သုံးရလွယ်ကူစေသည့် Link များ

ပြောင်းလဲလာတဲ့ ကန်-မြန်မာ ကုန်သွယ်ရေး အလားအလာ


အမေရိကန်စီးပွားရေးနဲ့ စီးပွားရေးလုပ်ငန်းများဆိုင်ရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Charles Rivkin

ဒီတပတ် မြန်မာ့ဒီမိုကရေစီရေးရာ ဆွေးနွေးခန်းအစီအစဉ်မှာ မြန်မာနိုင်ငံမှာ တရားဥပဒေစိုးမိုးရေးနဲ့ ပွင့်လင်းမြင်သာမှု ရှိလာလေလေ အမေရိကန်ကုမ္ပဏီတွေဘက်က ရင်းနှီးမြုပ်နှံမှု ပိုပြီးတော့ စိတ်ချလာမယ်လို့ အမေရိကန်စီးပွားရေးနဲ့ စီးပွားရေးလုပ်ငန်းများဆိုင်ရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Charles Rivkin က ပြောဆိုလိုက်ပါတယ်။ အမေရိကန်ကုမ္ပဏီတွေ ပိုပြီးတော့ ရင်းနှီးမြုပ်နှံနိုင်ရေး အခြေအနေတွေကို မြန်မာနိုင်ငံလာရောက် လေ့လာနေတဲ့ အမေရိကန်လက်ထောက် နိုင်ငံခြားရေးဝန်ကြီးကို ကိုသားညွှန့်ဦး က သီးသန့်တွေ့ဆုံပြီးတော့ အမေရိကန်-မြန်မာ ကုန်သွယ်ရေး တိုးမြှင့်နိုင်မယ့် အနေအထား စိန်ခေါ်မှုတွေကို မေးမြန်းတင်ပြထားပါတယ်။


ကိုသားညွှန့်ဦး ။ ။ သမ္မတအိုဘားမားအမိန့်နဲ့ အရင်တုန်းက ဒဏ်ခတ်ပိတ်စို့မှုတွေကို ရုတ်သိမ်းတာတွေ၊ ဆိုင်းငံ့တာတွေ လုပ်ခဲ့ပါတယ်။ အမေရိကန်ကုမ္ပဏီတွေဘက်ကလည်း ရင်းနှီးမြှုပ်နှံမှု လိုလိုလားလား ရှိတယ်ဆိုတာကိုလည်း အမြဲပြပါတယ်။ အခြားနိုင်ငံတွေနဲ့ နှိုင်းယှဉ်ချက်အရဆိုရင်တော့ အမေရိကန်ရင်းနှီးမြှုပ်နှံမှုတွေက အတော့်ကို နည်းနေတုန်းပါ။

