သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ငြိမ်းချမ်းရေး အစစ်အမှန် မရနိုင်သေးတဲ့ ကချင်ပြည်နယ်


ကချင်လွတ်မြောက်ရေးတပ်မတော် စစ်ကြောင်း။
ကချင်လွတ်မြောက်ရေးတပ်မတော် စစ်ကြောင်း။

ဒီတပတ် မြန်မာ့ဒီမိုကရေစီရေး ဆွေးနွေးခန်းအစီအစဉ်မှာ NCA လို့ ခေါ်တဲ့ တနိုင်ငံလုံး အပစ်ရပ်သဘောတူညီချက်မှာ TNLA တအောင်းအဖွဲ့လို တိုင်းရင်းသားလက်နက်ကိုင်တွေ မပါဝင်ဘဲ ကချင်ပြည်မှာ ငြိမ်းချမ်းရေး အစစ်အမှန် ရနိုင်မှာ မဟုတ်ဘူးလို့ KIO ကချင်လွတ်မြောက်ရေးအဖွဲက ယူဆကြာင်း အမေရိကန် အခြေဆိုက် ကချင်မဟာမိတ်အဖွဲ့ရဲ့ ဥက္ကဋ္ဌ Gun Sam က ပြောပါတယ်။ ဦးသန်းလွင်ထွန်းက Skype ကတဆင့် ဆက်သွယ်မေးမြန်းထားတာပါ။

ဦးသန်းလွင်ထွန်း ။ ။ NCA လို့ခေါ်တဲ့ တနိုင်ငံလုံး အပစ်ရပ်သဘောတူညီချက်မှာ လက်မှတ်ရေးထိုးတဲ့ အဖွဲ့ (၈) ဖွဲ့နဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံခဲ့ပါတယ်။ လက်မှတ်ရေးထိုးရာမှာ မပါသေးတဲ့ အဖွဲ့တွေကို ပါဝင်နိုင်အောင် ကြိုးစားတိုက်တွန်းသွားမယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ လက်မှတ်မရေးထိုးနိုင်သေးတဲ့ အဓိက အဖွဲ့တဖွဲ့ဖြစ်တဲ့ ကချင်အဖွဲ့အနေနဲ့ ဘာကြောင့် သဘောမတူညီနိုင်သေးတာလဲဆိုတာကို KIA ကချင်လွတ်မြောက်ရေးအဖွဲ့နဲ့ အဓိက ဆက်သွယ်မှုရှိတဲ့ အမေရိကန်အခြေစိုက် ကချင်မဟာမိတ်အဖွဲ့ရဲ့ ဥက္ကဋ္ဌ Gun Sam ကို ကျနော် ဆက်သွယ်မေးမြန်းထားပါတယ်။

Gun Sam တို့အဖွဲ့က KIA အဖွဲ့နဲ့ တော်တော်နီးနီးစပ်စပ်နဲ့ ကချင်ပြည်နယ်ဘက်တွေကိုလည်း သွားရောက်ခဲ့တယ်ဆိုတော့ နောက်ဆုံးအခြေအနေလေးကို ပြောပြပါလား။

Gun Sam ။ ။ ကျနော်တို့ နိုဝင်ဘာလ NCA ကိစ္စနဲ့ ပတ်သက်ပြီးတော့မှ KIA ကို အားလုံးပါဝင်ရေးမူကို မပါလို့ဘဲ လက်မှတ်ရေးမထိုးနိုင်တဲ့အကြောင်း KIO က ပြည်သူလူထုတွေကို ဘာသာရေးအဖွဲ့အစည်းတွေကို ချပြတဲ့အချိန်မှာ ပြောပြတယ်။ အားလုံးပါဝင်ရေးမူ မပါလို့ဘဲ သူတို့ အဓိက မပါနိုင်ခဲ့တာပါ။

ဦးသန်းလွင်ထွန်း ။ ။ အဲဒီတော့ အားလုံးမပါနိုင်တာဆိုတာက အထူးသဖြင့် မပါတဲ့အဖွဲ့တွေထဲမှာ အဓိကအားဖြင့်ကတော့ TNLA လို အဖွဲ့လို အဖွဲ့မျိုး။ ဒါတွေက ကချင်ပြည်နယ်ထဲမှာ အခြေစိုက်တဲ့ ကချင်ပြည်နယ်နဲ့ နီးစပ်တဲ့ အဖွဲ့တွေပေါ့။ အဲဒီတော့ ဒီအဖွဲ့တွေ မပါလို့ဆိုတဲ့သဘောက KIO အဖွဲ့နဲ့ ဘယ်လိုများ ဆက်စပ်မှုတွေ ရှိနေလို့လဲ။

