင်းတင် ကို ဦးကျော်ဇံသာ က ဆက်သွယ်မေးမြန်းခဲ့တာကို ဦးဝင်းတင်ကွယ်လွန်ခြင်း ၃ နှစ်မြောက်အထိန်းအမှတ်အဖြစ် ဒီသတင်းပတ် မျက်မှောက်ရေးရာ ဆွေးနွေးခန်းမှာ ပြန်လည်ထုတ်လွှင့်လိုက်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဟံသာဝတီ ဦးဝင်းတင် အမည်နဲ့ ထုတ်တဲ့ စာအုပ်အမည်က "ဘာလဲဟဲ့ လူ့ငရဲ" ဆိုတာ ရေးထားပါတယ်။ ဆရာရဲ့ ထောင်တွင်းအကျဉ်းသားဘဝ။ ခေါင်းစဉ်ကို ကြည့်ရတာတော့ ဆရာဟာ ကြုံတွေ့ခဲ့ရတဲ့ ငရဲတမျှ ဆင်းရဲတဲ့ဘဝကို ဘာလဲဟဲ့ ဆိုတာ ကြံ့ကြံ့ခံပြီးတော့ စိန်ခေါ်ထားတဲ့ သဘောနဲ့ ရေးတယ်လို့ ထင်ပါတယ်။

ဦးဝင်းတင် ။ ။ ဟုတ်ပါတယ်။ အဲဒီ သဘောပါ။ ကျနော့် ကြုံးဝါးချက်။ ကျနော်တို့ ငယ်ငယ်တုန်းက လောကဓံ ဦးထွန်းလှရဲ့ ဘာလဲဟဲ့ လောကဓံ ဆိုတဲ့စကားလေးက ကျနော့်ခေါင်းထဲမှာ စွဲနေလို့ ကျနော်ပြန်ပြီး ကြုံးဝါးတာပါ။

ဦးကျော်ဇံသာ ။ ။ ဆရာ ဒီစာအုပ်ကို ရေးတဲ့အခါ စာရေးဆရာတယောက်အနေနဲ့ အဲဒီအချိန်မှာ ဘယ်လိုစေတနာများ ဖြစ်နေပါသလဲ။

ဦးဝင်းတင် ။ ။ အဲဒီ စေတနာကတော့ ဟိုသတင်းစာထဲမှာ ကျနော့်စာအုပ်နဲ့ ပတ်သက်ပြီး ပြင်းပြင်းထန်ထန် ပုတ်ခတ်တာ တွေကို ဖြေရှင်းတာ မရှိပါဘူး။ ဒါပေမဲ့ ကျနော်ပြောချင်တဲ့ဟာကတော့ စေတနာက ဒီနေ့ ဒီစစ်အစိုးရက နှစ်ပေါင်းများစွာ နိုင်ငံရေး အကျဉ်းသားတွေ (သို့မဟုတ်) ထောင်တွင်းတွေထဲမှာ လူတွေကို ညှဉ်းပန်းတယ်၊ နှိပ်စက်တယ်၊ လူ့အခွင့်အရေး တွေကို ချိုးဖောက်တယ်၊ ဖျက်ဆီးတယ်ဆိုတာက ကြာပြီဗျ။ အဲဒီဟာတွေကို ကျနော်က မှတ်တမ်းတင်ချင်တယ်။ ဒါတွေဟာ လူမဆန်တာတောင် မဟုတ်ဘူး၊ တိရစ္ဆာန်တောင် မဆန်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ တိရစ္ဆာန်ကမှ တိရစ္ဆာန်အချင်းချင်း ညှာသေးတယ်။ တိရစ္ဆာန်အချင်းချင်း သတ်စားစရာလိုလို့ သတ်စားတဲ့ သူရဲ့ သဘာဝလိုအပ်ချက်သာ လုပ်တယ်။ ညှင်းပန်းချင်လို့ (သို့မဟုတ်) စစ်ကြောချင်လို့ မလုပ်ဘူး။ ဒီမှာကတော့ ထောင်တွေမှာဖြစ်နေတာက စစ်ကြောရေး စစ်ထောက်လှမ်းရေးတို့ လုပ်သွားတဲ့ ပုံသဏ္ဍာန်ပေါ့။ ကျနော်တို့မှာ လူ့အခွင့်အရေး မပြောနဲ့ ထောင်တွေထဲမှာ ခွေးအခွင့်အရေး၊ နွားအခွင့်အရေးတောင် မရအောင် ဖြစ်နေတယ်။ အဲဒါတွေကို ကျနော်က ပြောပြချင်တာပါ။