Charles Rivkin ။ ။ ဒါ ဘာကြောင့်လဲဆိုတော့ အချိန်ကာလတခုအနေနဲ့ အမေရိကန်ပြည်ထောင်စုရဲ့  မြန်မာအပေါ် အရေးယူဒဏ်ခတ်မှုတွေ လုပ်ခဲ့တာကြောင့်ပါ။ မကြာသေးခင်နှစ်တွေအတွင်း သမ္မတအိုဘားမားလက်ထက်ကြမှ ဒီအရေးယူမှုတွေကို ဖြေလျှော့ပေးခဲ့တာပါ။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနမှာဆိုရင် ကျနော့်တာဝန်က စီးပွားရေးနဲ့ စီးပွားရေးလုပ်ငန်းဆိုင်ရာ ကိစ္စရပ်တွေကို တာဝန်ယူရပါတယ်။ ကုန်သွယ်ရေး၊ စီးပွားရေး၊ သယ်ယူပို့ဆောင်ရေး၊ ဆက်သွယ်ရေးလုပ်ငန်းတွေကိုလည်း ကြီးကြပ်တာဝန်ယူရတာပါ။ ဒါ့အပြင် အရေးယူဒဏ်ခတ်မူဝါဒဆိုင်ရာတွေကိုလည်း ကျနော့်အနေနဲ့ တာဝန်ယူကြီးကြပ်ဆောင်ရွက်ရပါတယ်။ ဒါကြောင့် ကျနော် ပြောနိုင်တာကတော့ အရေးယူဒဏ်ခတ်မှုတွေ ရှိတုန်းက စီးပွားရေးအပေါ်မှာ တစုံတရာထိခိုက်သက်ရောက်မှုတွေ ရှိပါတယ်။ ဖြေလျှော့လိုက်တယ်ဆိုပေမယ့် စီးပွားရေးလုပ်ငန်းတွေ ပြန်ဝင်လာဖို့က အချိန်အနည်းငယ်တော့ ယူရပါလိမ့်မယ်။ ဒါပေမဲ့ သမ္မတအိုဘားမားအနေနဲ့ ပြီးခဲ့တဲ့ မေလတုန်းက အမေရိကန်စီးပွားရေးလုပ်ငန်းတွေအပေါ်မှာ အကန့်အသတ်အားလုံးကို ဖြေလျှော့ပေးလိုက်ပါပြီ။ ဒဏ်ခတ်အရေးယူမှုတွေရဲ့  (၂၀) ရာခိုင်နှုန်းပဲ ကျန်နေသေးပြီးတော့ ဒါတွေကလဲ တဦးချင်းပစ်မှတ်ထားတဲ့ အရေးယူမှုတွေ ဖြစ်ပါတယ်။ ကျနော်က နိုင်ငံခြားရေးဝန်ကြီးဌာနဘက်က စီးပွားရေးဆိုင်ရာ အကြီးတန်းတာဝန်ရှိသူတဦးပါ။ ဒါ့အပြင် အမေရိကန်အကြီးတန်းတာဝန်ရှိသူတွေ အတော်များများကလည်း မြန်မာနိုင်ငံကို လာရောက်နေတာတွေ ရှိပါတယ်။ ဒီရက်ပိုင်းအတွင်းမှာဆိုရင် အမေရိကန် ဒုတိယ အမျိုးသားလုံခြုံရေးအကြံပေး လာရောက်တာ ရှိပါတယ်။ လာမယ့်ရှေ့ တပတ်ထဲမှာဆိုရင် အမေရိကန် ပို့ကုန်သွင်းကုန်ဘဏ် ဥက္ကဋ္ဌ … လာဖို့ ရှိပါတယ်။ အမေရိကန်နိုင်ငံ အထူးအကြံပေးပုဂ…. လာတာလည်း ရှိပါတယ်။ ဒါဟာ အစပိုင်းပဲ ရှိပါသေးတယ်။ နောက်ပိုင်းမှာ ပိုပြီးတော့ တိုက်ရိုက်ထိစပ်မှုတွေ ပိုတွေ့ရမှာပါ။ ဒီလို ဖြစ်ထွန်းမှုတွေမှာ စီးပွားရေးကိစ္စဟာ အဓိကပါ။

ကိုသားညွှန့်ဦး ။ ။ မြန်မာနိုင်ငံထဲမှာ ရင်းနှီးမြှုပ်နှံဖို့ ကုန်သွယ်ရေးအတားအဆီးတွေ၊ ဒါမှမဟုတ် စိန်ခေါ်ချက်တွေ တွေ့ရပါလား။