Gun Sam ။ ။ နေရာဒေသအနေနဲ့ဖြင့် အင်္ဂလိပ်လိုဆိုရင် Overlap ဖြစ်နေတယ်။ တော်တော်နီးစပ်နေတာပါ။ နီးစပ်တယ်ဆိုတော့ အကယ်၍ တဖွဲ့ကိုပဲ လက်မှတ်ထိုးမယ်။ ကျန်တဲ့အဖွဲ့တွေကို လက်မှတ်မထိုးဖြစ်ဘူးဆိုရင် စစ်ရေးအရ တင်းမာမှုဖြစ်လာရင် ကျနော်တို့ KIA ကို အဖွဲ့အစည်းတွေ ပါဝင်ပတ်သက်မှုတွေ ဖြစ်လာနိုင်တယ်။ သို့မဟုတ် ပြီးတော့ နောက်ဆုံးအနေနဲ့ ပိုစိုးရိမ်ရတာက Sign ထိုးပြီး ပြန်စစ်တိုက်တာတွေ ဖြစ်လာနိုင်တာပေါ့။ ပို စိုးရိမ်စရာ ရှိတာပေါ့။ ဒီအဖွဲ့အစည်းတနေရာကို ကျော်ဖြတ်ပြီးမှ နောက်တနေရာကို သွားရတဲ့ အခြေအနေတွေရှိတယ်။ ဒီဟာကို အဓိကထား စိုးရိမ်တာပါ။

ဦးသန်းလွင်ထွန်း ။ ။ အဲဒီတော့ TNLA အဖွဲ့နဲ့ ကချင်အဖွဲ့တွေရဲ့ စစ်ရေးအရ ပူးပေါင်းဆောင်ရွက်မှု အနေအထားတွေက အဲဒီလောက် နီးစပ်မှုတွေ ရှိနေလို့လား။

Gun Sam ။ ။ ကျနော်တို့ကတော့ တခြားမဟာမိတ်တွေထက် TNLA က ပိုနီးစပ်တယ်လို့ သိရတယ်။ ကျနော်တို့နဲ့ တော်တော်အကြာရှည်ဆုံး နီးစပ်မှု၊ ထိတွေ့မှု ရှိတာကတော့ TNLA ပလောင်တပ်ပေါ့။

ဦးသန်းလွင်ထွန်း ။ ။ ဒါပေမဲ့ ဒီနေရာမှာ ကျနော်တို့ သတိထားမိတာက ကချင်ပြည်နယ်ထဲမှာ KIA အဖွဲ့အပြင်ကို အစောပိုင်းက NDAK လို တခြားအဖွဲ့အစည်းတွေလည်း ရှိခဲ့တယ်။ ဒီအဖွဲ့အစည်းတွေက နယ်မြေတွေခွဲပြီးတော့ အပစ်အခတ်ရပ်စဲရေး သဘောတူညီထားခဲ့တာ။ ဒါပေမဲ့ ကျန်တဲ့ အဖွဲ့အစည်းတွေကတော့ BGF လို့ခေါ်တဲ့ နယ်ခြားစောင့်တပ်ဖွဲ့တွေအနေနဲ့ လက်ခံထားလိုက်ပြီးတော့ နောက်ပိုင်းမှာဆိုလို့ရှိရင် ရွေးကောက်ပွဲတွေ ဝင်တဲ့အဆင့်အထိ ရောက်ရှိသွားတယ်။ ဒါ နိုင်ငံရေးဘောင်ထဲကို ရောက်သွားတယ်ပေါ့။ အဲဒီတော့ ကချင်ပြည် အဓိက အဖွဲ့အစည်းဖြစ်တဲ့ KIO ကတော့ အခုအချိန်အထိ နိုင်ငံရေးဘောင်အဖြစ်ကို တက်မလာနိုင်တဲ့အဖြစ်ကို တက်မလာနိုင်တဲ့အပြင် အပစ်အခတ်ရပ်စဲရေးမှာ သဘောမတူနိုင်တဲ့ နောက်ဆုတ်သွားတဲ့ အနေအထား ရှိနေတာကို တွေ့ရတယ်။

