သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NLD နိုင်ငံရေးဆက်လုပ်မည်


NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အနေနဲ့ လူမှုရေးလုပ်ငန်းတွေကို တဘက်မှာ လုပ်ကိုင်နေသလို နိုင်ငံရေးလုပ်ငန်းတွေကိုလည်း ဆက်လက် လုပ်ဆောင်သွားမယ်လို့ ပြောကြားလိုက်ပါတယ်။ ဒီကနေ့ ရန်ကုန်မြို့မှာ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ပွဲ ကျင်းပတဲ့ အခမ်းအနားမှာ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းတင်က အခုလို ပြောကြားသွားတာပါ။ အပြည့်အစုံကိုတော့ ဆက်သွယ် စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။

ဒီကနေ့ ကျရောက်တဲ့ ၆၅ နှစ်မြောက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ပွဲအခမ်းအနားကို ရန်ကုန်မြို့ ၁၀ မိုင်ကုန်းမှာရှိတဲ့ မိုးကုတ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်မေနှင်းကြည်ရဲ့ နေအိမ်မှာ ကျင်းပခဲ့ကြတာပါ။ အခမ်းအနားမှာ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဝင်းတင်က သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပြီး NLD အနေနဲ့ နိုင်ငံရေးကို ဆက်လက် လုပ်ဆောင်သွားမယ့်အကြောင်း ရှင်းလင်း ပြောကြားခဲ့တယ်လို့ ဒီကနေ့ အခမ်းအနားကို တက်ရောက်ခဲ့တဲ့ NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ပြောပါတယ်။

“သဘာပတိ ဦးဝင်းတင်က မိန့်ခွန်းပြောတယ်။ အပိတ်လဲ မိန့်ခွန်းပြောတယ်။ ဆရာဦးဝင်းတင် ပြောတဲ့ဟာကတော့ လက်ရှိ NLD ရဲ့ ရပ်တည်မှု နိုင်ငံရေးအရ ရပ်တည်မှုနဲ့ နိုင်ငံရေးကို ဆက်လက်လုပ်သွားမယ်ဆိုတာကို သူက ရှင်းလင်းပြောကြားတာကို လုပ်ပါတယ်။”

NLD ဟာ အရင်ကတည်းက မှတ်ပုံတင်ထားပြီး ဖြစ်တာကြောင့် နိုင်ငံရေးပါတီအဖြစ်နဲ့ ဆက်လက် ရပ်တည်သွားမယ့်အကြောင်း ဦးဉာဏ်ဝင်းက ဆက်ပြောပါတယ်။

“ကျနော်တို့ ဒေါ်စု လူမှုရေးနဲ့ပတ်သက်ပြီးပြောတဲ့ စကားတခုရှိပါတယ်။ မကြာခင်က ကျနော့်ကို ပြောလိုက်တာ၊ လူမှုရေးကို နိုင်ငံရေးက ခွဲထုတ်ပြီး ပြောလို့မရဘူးတဲ့။ လူမှုရေးဆိုတာ နိုင်ငံရေးပဲတဲ့။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနေနဲ့က အခုချိန်မှာ ပြန်လည် မှတ်ပုံ မတင်တဲ့အတွက် ဥပဒေအရ မရှိတော့ဘူးလု့ိ တချို့လူတွေက ယူဆပေမဲ့ ကျနော်တို့တွေ အနေနဲ့တော့ မှတ်ပုံတင်ပြီးသား ပါတီတခု ဖြစ်တယ်။ နိုင်ငံရေးကိုလဲ ဆက်လုပ်နေဖို့၊ ကျနော်တို့ လက်ရှိကို မိမိပါတီ ရှိတယ်ဆိုတဲ့ ရပ်တည်ချက်နဲ့ပဲ ကျနော်တို့ ဆောင်ရွက်နေတာဖြစ်ပါတယ်။

ဒီအခမ်းအနားမှာပဲ လူငယ်တွေနိုင်ငံရေးမှာ ရိုးသားစွာ ပါဝင်လုပ်ဆောင်ကြဖို့ ဒေါ်အောင်ဆန်းစုကြည် ပြောကြားခဲ့ဖူးတဲ့ မိန့်ခွန်း ကောက်နှုတ်ချက်တွေကို လူငယ် အဖွဲ့ဝင်တွေက ဖတ်ကြားခဲ့ကြတယ်လို့ ဦးဉာဏ်ဝင်းက ပြောပါတယ်။