Charles Rivkin ။ ။ ကုန်သွယ်ရေး အတားအဆီးကြောင့်လို့ နောင့်နှေးစရာအကြောင်း မရှိဘူးလို့ ကျနော် ထင်တယ်။ နိုင်ငံခြားရေးဝန်ကြီး Kerry ရဲ့ အောက်မှာ လက်ရှိ ဆောင်ရွက်နေတာကတော့ ကမ္ဘာတဝှမ်းမှာရှိတဲ့ ကုမ္ပဏီတွေကို စုစည်းပေးနေတာ တစ်ခု ရှိပါတယ်။ အဲဒါကို Innovation Roadshow တီထွင်ဖန်တီးကြံဆမှုတွေကို မျှဝေတဲ့ အစီအစဉ် ဖြစ်ပါတယ်။ အဲဒီ အစီအစဉ်ရဲ့  အစိတ်အပိုင်းအနေနဲ့ အမေရိကန်မှာရှိတဲ့ ပုဂ္ဂလိက အခန်းကဏ္ဍလုပ်ငန်းတွေနဲ့ မြန်မာနိုင်ငံ ပုဂ္ဂလိကပိုင်းက စားသုံးသူတွေနဲ့ ဆက်စပ်ပေးဖို့ ဖြစ်ပါတယ်။ ဒါ့အပြင် ကျနော်တို့မှာ အတွေ့အကြုံရှိခဲ့တဲ့ ဖန်တီးကြံဆမှုတွေ၊ စွန့်ဦးတီထွင်မှုတွေကလည်း ဝေမျှပေးဖို့ ဖြစ်ပါတယ်။ အစိုးရနဲ့ ဖက်စပ်လုပ်ကိုင်ပြီးတော့လည်း ရင်းနှီးမြှုပ်နှံမှုတွေ ဆွဲဆောင်နိုင်တဲ့ အစီအစဉ်တွေကို ကူညီပေးဖို့ပါ။ ပွင့်လင်းမြင်သာမှု ပိုရှိလာလေလေ၊ ကြိုတင်တွက်ဆနိုင်လေလေ။ တရားဥပဒေစိုးမိုးမှု ရှိလာလေလေ၊ အမေရိကန်ကုမ္ပဏီတွေအနေနဲ့ သူတို့ အရင်းအနှီးတွေကို စိတ်ချလက်ချ မြုပ်နှံလာလေလေ ဖြစ်မှာပါ။ တိုးတက်မှုတွေ ကြည့်ရတာ အတော်လေး ကောင်းပါတယ်။ ရင်းနှီးမြှုပ်နှံမှုတွေ ပိုလုပ်နိုင်မယ့် နည်းလမ်းတွေကို ပြည်ထောင်စုဝန်ကြီးတွေနဲ့ ပြောခွင့်ဆိုခွင့် ရခဲ့ပါတယ်။ အမေရိကန် စီးပွားရေးလုပ်ငန်းတွေနဲ့ ပတ်သက်လို့ ကျနော် ရှင်းပြချင်ပါတယ်။ ကျနော်တို့က နောက်ကျနေပြီလားလို့ ခင်များက မေးတယ်။ မြန်မာ့စီးပွားရေးဟာ ခုန်ပျံကျော်လွှာ တိုးတက်နိုင်မယ့် အခွင့်အလမ်း ရှိပါတယ်။ နည်းပညာသစ်တွေကို သုံးပြီးတော့ လုပ်နိုင်တာကြောင့်ပါ။ အလားတူပဲ အမေရိကန်ကုမ္ပဏီတွေကလည်း ခုန်ပျံကျော်လွှာ လုပ်လာနိုင်မယ်လို့ ကျနော် တွေးပါတယ်။ ဥပမာဆိုပါစို့ အခု ရန်ကုန်မှာ ကိုကာကိုလာ ရုံးချုပ် ဒီမှာ ရှိနေပါပြီ။ ကိုကာကိုလာ ကုမ္ပဏီဟာ ဒီဈေးကွက်ကနေ နှစ်အတော်ကြာ ထွက်သွားခဲ့တာ အခု