ဦးကျော်ဇံသာ ။ ။ ဆရာပြောတဲ့ အဲဒီ ဆောင်းပါးထဲမှာ ဒေါသပေါက်ကွဲနေတာ တွေ့ရတယ် ဘာညာဆိုတော့ ဆရာအနေနဲ့ ဒီစာအုပ်ကို ရေးတာ တကယ် ဒေါသပေါက်ကွဲ နေသလား။

ဦးဝင်းတင် ။ ။ ဒီလိုတော့ ပြောရမယ်ထင်တယ်။ ကျနော့် ဒေါသက ဘာလဲဆိုရင် ဗမာစကားလည်း ရှိပါတယ်။ ကရုဏာ ဒေါသော - ဒေါသတော့ ဒေါသ၊ ကရုဏာတွေလည်း ရှိပါတယ်။ ကရုဏာတွေဆိုတာ ခံရတဲ့လူတွေအတွက်လည်း ကရုဏာ ဖြစ်တယ်။ နှိပ်စက်ညှဉ်းပန်းတဲ့ လူတွေအတွက်လည်း ဘာပဲပြောပြော ကရုဏာဖြစ်တယ်။ အဲဒီလူတွေဟာ တိရစ္ဆာန် မဆန်တဲ့ အပြုအမူတွေကို ပြုမူလောက်အောင် ဖြစ်နေရတဲ့ဟာက ဒီစစ်အာဏာရှင်တွေက ခိုင်းတိုင်း လုပ်နေရလို့။ ခိုင်းတိုင်း လုပ်နေကာ လူစိတ်ကိုပျောက်ပြီး လူမဆန်ဘဲ လုပ်နေတဲ့ဟာကြောင့် ကျနော်က သတင်းစာတွေမှာ စွပ်စွဲသလို ဒေါသဆိုတာတော့ ရှိရင်လည်းရှိမယ်။ မရှိဘူးလို့လည်း ကျနော် မငြင်းချင်ပါဘူး။ ဒါပေမဲ့ အဲဒီဒေါသက ကရုဏာဒေါသော လို့သာ ပြောချင်ပါတယ်။ သူတို့ကို ပြင်စေချင်တဲ့ဆန္ဒနဲ့ သူတို့ဟာ နည်းနည်းလေး တိရစ္ဆာန်ဆန်နေတဲ့ နေရာကနေ လူဆန် လာအောင် လုပ်စေချင်တဲ့ ကရုဏာနဲ့ ဖြစ်စေချင်တဲ့ ဒေါသလို့ ပြောချင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဒါပေမဲ့ ဆရာက အဲဒီဒေါသလို့ဆိုတယ်၊ ဆရာကိုယ်တိုင် ကြုံတွေ့ခဲ့ရတဲ့၊ ခံစားခဲ့ရတဲ့ ဆိုးဝါးတဲ့ ညှဉ်းပန်း နှိပ်စက်မှုကို မဖော်ပြပါဘူး။ ဒီမှာသာမကဘူး၊ ထိန်းသိမ်းခံကာလတုန်းက ပါမောက္ခ ပီညဲရိုး (Paulo Sergio Pinheiro) က ပြောပါတယ်၊ ဦးဝင်းတင် ဟာ သူ့ကိုယ်ရေးကိုယ်တာအရေး တခါမှ မပြောဘူး။ တိုင်းပြည်အတွက်နဲ့ သူများအတွက်သာ ပြောတဲ့အကြောင်း တလေးတစား ပြောပါတယ်။ ဒီစာအုပ်မှာ ကိုယ်ရေးကိုယ်တာ ဖော်ပြထားတာ မတွေ့ပါဘူး။ အဲဒါကိုရော ဖော်ပြသင့်တယ်လည်း မထင်ဘူးလား။