“အခမ်းအနားမှာကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်းကောက်နုတ်ချက်တွေကို လူငယ်များက ဖတ်ကြားပါတယ်။ နောက် ဒေါ်အောင်ဆန်းစုကြည်အတွက် ဂုဏ်ပြုကဗျာများကိုလဲ ရွတ်ဆိုကြပါတယ်။ နောက် လူငယ်များက မိန့်ခွန်းကောက်နုတ်ချက် ဆိုတာလည်း ကျနော်တို့ ဒီနေ့ဒီအချိန်ခါနဲ့ ကိုက်နေဆဲ လွန်ခဲ့တဲ့ ၁၂ နှစ်ကပြောလာခဲ့တဲ့ မိန့်ခွန်းတွေရဲ့ ကောက်နုတ်ချက်ပါ။ ဥပမာ - လူငယ်များကို နိုင်ငံရေးမှာ ပါဝင်ဖို့ တိုက်တွန်းထားတယ်၊ နိုင်ငံရေးကို ရိုးသားစွာလုပ်ဖို့ တိုက်တွန်းထားတယ်။ လူငယ်များလုပ်မှပဲ အနာဂတ် နိုင်ငံရေးဟာ ကောင်းစားမယ်။ လူကြီးများက ဘာပဲဖြစ်ဖြစ် အသက်အရွယ်အရ လူငယ်များ ဆက်ခံနိုင်ဖို့၊ လူငယ်များကို ပြုစုပျိုးထောင်ဖို့ လိုတယ်ဆိုတဲ့ မိန့်ခွန်းကောက်နုတ်ချက်တွေ ဖြစ်ပါတယ်။ တော်တော်လေးလည်း ကောင်းပါတယ် ဒီမိန့်ခွန်း ကောက်နုတ်ချက်တွေက။”

ဒီကနေ့ကျင်းပတဲ့ ၆၅ နှစ်မြောက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ပွဲ တိုင်းနဲ့ပြည်နယ်က ကိုယ်စားလှယ်တွေအပြင် ဒီနှစ်မှာ ဧည့်ပရိသတ်တွေ တမူထူးခြားစွာ တော်တော်များများ တက်ရောက်ခဲ့တယ်လို့ ဦးဉာဏ်ဝင်းက ပြောပါတယ်။

“ဒီလိုမွေးနေ့ အခမ်းအနားမျိုးကို ကျနော်တို့ အမြဲတမ်းကျင်းပတယ်။ တခါမှ ဒီလောက်များများစားစား တက်ရောက်လာတာကို မတွေ့ဘူး။ ဒီနေ့က အတော်ကိုများပါတယ်။ ကျနော်တို့ ဧည့်ပရိတ်သတ်ကတော့ တက်ရောက်လာတာ ၅၀၀ အထက်မှာရှိတယ်။ ခြံဝင်းတခုလုံး ပြည့်သွားပါတယ်။ အဲဒီတော့ကျနော် ပြောချင်တာက ဒီအချိန်အခါမှာကို ဒေါ်အောင်ဆန်းစုကြည် အပေါ်မှာ ယုံကြည်အားကိုးမှု၊ ထောက်ခံမှုတွေ အများကြီးရှိနေတယ်ဆိုတာ ရောင်ပြန်ဟပ်တာပဲလို့ ကျနော် အဲဒီလို ပြောချင်ပါတယ်။”

NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်း ပြောပြသွားတာပါ။

ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အထိမ်းအမှတ် အခမ်းအနားတွေကို ပြည်တွင်း ပြည်ပမှာရှိနေကြတဲ့ မြန်မာ့ ဒီမိုကရေစီအင်အားစုတွေက ဒေသအလိုက် ကျင်းပကြတာဖြစ်ပါတယ်။ ရန်ကုန်မှာကျင်းပတဲ့ မွေးနေ့ပွဲလိုပဲ မန္တလေးမြို့မှာကျင်းပတဲ့ အခမ်အနားကိုလည်း ဧည့်ပရိသတ် အများအပြား တက်ရောက်ခဲ့သလို နိုင်ငံရေးအကျဉ်းသားတွေရဲ့ မိသားစုဝင်တွေကို စာအုပ်စာတမ်းနဲ့တကွ ငွေသားတချို့ကိုလည်း ပညာသင်စရိတ် အဖြစ်နဲ့ ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။

XS
SM
MD
LG