ဒဏ်ခတ်မှုတွေ ပြန်ဖြေလျှော့ပေးတဲ့အချိန်အထိ ဆိုပါစို့။ နှစ်ရာရှိ သက်တမ်းရှိတဲ့ ကိုကာကိုလာ ကုမ္ပဏီအနေနဲ့ ဒါဟာ ဒုတိယအကြိမ် ပြန်ဝင်လာတာပါ။ အမေရိကန် ရင်းနှီးမှုဟာ တခြားသူတွေနဲ့ မတူဘဲနဲ့ တမူထူးခြားပါတယ်။ ကျနော်တို့က ရေရှည်အတွက် မြှုပ်နှံတာပါ။ လူမှု့အသိုက်အဝန်းတွေထဲမှာ ရင်းနှီးမြှုပ်နှံ လုပ်ကိုင်တာပါ။ ဒေသခံတွေကို ငှားရမ်းအသုံးပြုပါတယ်။ ပြီးတော့ လူမှုအသိုင်းအဝိုင်းကို တာဝန်သိသိ အကျိုးပြုတဲ့ ရင်းနှီးမြှုပ်နှံမှု ဖြစ်ပါတယ်။ အမေရိကန်စီးပွားရေး လုပ်ငန်းတွေရဲ့  အမှတ်သင်္ကေတက အရည်အသွေးမြင့်တဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ဖြစ်ပါတယ်။ အမေရိကန်စီးပွားရေး လုပ်ငန်းတချို့ က တကယ့်ကို ကြီးမားတဲ့ အမေရိကန် ရင်းနှီးမြှုပ်နှံသူတွေ ဖြစ်ကြပါတယ်။ ဥပမာပြလို့ ရပါတယ်။ အခု ကိုကာကိုလာ ကုမ္ပဏီဆိုရင် မြန်မာ့စီးပွားရေးထဲမှာ ဒေါ်လာ သန်း (၂၀၀) ရင်းနှီးမြှုပ်နှံမယ်လို့ ဆိုထားပါတယ်။ အခုဆိုရင်ပဲ သန်း (၁၃၀) ရင်းနှီးမြှုပ်နှံထားပြီးပါပြီ။ ဒီရင်းနှီးမြှုပ်နှံမှုနဲ့အတူ ဒေသခံ မြန်မာလူမျိုးတွေအတွက် အလုပ်အကိုင် နေရာပေါင်း နှစ်သောင်းကျော်ကိုလည်း ဖန်တီးထားပါတယ်။ အမျိုးသမီး သုံးသောင်းလောက်ကို စွမ်းရည်မြှင့်တင်မှုတွေ လုပ်ပေးမှာပါ။ ဒါဟာ ကိုကာကိုလာ ကုမ္ပဏီရဲ့  လူမှုအသိုက်အဝန်းအကျိုးပြု အစီအစဉ်တွေပါ။ လူဦးရေ တစ်သောင်းနှစ်ထောင်ကျော် ကျေးရွာသားတွေအတွက် ရေနဲ့အညစ်အကြေးသန့်စင်ရေးစနစ်တွေ ရရှိအောင် ကူညီပေးခဲ့ပါတယ်။ ဒါတွေက ကိုကာကိုလာ ကုမ္ပဏီက လုပ်ပေးခဲ့တာတွေပါ။ ဒီနိုင်ငံအတွင်းက ပြည်သူတွေရဲ့  စားဝတ်နေရေး၊ ကျန်းမာရေး အခြေအနေတွေ တိုးတက်ကောင်းမွန်လာဖို့ အကူအညီတွေ ပေးချင်တာလည်း ပါဝင်ပါတယ်။ ဒါဟာ မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံလိုတဲ့ အမေရိကန်ကုမ္ပကြီးအားလုံးရဲ့  လိုလားချက်ကို ကိုယ်စားပြုပါတယ်။