ဦးဝင်းတင် ။ ။ ကျနော် မဖော်ပြဘူးလို့တော့ မဟုတ်ဘူး၊ ကျနော် ဖော်ပြပါတယ်။ ဆိုပါတော့ ကျနော် စစ်ကြောရေးတွေ ရောက်တဲ့အခါ ကျနော်ကို ညှဉ်းပန်းတာတွေကို ပြောတယ်။ ဥပမာ အလွယ်ဆုံး နမှုနာတခုပြောရင် ကျနော့်ကို ၁၉၉၀ လောက်မှာ သွားတွေ ရိုက်ချိုးတယ်။ အဲဒီလို ခပ်ကြမ်းကြမ်း သွားတွေ ရိုက်ချိုးတယ်။ သွားတချောင်းမှ မရှိဘဲနဲ့ ထောင်ထဲမှာ ၁၉၉၈ နှစ်အထိ ရှစ်နှစ်လုံးလုံး နေခဲ့ရတယ်။ သို့သော် ကျနော်ဟာ တခြားလူတွေ ခံရတာတွေသာ ပြောချင်တယ်၊ ကိုယ့်အကြောင်း သိပ်မပြောချင်ဘူး။ ကိုယ့်အကြောင်းနဲ့ပြောရင် ကိုယ့်ခံရတာတွေ၊ ကြုံတွေ့ခဲ့ရတာတွေ၊ ကိုယ့်ရဲ့ ဒေါသ တွေလို့ ဖြစ်နေမယ်။ ကျနော်က တခြားလူတွေ ခံရတာကို ပြောချင်တယ်။ နောက်တချက် ပြောချင်တာက ကျနော်ထင်တယ် ကျနော်ခံရတာက နည်းတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ကျနော် ထောင်ထဲရောက်တဲ့အချိန်မှာ အသက် (၆၀) ကျော်နေပြီ ဆိုတော့ ကျနော်က အများကြီးသက်သာတယ်လို့ ထင်တယ်။ ကျနော်ထက် ဆိုးတဲ့လူတွေ အများကြီး။ လူငယ်တွေ ညှဉ်းပန်း နှိပ်စက် ခံရတာ။ လူငယ်တွေကို အငတ်အပြတ်ထားတာ၊ လူငယ်တွေကို စိတ်ဓါတ်ပျက်ပြားအောင်၊ စိတ်ဖောက်ပြန်အောင် လုပ်တာတွေနဲ့ ယှဉ်တဲ့အခါကျတော့ ကျနော်ရဲ့ ခံစားချက်တွေက အလွန် နည်းပါတယ်။ အဲဒါကြောင့် ကျနော့် ခံစားချက် တွေကို အခုနပြောတဲ့ သွားတချောင်းမှမရှိဘဲနဲ့ ရှစ်နှစ်လောက်ကို သွားစိုက်ခွင့်လည်း မပေး၊ အဲဒီလို နှိပ်စက်ခဲ့တဲ့ဟာတွေ။ နောက်တော့ ကျနော်ကို နှင်းတောထဲမှာ ညလုံးပေါက် ထားတဲ့ဟာတွေ၊ ကျနော်ရဲ့ လက်တွေခြေတွေကို ဒေါ်အောင်ဆန်းစုကြည် နဲ့ ကျနော် အခန်းကဏ္ဍ "ရုပ်မသေး ကြိုးမကိုင် (စာမျက်နှာ - ၂၂၂)" မှာ ပါတယ် - ကျနော့်ကို ရိုက်နှက် ဘာညာလုပ်၊ ထိုးကြိတ်လုပ်တာ၊ ကျနော့် သွေးတွေ ထွက်တာရှိတယ်၊ လက်ကျိုးတာတွေ ရှိတယ်။ ဒီဟာတွေကို ပြောသင့်သလောက်ပဲ ပြောပါတယ်၊ အများကြီးမပြောပါဘူး။ မပြောတဲ့အကြောင်းကတော့ မစ္စတာပီညဲရိုး (Pinheiro) က တခြားလူတွေအကြောင်းကို ပြောဖော်ရတယ်ဆိုတဲ့အတွက် ဂုဏ်တင်ပြောဆိုတာကို ကျေးဇူးတင်ပါတယ်။ သို့သော် ကျနော် ပြောချင်တာက အခုလို ဂုဏ်တင်ခံချင်လို့ ပြောတာမဟုတ်ဘူး။ ကျနော်ရဲ့ ညှဉ်းပန်းနှိပ်စက်ခံရမှုတွေက ကျန်တဲ့လူတွေ၊ လူငယ်တွေ၊ ကျောင်းသားတွေ၊ နိုင်ငံရေးသမားတွေ၊ အန်အယ်လ်ဒီ လူငယ်တွေ ထက် အများကြီးသက်သာလို့ ကျနော့်အရေးကို ထုတ်မပြောဘဲနဲ့ နည်းနည်းပဲ ပြောတာပါ။ ကျန်တဲ့လူတွေဟာ အများကြီးခံရပါတယ်လို့ ပြောချင်တာ ဖြစ်ပါတယ်။