Gun Sam ။ ။ အခုနပြောတဲ့ NDAK ကိစ္စဆိုရင် ၂၀၀၈ အခြေခံဖွဲ့စည်းပုံ ဥပဒေနဲ့ ပတ်သက်ပါတယ်။ သူတို့က တခြားအဖွဲ့အစည်းတွေက နိုင်ငံရေးမူကို ၂၀၀၈ က ပြည့်စုံတယ်လို့မြင်တယ်။ ယူဆတယ်။ KIO ကတော့ ဒီဟာက တိုင်းရင်းသားအခွင့်အရေးကို တိတိကျကျ ပါဝင်တယ်လို့ မယူဆဘူး။ အဲဒီကနေ စခဲ့တယ်။ အခုအချိန်အထိ ဒီလို ရပ်နေရတာကတော့ အဓိကတော့ အားလုံးပါဝင်ရေးမူ မပါလို့ဘဲ အဓိက ဖြစ်လာခဲ့တာပါ။ ကျန်တာတွေက အဖွဲ့အစည်းတွေ ချန်ထားတဲ့ကိစ္စ မဖြစ်ဘဲနဲ့ မဖြစ်ဘူးဆိုရင်တော့ မပါဝင်ဖို့အကြောင်း မရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီမူကြမ်းကို KIO က NCTT နဲ့ ဆွေးနွေးခဲ့တဲ့ထဲမှာ Sign ထိုးခဲ့တဲ့ကိစ္စပဲ။

ဦးသန်းလွင်ထွန်း ။ ။ အခု ဒါကို ရှေ့ဆက်ပြီးတော့ တဘက်မှာကျတော့ လက်မှတ်ထိုးထားတဲ့ အဖွဲ့အစည်း (၈) ဖွဲ့နဲ့ပဲ နိုင်ငံရေးဆွေးနွေးမှု မူဘောင်တွေ ချပြီးတော့ ဒီကိစ္စကို သမ္မတဆီကိုလည်း တင်ပြပြီးပြီ။ ဒီပုံအတိုင်း ဆက်လုပ်သွားဖို့ အဖွဲ့အစည်းတွေလည်း ဖွဲ့နေပြီ။ ဒီအထဲမှာ KIA ရဲ့ ပါဝင်မှု ပုံစံက ဘယ်လိုရှိလာလိမ့်မလဲ။

Gun Sam ။ ။ အခုအချိန်အထိကတော့ သတ်သတ်မှတ်မှတ် ပါဝင်မှုက အားနည်းနေသေးတယ်လို့ ကျနော်တို့ မြင်တယ်။ ဒါပေမဲ့ ဒီဟာက အစိုးရပေါ်မှာ အဓိက မူတည်ပါတယ်။ အရင်လအတိုင်းလိုပဲ တဘက်ကို ပါဝင်မယ်။ တချို့ဟာတွေကို မပါဝင်ခိုင်းဘူး။ ဒီလိုပဲ တဘက်ကို ခွဲပြီးတော့ လုပ်ဆောင်တဲ့ဟာတွေက အပြုသဘောမဆောင်ဘူး။ ဒီထက်ပိုပြီးတော့မှ မြင်သာတာကတော့ နောက်လာမယ့် အစိုးရကို ကျနော်တို့ မျှော်မှန်းတယ်။ နောက်လာမယ့် အစိုးရမှာတော့ ဒီလိုမျိုး မဖြစ်ဘူးလို့ ကျနော်တို့က ယူဆတယ်။ ဒီအချိန်မှာတော့ ဘာပဲဖြစ်ဖြစ် လုပ်ရမယ့် အလုပ်ကြီးထဲမှာတော့ ကျနေ်ာတို့မြင်တာကတော့ နှစ်ဘက်စလုံး ထိတွေ့ဆက်ဆံမှုက ဆက်လက်ရှိနေဖို့ အရေးကြီးတယ်လို့ မြင်ပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ နောက်လာမယ့် အစိုးရကတော့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အစိုးရပေါ့။ ဒါပေမဲ့ ပြီးခဲ့တဲ့ မကြာသေးခင် ရက်ပိုင်းအတွင်းက NCA မှာ လက်မှတ်ထိုးထားတဲ့ အဖွဲ့ (၈) ဖွဲ့နဲ့ တွေ့ဆုံစဉ်မှာ လက်မှတ်မထိုးရသေးတဲ့ အဖွဲ့တွေကို ပါဝင်လာအောင် တိုက်တွန်းသွားမယ် ဆိုပေမယ့် ဒီအဖွဲ့အစည်းတွေနဲ့ တွေ့ဆုံဖို့ ဆွေးနွေးဖို့တော့ ချက်ချင်းမဖြစ်နိုင်သေးဘူးဆိုတာမျိုး ကြားသိရပါတယ်။ အဲဒီတော့ အဲဒါက အစိုးရဖွဲ့ပြီးအချိန်အထိ စောင့်မလား။ ဒီမတိုင်မီ တင်ကြိုဆွေးနွေးမှုတွေ၊ တွေ့ဆုံမှုတွေ လုပ်ဖို့လိုမယ်လို့ မထင်ဘူးလား။