ကိုသားညွှန့်ဦး ။ ။ ကျနော် သိသလောက်တော့ မြန်မာနိုင်ငံအတွင်းမှာ ရင်းနှီးမြှုပ်နှံကြမယ့် အမေရိကန်ကုမ္ပဏီတွေအနေနဲ့ ပုံမှန်အစီရင်ခံစာရေးဖို့ အပါအဝင် လူမှုအကျိုးပြု လုပ်ဆောင်ရမယ့် လမ်းညွှန်ချက်တွေကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ချမှတ်ပေးထားတာ ရှိပါတယ်။ ကုမ္ပဏီတွေအနေနဲ့ ဒါကို လိုက်နာမှု ရှိရဲ့ လား။ နောက် နိုင်ငံခြားရေးဌာနက ဘယ်လိုစောင့်ကြည့်စစ်ဆေးမှု လုပ်ပါလဲ။

Charles Rivkin ။ ။ ခင်များပြောတာ မှန်ပါတယ်။ ကျနော် ဦးဆောင်ရတဲ့ ဌာနအနေနဲ့ကော၊ နိုင်ငံခြားရေးဝန်ကြီးဌာန တခုလုံးအနေနဲ့ပါ ACE Award လို့ခေါ်တဲ့ အကောင်းဆုံး အမေရိကန်ကုမ္ပဏီဆု နှစ်စဉ် ချီးမြှင့်ပါတယ်။ ကမ္ဘာ့နေရာအနှံက အမေရိကန်ကုမ္ပဏီတွေ ဒေသခံလူမှုအသိုင်းအဝိုင်းတွေအပေါ်မှာ အကျိုးပြုမှုအပေါ် တည်ပြီးတော့ ပေးတာပါ။ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ ပုံမှန်အစီရင်ခံစာ ပြန်တင်ရမယ်ဆိုတဲ့ အမေရိကန် ရင်းနှီးမြှုပ်နှံသူတွေကို လမ်းညွှန်ချက် ရှိပါတယ်။ အခု မိနစ်ပိုင်းလောက်ပဲ ကိုကာကိုလာ က အမှုဆောင်တွေနဲ့ ဒီကိစ္စကို ပြောခဲ့ပါတယ်။ ဒီလို ပုံမှန်အစီရင်ခံစာ ပြန်တင်ရတာမျိုးကို သူတို့လည်း လိုလိုလားလား ရှိပါတယ်။ ဒါဟာ ပွင့်လင်းမြင်သာမှုကို ပြသလို၊ ဒီမှာ ရင်းနှီးမြှုပ်နှံသူတွေ ကြုံရမယ့် စိန်ခေါ်ချက်တွေကိုလည်း သိရပါတယ်။ ဒါဟာ စီးပွားရေးလုပ်ငန်းတွေအတွက်လည်း ကောင်းမွန်တဲ့ အလေ့အထပါ။ မေလတုန်းက သမ္မတအိုဘားမားက ကန့်သတ်ချက် အတော်များများကို ဖယ်ရှားခဲ့ပါတယ်။ အဲဒီအထဲမှာ တာဝန်သိ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပုံမှန်အစီရင်ခံစာ တင်ဖို့ လိုအပ်တဲ့ ရင်းနှီးမြှုပ်နှံမှု ပမာဏ အနည်းဆုံး သတ်မှတ်ချက်ကို ဒေါ်လာ (၅) ထောင်ကနေ ဒေါ်လာ (၅) သန်းအထိ တိုးမြှင့်သတ်မှတ်လိုက်ပါတယ်။ ဒါကြောင့် ရင်းနှီးမြှုပ်နှံမှု အသေးလေးတွေလည်း ပုံမှန်အစီရင်ခံစား တင်ရမယ်ဆိုတဲ့ ဝန်ထုပ်ဝန်ပိုး လျော့သွားစေပါတယ်။ ဘာပဲပြောပြေ၈ာ အမေရိကန်ကုမ္ပဏီတွေအနေနဲ့ ဒေသခံလူမှုအသိုင်းအဝိုင်းကို အကျိုးပြုစေတာ လူ့အခွင့်အရေးကို တန်းဖိုးထားစေတာတွေ ဖြစ်စေဖို့အတွက် အမေရိကန်အစိုးရရဲ့  ပိုင်းဖြတ်ဆောင်ရွက်ချက်တွေအပေါ်မှာ ကျနော်တို့ကတော့ ဂုဏ်ယူပါတယ်။

ကိုသားညွှန့်ဦး ။ ။ နောက်မေးခွန်းကတော့ STM ဆိုပြီး သိကြတဲ့ အမေရိကန်ပြည်ထောင်စုက အမည်မည်းစာရင်း သတ်မှတ်ထားတဲ့ ကိစ္စပါ။ မြန်မာနိုင်ငံမှာ နှစ်ပေါင်းများစွာ စစ်အုပ်စုအုပ်ချုပ်ရေးအောက်မှာ ခရိုနီစီးပွားရေးက အားကောင်းခဲ့တော့ အခုအချိန်မှာလည်း မြန်မာ့စီးပွားရေးပေါ်မှာ သူတို့က သြဇာကြီးနေတုန်းပါ။ ဒါကြောင့်မို့ အခုလိုမျိုး မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ အမေရိကန်ပြည်ထောင်စုက အမည်မည်းစာရင်း သတ်မှတ်ထားတဲ့ ကိစ္စကြောင့် အမေရိကန်မှာ ကုန်သွယ်မှု တိုးမြှင့်လာတဲ့အပေါ်မှာ ပြဿနာ ဖြစ်စေမယ်လို့ ထင်ပါလား။

