သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘယ်-ညာမောင်း ယာဉ်နှစ်မျိုးစလုံး ပြန်လည်တင်သွင်းခွင့်ပြု


သီလဝါဆိပ်ကမ်းမှာ တင်သွင်းလာတဲ့ ကားများ
သီလဝါဆိပ်ကမ်းမှာ တင်သွင်းလာတဲ့ ကားများ

ဘယ်မောင်းစနစ် မော်တော်ယာဉ်တွေကိုပဲ တင်သွင်းခွင့်ပြုမယ်ဆိုတဲ့ ကားတင်သွင်းခွင့် မူဝါဒကို အစိုးရဘက်က အချိန် အကန့်အသတ်နဲ့ ဖြေလျှော့ပေးဖို့ သဘောတူလိုက်တာကြောင့် ကားဈေးတွေ ပြန်ကျလာဖို့ အလားအလာ ရှိတယ်လို့ ကားဝယ်ရောင်း အသိုင်းအဝိုင်းက ပြောဆိုပါတယ်။

နိုင်ငံတွင်းမှာ ဒီနှစ်ဆန်းကစလို့ ဘယ်မောင်းကားတွေပဲ တင်သွင်းခွင့် ပေးတော့မယ်ဆိုတဲ့ သတ်မှတ်ချက်ကြောင့် နိုင်ငံတွင်း တင်သွင်းထားပြီးသား ယာဉ်တွေ မှတ်ပုံတင်ခွင့် မရဖြစ်နေပြီး ကားဈေးကွက်လည်း အေးစက်သွားခဲ့တာ ဖြစ်ပါတယ်။ ကားတင်သွင်းခွင့် မူဝါဒကို အချိန် အကန့်အသတ်နဲ့ ဖြေလျှော့ပေးလိုက်တာကြောင့် ကားဈေးကွက်အတွင်း ဘာတွေ ပြောင်းလဲလာနိုင်လဲ ဆိုတာကိုတော့ မသိင်္ဂီထိုက် က စုစည်းတင်ပြထားပါတယ်။

မော်တော်ယာဉ်ဥပဒေ ပုဒ်မအရ ဘယ်မောင်း မော်တော်ယာဉ်တွေပဲ တင်သွင်းခွင့် ပြုတော့မယ်ဆိုတဲ့ သတ်မှတ်ချက်ကို မြန်မာအစိုးရဘက်က ဒီနှစ်ကုန်ပိုင်းအထိ ဖြေလျှော့ပေးလိုက်တာကြောင့် ဘယ်မောင်းစနစ်ရော ညာမောင်းစနစ် မော်တော်ယာဉ်တွေပါ ပြန်လည် တင်သွင်းခွင့် ရရှိသွားပြီ ဖြစ်ပါတယ်။ မြန်မာအစိုးရ တာဝန်ရှိသူတွေနဲ့ မော်တော်ယာဉ် ထုတ်လုပ်သူများနှင့် ဖြန့်ဖြူးရောင်းချသူများ အသင်းတို့ နေပြည်တော်မှာ အင်္ဂါနေ့က တွေ့ဆုံဆွေးနွေးပြီး သဘောတူညီမှု ရခဲ့တာ ဖြစ်တယ်လို့ အသင်းဥက္ကဌ ဒေါက်တာ စိုးထွန်းက ပြောပါတယ်။

“အရင်တုန်းကတော့ ဘယ်မောင်း ဒီ ၂၀၁၄၊ ၁၅၊ ၁၆ အသစ်တွေပဲ သွင်းဖို့ လုပ်ထားတာပေါ့နော်။ အခုကတော့ ကျနော်တို့က အသစ်ကလွဲရင် ကျန်တဲ့ကားတွေတော့ ဘယ်ရော၊ ညာရော နှစ်ဘက်စလုံး တင်သွင်းခွင့် ပြုခဲ့တာပေ့ါနော်။ နောက် ၂၀၁၅ ခုနှစ် ရခဲ့တဲ့ လိုင်စင်တွေကိုလည်း ဒီ ၂၀၁၆ မှာ နှစ်ကုန်အထိကို ကျနော်တို့က မှတ်ပုံတင်ခွင့်ပြုမယ်ဆိုတဲ့ အချက်ပေါ့နော်။ အဲဒါတော့ ထူးခြားတဲ့ဟာ။”

ဘယ်မောင်းရော ညာမောင်းယာဉ်ရောပါ ဒီနှစ်ကုန်အထိ ပြန်လည်တင်သွင်းခွင့် ပေးလိုက်တာကြောင့် ကားဈေး ပြန်ကျလာနိုင်သလို ကုန်တင်ကားတွေ၊ ခရီးသည်တင် ကားတွေရော ပြည်ပက လှူဒါန်းထားတဲ့ ညာမောင်းယာဉ်တွေအတွက်ပါ အဆင်ပြေသွားမှာ ဖြစ်တယ်လို့ မော်တော်ယာဉ် ထုတ်လုပ်သူများနဲ့ ဖြန့်ဖြူးရောင်းချသူများအသင်း ဥက္ကဌ ဒေါက်တာ စိုးထွန်းက ပြောပါတယ်။