ဦးကျော်ဇံသာ ။ ။ မဟုတ်ဘူး ဆရာ။ ကျနော်ကလည်း တကယ်တော့ ထောင်တွင်းမှာ ကြုံတွေ့ခံရတဲ့ လူတွေရဲ့ စာအုပ် စာတမ်းတွေလည်း ဖတ်ဖူးပါတယ်။ သူတို့ရေး၊ ပြောဆိုတဲ့ မှတ်တမ်းတွေကိုလည်း ကြားဖူးပါတယ်။ သွားကို ရိုက်ချိုးတာ တော့ မကြားခဲ့ဘူး။ ရိုက်တယ်၊ နှက်တယ်၊ ကန်ကြောက်တယ်၊ လက်ကျိုးသွားတာတွေ ရှိတယ်။ ဒါပေမဲ့ သွားကို ရိုက်ချိုး တယ်ဆိုတာ အတော်ရက်စက်တဲ့ အလုပ်ဖြစ်တယ်။

ဦးဝင်းတင် ။ ။ ဒီလိုတော့ တခုရှိတယ်။ ကျနော့် စကားအသုံးအနှုန်းက ဒဲ့ဒိုးကြီး ဖြစ်မယ်။ သွားရိုက်ချိုးတယ်ဆိုတာ ရိုက်လို့ သွားကျိုးတယ်လို့ ပြောင်းပြန် ပြောရလိမ့်မယ်။ ကျနော် ပြောတဲ့ဟာက ဒီ စစ်ကြောရေးတို့မှာ ခေါင်းစွပ်ထားတာ။ မေးတာ မရရင် တကောင်က တဗိုလ် လက်သီးထိုးလုပ်တာဆိုတော့ ကျနော့်သွားတွေက အသက် (၆၀) ကျော်ပြီးဆိုတော့ သွား ရိုက်ချိုးသလို ဖြစ်တယ်။ ဒီစကားက နည်းနည်း ကြမ်းတယ်၊ ပြင်းထန်တယ်ဆိုရင် သွားကိုရိုက်ချိုးတယ်လို့ မပြောချင်ရင် ရိုက်လို့ သွားကျိုးတယ်လို့ ပြောပါ။ ကျိုးတာကတော့ ကျိုးတယ်လို့ ပြောချင်ပါတယ်။ ရိုက်လို့ကျိုးတာလား၊ ရိုက်ချိုးတာလား ဆိုတာကတော့ ဗမာစကားမှာ ကျနော်ပြောတာ တမျိုးဖြစ်သွားရင်တော့ ဖြစ်သွားမှာပေါ့။ သေချာတာ ပြောနိုင်တာကတော့ ကျနော် (၈) နှစ်လုံးလုံး သွားမရှိဘဲ နေရပါတယ်။ ၁၉၉၀ ကနေ ၁၉၉၈ ခုနှစ်အထိ ရန်ကုန်ဆေးရုံကြီးကို ရောက်တဲ့အခါမှာ နောက်ဆုံးပိတ် သွားတက္ကသိုလ်က ဆရာဝန်တွေခေါ်ပြီး စိုက်ပေးကြပါတယ်။ အဲဒီ ရန်ကုန်ဆေးရုံကြီးမှာ စိုက်ပေးလိုက်တဲ့ ဆရာဝန်တွေကိုလည်း ဒီနေ့အထိ ကျေးဇူးတင်နေတုန်းပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ စိုက်ပေးလိုက်တဲ့ သွားဖုံး အန်ကပ်ကြီးဟာ ကျနော့်ပါးစပ်ထဲမှာ အခုထိ ရှိတုန်းပါ။ အဲဒါတွေကို ကျနော်က ဘယ်လိုလုပ်ချင်သလဲဆိုတော့ အကြောင်းကြောင်းကြောင့် ဘယ်မှာသေသေ - ထောင်ထဲမှာသေသေ၊ အပြင်မှာသေသေ - အဲဒီသွားကြီးကို အပြင်မှာ ပြတိုက်လေး ဘာလေးရှိရင် လှူချင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဆရာ သွားမရှိဘဲ (၈) နှစ်လုံးလုံးက သွားမရှိဘဲ စားလို့ရတဲ့ အစာပျော့ပျော့တွေ ဘာတွေ အထွေအထူး လုပ်ပေးတာ မရှိဘူးလား။