Charles Rivkin ။ ။ ကျနော် ပြောသလိုပါပဲ အမေရိကန်က ဒဏ်ခတ်ပိတ်စို့မှု (၈၀) ရာခိုင်နှုန်းကို လျှော့ပေးခဲ့ပါပြီ။ ကျန် (၂၀) ရာခိုင်နှုန်းက အသေအချာကို ရည်ရွယ်ပစ်မှတ်ထားတဲ့ အရေးယူမှုမျိုး ဖြစ်ပါတယ်။ သမ္မတအကြံပေးလုပ်နေတဲ့ Baron ပြောခဲ့သလိုပါပဲ ဒီအရေးယူဒဏ်ခတ်မှုတွေကို ကျနော်တို့လည်း မရှိစေချင်ပါဘူး။ ကျန်တဲ့ အရေးယူမှုတွေဟာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုတွေကို ပိုပြီးတော့ မြန်ဆန်စေဖို့နဲ့ အနှောင့်အယှက် အဟန့်အတား ဖြစ်နေသူတွေကို အသေအချာ ပစ်မှတ်ထား ကိုင်တွယ်ခဲ့တာ ဖြစ်ပါတယ်။ ဒီကိစ္စမှာ ဒီမှာရှိတဲ့ အစိုးရနဲ့ နီးနီးကပ်ကပ်ကို ညှိနှိုင်းဆောင်ရွက်နေတာပါ။ ဒီနေရာမှာ အမေရိကန် စီးပွားရေး လုပ်ငန်းတွေကို မထိခိုက်စေဖို့လည်း ကြိုးပမ်းဆောင်ရွက်နေပါတယ်။ အကောင်းဆုံးဖြစ်အောင် ကျနော်တို့ လုပ်နေပါတယ်။

ကိုသားညွှန့်ဦး ။ ။ မြန်မာ့စီးပွားရေးအပေါ် ဝန်ကြီးရဲ့ အမြင်ကိုလည်း သိချင်ပါတယ်။ အခု မြန်မာနိုင်ငံ အပြောင်းအလဲကို ကိုယ်တွေ့ကြုံရသလို အစိုးရပိုင်း၊ စီးပွားရေးပိုင်းက ခေါင်းဆောင်တွေနဲ့လည်း တွေ့ခဲ့ပြီပါပြီ။ မြန်မာ့စီးပွားရေး တိုးတက်မှုနဲ့ ပတ်သက်ပြီး ဘယ်လို မြင်မိပါလဲ။

Charles Rivkin ။ ။ အလားအလာကောင်းတွေ မြင်ပါတယ်။ မြန်မာဟာ အာဆီယံအစိတ်အပိုင်းတခုပါ။ အာဆီယံဒေသဟာ အမေရိကန်ပြည်ထောင်စုရဲ့  အကြီးဆုံးကုန်သွယ်ဖက်ထဲမှာ ပါဝင်ပါတယ်။ ဒါ့အပြင် အာဆီယံဟာ ဖွံ့ဖြိုးမှုအမြင်ဆုံး ဖြစ်လာတဲ့ ဒေသတခုပါ။ ရန်ကုန်မြို့ ဟာ ၂၀၂၅ ဆိုရင် ကမ္ဘာ့လူဦးရေ (၅၀) ရာခိုင်နှုန်းဟာ လေယာဉ်ခရီး (၅) နာရီ စီးပြီးတော့ ရောက်လာနိုင်မယ့် အချက်အချာနေရာ ဖြစ်လာပါလိမ့်မယ်။ ဒါဟာ ကမ္ဘာရဲ့  အနာဂတ်မှာ ဖွံ့ဖြိုးလာမယ့် အနေအထားပါ။ အခုဆိုရင် မြန်မာနိုင်ငံရဲ့  ဖွံ့ဖြိုးမှုကို (၈) ရာခိုင်နှုန်း တိုးတက်လာမယ်လို့ တွက်ဆထားပါတယ်။ ဒီကနေ ဆက်ပြီးတော့ တိုးတက်လာမယ်လို့ ထင်ပါတယ်။ အခုက စီးပွားရေးအခြေခံ အဆောက်အဦး လိုအပ်နေပါတယ်။ ရင်းနှီးမြှုပ်နှံမှုတွေ တိုးလာဖို့အတွက် စည်းမျဉ်းလုပ်ထုံ တော်တော်များများကို ပြန်လည်ပြင်ဆင်ဖြေလျှော့ရတာ ဆိုတာကို အစိုးရကလည်း သဘောပေါက်ပါတယ်။ ဒါကို အစိုးရအနေနဲ့ သေချာဆောင်ရွက်နိုင်မှာပါ။ ကျနော်တို့ဘက်ကလည်း အနီးကပ်ဆုံး ဆောင်ရွက်နေပါတယ်။ စွန့်ဦးတီထွင်လုပ်ငန်းရှင် အသိုင်းအဝိုင်းတွေ၊ စမ်းသစ်တီထွင်ကြံဆသူတွေနဲ့လည်း ကျနော်တို့ တွဲဘက်ဆောင်ရွက်နေပါတယ်။ စီးပွားရေးအခွင့်အလမ်းတွေကတော့ အတော်ကြီးကို စိတ်လှုပ်ရှားစားစရာ ကောင်းပါတယ်။ လွန်ခဲ့တဲ့ (၂) နှစ်က ကျနော် ဒီကိုရောက်ခဲ့ပါတယ်။ အခု ပြန်လာတဲ့အခါမှာ လျင်မြန်မှုတွေနဲ့ စွမ်းအားကောင်းကောင်းတွေ ရှိနေတယ်ဆိုတာကို ခံစားမိပါတယ်။ ပြောင်းလဲရွေ့ လျှားနေတဲ့ တိုင်းပြည်တခုလို့ ခံစားမိပါတယ်။ နောက်တခါ ပြန်ရောက်လာရင် ဘယ်လို အခြေအနေရှိမလဲဆိုတာကလည်း စိတ်လှုပ်ရှားစွာနဲ့ စောင့်ကြည့်ချင်ပါတယ်။