“အရင်တုန်းကတော့ ၂၀ ရာခိုင်နှုန်းလောက် တက်တာပေါ့။ အခုကတော့ ပုံမှန်အတိုင်း ပြန်ဖြစ်နိုင်တယ်။ လက်ရှိအနေအထားတော့ ကျနော်တို့က ဘယ်ညာမခွဲခြားပဲ သူတို့အဆင်ပြေအောင် ဝယ်လို့ရမယ့်အချက်ရယ်၊ နောက် ဒုတိယအချက် အရင်တုန်းက ကျနော်တို့က ၂၀၁၃ ခုနှစ်ထိကို ကျနော်တို့က စလစ်ကပ်ရမယ်ဆိုတော့ စရိတ်တွေ ကုန်ကျစရိတ်ရှိတာပေါ့။ အခုက အရင်လိုပဲ ကျနော်တို့က ဒီ personal permit ခေါ်တယ် အဲဒါနဲ့ပဲ သုံးစွဲလို့ရမှာဖြစ်တဲ့အတွက်ကြောင့်မို့ ကားဝယ်စီးတဲ့သူတွေအတွက်က ပိုအဆင်ပြေသွားမယ်လို့ ထင်ပါတယ်။”

မော်တော်ယာဉ် ဥပဒေပုဒ်မ အရ ၂၀၁၆ ခုနှစ် အတွင်း တင်သွင်းမယ့် မော်တော်ယာဉ်တွေကို ယာဉ်အိုယာဉ်ဟောင်း အစားထိုးယာဉ် တင်သွင်းသူတွေကအပ ကျန်တဲ့ မော်တော်ယာဉ်တွေအားလုံး ဘယ်မောင်းစနစ် ၂၀၁၄ ခုနှစ်ကနေ ၂၀၁၆ ခုနှစ်အတွင်း ထုတ်လုပ်တဲ့ ကားသစ်တွေကိုသာ တင်သွင်းခွင့် ပြုမယ်လို့ ဒီဇင်ဘာလ တတိယပတ်က မြန်မာအစိုးရက ကြေညာခဲ့ပြီးနောက် ပြီးခဲ့တဲ့နှစ်အတွင်း နိုင်ငံတွင်းမှာ တင်သွင်းရောင်းချနေဆဲ မော်တော်ယာဉ်သစ်တွေ မှတ်ပုံတင်ခွင့်မရ ဖြစ်နေသလို ကားဈေးလည်း မူလပေါက်ဈေးထက် ၂၀ ရာခိုင်နှုန်းလောက် တက်သွားခဲ့တာ ဖြစ်ပါတယ်။ လတ်တလော ကားဈေးကွက်မှာလည်း အရောင်းအဝယ် အေးနေတယ်လို့ နယ်စပ်ကားဈေးကွက်အခြေစိုက် ဝယ်ရောင်း ကိုအိုင်စီက ပြောပါတယ်။

“သိန်း ၄၀ လောက်အထိ တက်တယ်ဗျ။ ကားအဝယ်လည်း ကျတယ်ဗျ။ ကားအဝယ်လည်း ဝယ်သူ မရှိသလောက်ကို ဖြစ်နေတာဗျ။ လိုင်စင်ဈေးကွက်မှာရော၊ ကျနော်တို့ နယ်စပ်ဈေးကွက်ကျတော့ အလွတ်ဈေးကွက်မှာရော အလွတ်ဈေးကွက်ကျတော့ without တွေ ဖမ်းမယ်ပြုမယ်ဆိုတော့ အရောင်းအဝယ် အေးသွားတယ်ဗျ။ ဘယ်မောင်းတင်သွင်းခွင့်ပြုမယ်ဟေ့ဆိုရင်တော့ ညာမောင်းတွေက နည်းနည်းလေး တက်လာမှာပေါ့။ အခုလက်ရှိက ဘယ်ကို လက်မခံနိုင်သေးဘူးခင်ဗျ။ ဘယ်မောင်းကိုလေ။ အသားမကျသေးဘူးပေါ့ ကျနော်တို့အနေနဲ့လေ။ ဘယ်မောင်းက ပိတ်လိုက်ပြီဟေ့ဆိုရင်တော့ ညာမောင်းဈေးကွက် တက်လာမယ်ဗျ။”

ဘယ်မောင်းရော ညာမောင်းစနစ်ပါ အသုံးပြုနေတဲ့ နိုင်ငံတွင်း ယာဉ်အန္တရာယ် လမ်းအန္တရာယ် ကင်းရှင်းရေး၊ ပတ်ဝန်းကျင်ထိခိုက်မှု လျော့နည်းစေဖို့နဲ့ လက်ယာမောင်းစနစ်နဲ့ ကိုက်ညီတဲ့ ဘယ်မောင်းယာဉ်တွေ အသုံးပြုဖို့ ရည်ရွယ်ချက်နဲ့ မြန်မာအစိုးရရဲ့ ဘယ်မောင်းစနစ်သုံး ယာဉ်သစ်တွေကိုသာ တင်သွင်းအသုံးပြုရေး ဆိုတာကို ကားဝယ်ရောင်းလုပ်ငန်းရှင်တွေဘက်က ကြိုဆိုပေမဲ့ မြန်မာနိုင်ငံရဲ့ စီးပွားရေးအခြေအနေအရ ညာမောင်းစနစ်သုံး ကားဟောင်းတွေကို ကာလတခုအထိ အသုံးပြုသင့်တယ်လို့လည်း ထောက်ပြကြပါတယ်။ လူစီးကားကအစ ခရီးသည်တင်ကား၊ ကုန်တင်ကား၊ မီးသတ်ကား၊ လူနာတင်ယာဉ်တွေက အစ ကားသစ်တွေကိုပဲ တင်သွင်းအသုံးပြုဖို့ ကန့်သတ်မယ်ဆိုရင်တော့ ကားဈေးတက်လာပြီး သယ်ယူပို့ဆောင်ရေး စရိတ်စကတွေ တက်လာနိုင်တာကိုလည်း ကားလုပ်ငန်းရှင်တို့က ထောက်ပြပြောဆိုပါတယ်။

XS
SM
MD
LG