Gun Sam ။ ။ ကျနော်တို့ကတော့ တွေ့ဆုံဆွေးနွေးမှု လိုတယ်လို့တော့ ထင်ပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ ကြားကာလ အခြေအနေတွေတော့ အများကြီး စဉ်းစားပေးဖို့ လိုတယ်လို့တော့ ထင်တယ်။ နောက်တခု အရေးကြီးတာကတော့ ဒေါ်အောင်ဆန်းစုကြည်က ကိုယ်တိုင် ဒီ (၈) ဖွဲ့ လက်မှတ်ရေးထိုးမှု အစီအစဉ်မှာ မပါခဲ့ဘူးဆိုတာ ကျနော်တို့ သိရတယ်။ ဒီဟာက ကျန်ခဲ့တဲ့ တိုင်းရင်းသားတွေအတွက် အများကြီး NLD ရဲ့ ပေါ်လစီနဲ့ ပတ်သက်မလား ကျနော်တို့ သိရတာပေါ့။

ဦးသန်းလွင်ထွန်း ။ ။ အဲဒီတော့ ဒီအတွက်ကိုတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့အနေနဲ့ မပါနိုင်သေးတဲ့အဖွဲ့တွေကို စာနာမှု ရှိတယ်ဆိုတာကို အားလုံးက လက်ခံကြတယ်ပေါ့။

Gun Sam ။ ။ ကျနော်က အဲဒီလို ယူဆပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ အဲဒီတော့ ဒီနေရာမှာ ကျနော် Gun Sam အနေနဲ့ ကချင်ပြည်နယ်ဘက်ကို မကြာခဏ သွားရောက်လေ့ရှိတယ်ဆိုတော့ အခုနောက်ဆုံး ဖြစ်နေတဲ့ အခြေအနေလေးတခု မေးချင်ပါတယ်။ အထူးသဖြင့် ကချင်ပြည်နယ် ဖားကန့်ဘက်မှာ အခုဆိုလို့ရှိရင် ရွေးကောက်ပွဲအပြီး နောင့်လာမယ့် အစိုးရမတက်ခင်ကာလအတွင်းမှာ ဖားကန့်ဘက်မှာ အထူးသဖြင့် ကျောက်စိမ်းတွင်းတွေဘက်မှာ အကြီးအကျယ် စီးပွားဖြစ် ထုတ်လုပ်ပြီးတော့ ဒါက နောင့်အစိုးရ မတက်ခင် အလုအယက် တူးဖော်နေကြတာဟာ တကယ့်ကို အခြေအနေ ဆိုးဆိုးဝါးဝါး ဖြစ်နေတယ်။ သဘာဝပတ်ဝန်းကျင် အခြေအနေတွေ လုံးဝပျက်စီးလို့နီးပါး ဖြစ်နေပါတယ်ဆိုပြီးတော့ သတိထားပြီးတော့ ပြောဆိုနေကြတာတွေ ရှိပါတယ်။ အဲဒါနဲ့ ပတ်သက်ပြီးတော့ Gun Sam အနေနဲ့ ဘာတွေ တွေ့ခဲ့ကြုံခဲ့ သိခဲ့တာတွေ ရှိလဲ။