ကိုသားညွှန့်ဦး ။ ။ ဒါပေမဲ့ မြန်မာ့စီးပွားရေးပညာရှင် တချို့ ပြောတာကတော့ အစိုးရသစ်ဘက်က စီးပွားရေးမူဝါဒ အသေးစိတ်ထုတ်ပြန်ပေးဖို့ နောက်ကျနေတယ်။ နောက် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် ဖွဲ့စည်းခဲ့တာလည်း နောက်ကျခဲ့တယ်လို့ ဝေဖန်မှုတွေ ရှိနေပါတယ်။ အစိုးရသစ်ရဲ့  စီးပွားရေးဖွံ့ဖြိုးမှုနဲ့ ပတ်သက်တဲ့ ခြေလှမ်းအပေါ် ဘယ်လို ယူဆပါလဲ။

Charles Rivkin ။ ။ စီးပွားရေးမှာ တာဝန်ယူရတဲ့ ပြည်ထောင်စုဝန်ကြီးအားလုံးနဲ့ ကျနော် စကားပြောဖြစ်ပါတယ်။ အခြေအနေကတော့ လမ်းကြောင်းမှန်ပေါ်မှာ ရှိနေတယ်လို့ ယုံကြည်ပါတယ်။ ရှုပ်ထွေနေတဲ့ အခြေအနေတွေကို သူတို့ ကိုင်တွယ်နေရပါတယ်။ အကြမ်းထည်ကနေ ကြီးကြီးမားမား ဖြစ်လာဖို့ စတင်လုပ်ဆောင်နေကြပါပြီ။ စောတာနောက်ကျတာတွေအပေါ်မှာ ကျနော် မှတ်ချက်မပေးလိုပါဘူး။ ဒါပေမဲ့ သူတို့အနေနဲ့ ဘယ်ကို သွားရမယ်ဆိုတာကို နားလည်ကြပါတယ်။ ဒါကြောင့် လမ်းကြောင်းမှန်ပေါ်မှာ ရှိတယ်လို့ ကျနော်ကို ယုံကြည်စေချင်ပါတယ်။

ကိုသားညွှန့်ဦး ။ ။ မြန်မာနိုင်ငံဟာ စစ်အုပ်ချုပ်ရေးအောက်မှာ နှစ် (၅၀) ပိတ်လှောင်ခံခဲ့ရပါတယ်။ ဖြေရှင်းစရာ ပြဿနာကလည်း အများကြီးကို ရှိပါတယ်။ အစိုးရသစ်အနေနဲ့ ငြိမ်းချမ်းရေး၊ လူ့အခွင့်အရေး နဲ့ တခြားနိုင်ငံရေးကိစ္စတွေကို ဖြေရှင်းနေတဲ့ တပြိုင်နက်ထဲမှာ စီးပွားရေးဖွံ့ဖြိုးမှုကို ကိုင်တွယ်သွားလာနိုင်မယ်လို့ ထင်ပါလား။ ယူဆပါလား။