ဦးဝင်းတင် ။ ။ ရယ်စရာတွေ မပြောတောင်၊ ရယ်စရာတွေ အတော်မေးတဲ့လူလို့ ပြောရမလို ဖြစ်နေပြီ။ ဘယ်ဗျာ... ကျနော်တို့မှာ ဆန်လုံးတီးလိုဟာမျိုး စားနေရတာ။ ဒီထဲ သဲက ပါသေးတယ်။ ဆန်ပြုပ်တို့ ဘာတို့ ဘယ်ရမလဲ။ ဘာမှ မပေးပါဘူး။ ထောင်မှာ ဒီလောက်သာ လူစိတ်ရှိရင် ကျနော်ရဲ့ "ဘာလဲဟဲ့ လူ့ငရဲ" စာအုပ်တောင် ထွက်စရာ မရှိပါဘူး။ ကျနော်ကပြောတယ်၊ မင်းတို့ အာဏာရှင်တွေ လုပ်တဲ့ဟာတွေ တနေ့သောအခါမှာ အရိုးတွန်လိမ့်မယ်လို့ ကျနော် ပြောခဲ့ ပါတယ်။ အခု ကျနော်ရေးတဲ့ စာအုပ်ကလည်း အရိုးတွန်ခြင်း ဖြစ်ပါတယ်။ ဒါတောင်မှ သံသရာ ဆုံးချင်မှ ဆုံးမယ်။ နောက်ထပ်များ လူ့ငရဲ၌ ဝဲလည်ခြင်း ဆိုတာများ ပြန်ပြီး နောက်တအုပ် ရေးရမလား မသိဘူး။ ကျနော်လည်း သေမှာ မဟုတ်သေးဘူး။ ဒီ ထောင်တို့ ဘာတို့နဲ့ ကြုံတွေ့ရလိမ့်မယ်။ ကျနော်ကလည်း ဒီလို မတရားမှုတွေကိုတော့ တခြားဟာတွေ မလုပ်တတ်တာ ရှိမယ်၊ တခြားဟာတွေ မလုပ်ရဲတာ ရှိမယ်။ တခြားဟာတွေ လုပ်ချင်စိတ် မရှိကောင်း မရှိချင်စိတ်ရှိမယ်။ ဒါပေမဲ့ မတရားမှုတွေ လူမဆန်တဲ့ဟာတွေ၊ ရက်စက်မှုတွေ၊ ကြမ်းကြုတ်မှုတွေ၊ ညှဉ်းပန်းနှိပ်စက်မှုတွေကိုတော့ ကျနော် ကတော့ မသေမချင်း၊ ကျနော့်လက်ထဲမှာ ကလောင်ကိုင်ခွင့် ရှိသမျှ ကာလပတ်လုံး ကျနော်ကတော့ ရေးသွားပါမယ်။ အဲဒါကို ဦးကျော်ဇံသာကတဆင့် ပြောချင်ပါတယ်။ ဒီစာအုပ်က အမုန်းတရားနဲ့ ယှဉ်ပြီး ရေးခြင်းမဟုတ်ပါဘူး။ အနှစ်ကတော့ ကျနော့်မှာ ဒေါသ ရှိကောင်းရှိမယ်။ ဒါပေမဲ့ အဲဒီဒေါသက ကရုဏာဒေါသောပါ။ ကျနော်ပြောချင်တာက ကျနော့်အကြောင်းဆိုတာထက် ကျန်တဲ့လူတွေ နှိပ်စက်ညှဉ်းပန်းခံရတာ။ ဒါတောင်မှ စတိ (အရိပ်အမြွက်) ပါ။ ဒီထက်မက ဆယ်ဆလောက် ရေးလို့ရတယ်လို့ ပြောချင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဆရာ ဒီစာအုပ်ကိုရေးတော့ အာဏာပိုင်တွေက ဘယ်လို တုံ့ပြန်လာလိမ့်မယ်လို့ ထင်ခဲ့ပါသလဲ။ အစတုန်းက အာဏာပိုင်တွေ ငါတို့လုပ်နေတာ လွန်နေပါလား။ ပြုပြင်ရကောင်းမှန် သိလာလိမ့်မယ်လို့ ထင်မိပါသလား။ သို့တည်းမဟုတ် ဒီလိုပဲ ဆရာကို ပြင်းပြင်းထန်ထန် တုံ့ပြန်ရေးသားလာလိမ့်မယ်လို့ ထင်သလား။ ဘယ်လို မျှော်လင့်ခဲ့ ပါသလဲ။

ဦးဝင်းတင် ။ ။ ကျနော် မျှော်လင့်တာကတော့ ကျနော်ကို နောက်ထပ်ခေါ်ပြီးတော့ စိုက်ထားတဲ့ သွားကြီး အန်ကပ်ကြီး ကျိုးကြေသွားအောင် ထပ်ပြီးချမယ်လို့ မျှော်လင့်ထားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဆီက ပြုပြင်ချင်တဲ့စိတ်၊ ပြောင်းလဲချင်တဲ့စိတ်၊ စာနာချင်တဲ့စိတ်၊ ကူညီချင်တဲ့စိတ် (သို့မဟုတ်) မှားသမျှလွန်သမျှ ဝန်ချပါတယ်ဆိုတဲ့ စိတ်မျိုးတွေ ဘယ်တော့မှ ပေါ်မှာမဟုတ်ဘူး။ ငါ ဒီစာအုပ်ရေးတဲ့အတွက် ငါ့ကို ဖမ်းနိုင်သေးတယ်။ ငါ့ကို ဖမ်းလိမ့်အုံးမယ်။ ငါကို အပုတ် ချလိမ့်မယ်၊ ရန်ရှာလိမ့်မယ်ဆိုတဲ့ဟာတွေ မျှော်လင့်ပါတယ်။ ကျနော်ထင်တဲ့အတိုင်းပါ၊ ဗုံးခွဲမှုနဲ့ ပတ်သက်ပြီး ရေးတဲ့ ဆောင်းပါးထဲ ကျနော့်ကို ခြိမ်းခြောက်တဲ့ စာစကားတွေ အများကြီးပါနေပါတယ်။ ကျနော်ကို ထောင်ထဲပြန်သွင်းဖို့ ခြိမ်းခြောက်မှုတွေ ပေါ်နေပါပြီ။ ကျနော်ကတော့ ခြိမ်းခြောက်မှုတွေတော့ မကြောက်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျနော် အခု အသက်လည်း (၈၀) ကျော်ပါပြီ။ ဒီခြိမ်းခြောက်မှုတွေ ကြောက်မှဖြင့် ကျနော် ဒီစာအုပ်တွေ ဘယ်ရေးမလဲ။ ဒီ အာဏာရှင်တွေနဲ့ ထိပ်တိုက် ပြည်သူ့တရားခွင်မှာ ရှင်းမပြနိုင်ရင်၊ ငြင်းချက်မထုတ်နိုင်ရင် ကျနော် ဒီစာအုပ်ကို