Charles Rivkin ။ ။ ဒေါ်အောင်ဆန်းစုကြည်က ရွေးကောက်ပွဲမှာ အပြတ်အသတ် အနိုင်ရရှိခဲ့တာပါ။ သမိုင်းမှာ အံ့သြစရာကောင်းလှတဲ့အချိန် ဖြစ်ပါတယ်။ ဒီမိုကရေစီခေါင်းဆောင်တဦးနဲ့အတူ ဒီမိုကရေစီ အသက်ဝင်မွေးဖွားလာတာ ဆယ်စုနှစ်တွေအတွင်းမှာ ပထမဦးဆုံးအကြိမ်ပါ။ အခြေအနေကောင်းတွေ ဖြစ်လာဖို့အတွက် ကျနော်တို့ဘက်က အတတ်နိုင်ဆုံး ကူညီပေးလိုပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ နီးနီးကပ်ကပ် ဆက်ဆံနေပါတယ်။ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်အနေနဲ့ လာမယ့် စက်တင်ဘာလထဲမှာ အမေရိကန်သမ္မတနဲ့ ဝါရှင်တန်မှာ တွေ့ဆုံဖို့ရှိတာ အတော်လေး စိတ်လှုပ်ရှားစရာပါ။ ကျနော်တို့နဲ့အတူ လုပ်ဆောင်စရာတွေ အများကြီး ရှိပါတယ်။ ခင်များ ပြောတာရဲ့  တဘက်က အခွင့်အလမ်းတွေ ရှိတယ်ဆိုတာလဲ ကျနော် ပြပါရစေ။ ကမ္ဘာကြီးနဲ့ ထိစပ်ဆက်ဆံမှု အခွင့်အလမ်းတွေ ရှိလာပါတယ်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ လာဖို့အတွက် အခွင့်အလမ်းတွေ ရှိပါတယ်။ နိုင်ငံဝင်ငွေရမယ့် စီးပွားရေးပုံစံအမျိုးမျိုးကို ဖန်တီးလို့ရပါတယ်။ အတော်လေး စိတ်လှုပ်ရှားစရာ အချိန်အခါကောင်းပါ။ ဒေါ်အောင်ဆန်းစုကြည်ဟာ အပြောင်းအလဲအတွက် အားကြီးတဲ့၊ တမူထူးတဲ့ ခေါင်းဆောင်ပါ။

ကိုသားညွှန့်ဦး ။ ။ မြန်မာနိုင်ငံဟာ မကြာခင် အချိန်အတွင်းမှာ အမေရိကန်ရဲ့  GSP ကုန်သွယ်မှု အထူးအခွင့်အရေးရတဲ့ နိုင်ငံတနိုင်ငံ ဖြစ်လာနိုင်ခြေ ရှိပါလား။

Charles Rivkin ။ ။ ကျနော် နေပြည်တော်ကို ရောက်တုန်းက ပြည်ထောင်စုဝန်ကြီးတွေနဲ့ တွေ့ဆုံဆွေးနွေးချင်ပါတယ်။ ဒီကိစ္စက ထိပ်တန်းအကြောင်းအရာတခု ဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စုဘက်က ဒီကိစ္စနဲ့ ပတ်သက်လို့ အတော်လေး တက်တက်ကြွကြွ ရှိပြီးတော့ သုံးသပ်မှုတွေ လုပ်နေပါတယ်။ ဒီကိစ္စအပေါ် ဝန်ကြီးတွေဘက်က စိတ်ဝင်စားမှု ရှိပါတယ်။ ဒါဟာ ဦးစားပေးဆွေးနွေးကြတဲ့ အကြောင်းကိစ္စပါ။

ကိုသားညွှန့်ဦး ။ ။ အချိန်ပေးပြီး ဖြေကြားပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။

Charles Rivkin ။ ။ ကျေးဇူးတင်ပါတယ်။

XS
SM
MD
LG