ဘယ်ရေးမလဲ။ ဒီ စစ်အစိုးရကို ကျနော် ပြောချင်တာကတော့ ခင်ဗျားတို့ ဒါတွေကို ရှင်းပါ၊ ငြင်းပါ။ သို့မဟုတ်လည်း ခင်ဗျားတို့ ကျနော်ကို အပုတ်ချမနေပါနဲ့ ဒါတွေနဲ့ ပတ်သက်ပြီး ရှင်းခြင်း၊ ငြင်းခြင်း မလုပ်နိုင်ရင် ပြင်ပါလို့ ပြောချင်တယ်။

ဦးကျော်ဇံသာ ။ ။ ကျနော် နောက်ဆုံးမေးချင်တာက ဒီလိုစနစ်ဆိုး၊ ဒီလို လူမဆန် ညှဉ်းပန်းနှိပ်စက်တဲ့ စနစ်ဆိုးက ဘယ်တော့မှ ကွယ်ပျောက်မယ် ထင်ပါသလဲ။ ဒီမိုကရေစီ အပြောင်းအလဲဖြစ်တာနဲ့ ချက်ချင်း ပျောက်ကွယ်နိုင်ပါသလား။

ဦးဝင်းတင် ။ ။ ပြောင်းရမှာပေါ့၊ ပျောက်ရမှာပေါ့။ ပျောက်ဖို့ကို မယုံလို့ရှိရင် ကျနော်တို့ ဒီလိုစာတွေ ဘယ်ရေးတော့မလဲ။ င့ုံခံဖို့ ရှိတော့တာပေါ့။ ဒီလိုမျိုး ငုံ့မခံသရွေ့ ကျနော်တို့တတွေ ဒီ အာဏာရှင်တွေကို အာခံနေ၊ အံ့တုနေသမျှကာလပတ်လုံး ဒီလူတွေဟာ တနေ့သောအခါမှာ ပြုတ်ကျရမှာ။ ဒါက ကမ္ဘာပေါ်မှာကြည့်ပါ ဟစ်တလာ၊ မူဆိုလိုနီ အများကြီး ပြုတ်ကျသွား ခဲ့ပြီ။ ဗမာပြည်မှာဆို ဦးနေဝင်းလို လူ ပြုတ်ကျသွားခဲ့တယ်။ ကျနော်တို့ ယုံတယ်။ ဒါလုပ်တာ အမုန်းတရားနဲ့ လုပ်နေတာ မဟုတ်ဘူး။ မတရားမှုတွေဟာ ပြိုကွဲရမယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ လုပ်ဆောင်နေတာ။

XS
SM
MD
LG