Gun Sam ။ ။ နှစ်ပိုင်းရှိပါတယ်။ စစချင်း စစ်တင်းမာမှု စဖြစ်နေချိန်မှာ KIO ကနေ တတ်နိုင်သလောက် အုပ်ချုပ်တဲ့ အချိန်တုန်းကဆိုရင် ကျနော်တို့ ဒီလိုမျိုး မကြားသိခဲ့ရဘူး။ အခုကတော့ စစ်တိုက်တာတမျိုး။ နောက်တခုက KIO စစ်တပ်ထဲကတော့ ပိုပြီးဝေးသွားတာပေါ့။ ကွပ်ကဲမှုမြို့နဲ့ ဗန်းမော်တွေ၊ ကျောက်စိမ်းတွင်းတွေက တော်တော်ဝေးသွာတယ်။ ဝေလံသွားတယ်ဆိုတာ အစိုးရအနေနဲ့ တိတိကျကျကို၊ အကုန်လုံးကို အုပ်စိုးနိုင်တဲ့ အခြေအနေတွေမှာရှိတယ်။ ဒီကုမ္ပဏီတွေ၊ တူးဖော်ရေးကုမ္ပဏီတွေ အားလုံးက တကယ်ဆို အစိုးရလူကြီးပိုင်းနဲ့ နီးစပ်တဲ့ အဖွဲ့အစည်းကြီးတွေ။ ကျနော်အနေနဲ့ မြင်တာကတော့ နိုင်ငံရေး အာဏာခွဲဝေမှုထဲမဟုတ်၊ သယံဇာတ ခွဲဝေမှုကို အရေးကြီးတယ်လို့ တိုင်းရင်းသားအနေနဲ့ မြင်တယ်။ ထင်မြင်ယူဆတယ်။ စိုးရိမ်မှုက အကြီးဆုံးကတော့ နောက်လာမယ့် အစိုးရ မတက်ခင် ခွဲဝေမှုအတွက် ကျောက်စိမ်းတွင်းက မရှိတော့ဘူးလို့ အင်မတန်ကို စိုးရိမ်တယ်။ ဒီဟာကတော့ ပြည်သူလူထုကြီးပဲ မဟုတ်ဘူး။ ကျနော်တို့ရဲ့ KIO လူကြီးပိုင်းတွေအထိ စိုးရိမ်တဲ့ဟာတွေက တသံတည်း ကြားသိရတယ်။

ဦးသန်းလွင်ထွန်း ။ ။ ဒါပေမဲ့ ကျောက်စိမ်းတူးနေတဲ့ နယ်မြေတွေဟာ KIA ကချင် ထိန်းချုပ်မှုအောက်မှာ ရှိနေတဲ့ နေရာတချို့ မဟုတ်ဘူးလား။ တချို့ကပြောတာကလဲ အထူးသဖြင့် တရုတ်ဘက်ကလာတဲ့ စီးပွားရေးသမားတွေအနေနဲ့ မြန်မာအစိုးရကိုရော၊ KIA ကချင်တပ်ဖွဲ့တွေကိုပါ အခွန်တွေ ပေးနေရတယ်။ အဲဒါအပြင် ပြည်တွင်းမှာဆိုရင်လဲ ပြည်တွင်းလုပ်ငန်းရှင်ကြီးတွေ ခရိုနီတွေအနေနဲ့ ကချင်တပ်ဖွဲ့တွေကိုပါ အခွန်တွေ ပေးနေရတယ်။ အဲဒါမှ ဒီဘက်မှာ လုပ်ကွက်တွေရနေတယ်ဆိုတဲ့ ပြောဆိုမှုတွေလည်း ရှိပါတယ်။ အဲဒါနဲ့ ပတ်သက်လို့။

Gun Sam ။ ။ ဖြတ်သန်းသွားလာတဲ့ ကိစ္စပေါ့။ ဥပမာ ကျောက်စိမ်းတွင်းပဲ မဟုတ်ဘူး။ သစ်လည်းပါတယ်။ ဖြတ်သန်းသွားလာမှုအတွက်ကတော့ KIO အခွန်ကောက်တယ်လို့ သိရတယ်။ ဒါပေမဲ့ လုပ်ကွက်ချတာတော့ အားလုံးကတော့ တကယ် အဓိကကျတာတော့ အကုန်လုံး အစိုးရက ချပေးတဲ့ကိစ္စတွေပါ။ ကျနော်ကနေ ဥပမာ သွားရပ်မှာတို့၊ သို့မဟုတ် အထစ်အငေါ့ဖြစ်အောင် လုပ်တယ်ဆိုရင် အစိုးရအနေနဲ့ ပြန်ပြောလာပါလိမ့်မယ်။ ဖျက်ဆီးတဲ့အဖွဲ့တွေ၊ သောင်းကျန်းတဲ့အဖွဲ့တွေဆိုပြီး ဒီအသံတွေ ကျနော်တို့ ပြန်ကြားရပါလိမ့်မယ်။

ဦးသန်းလွင်ထွန်း ။ ။ စောစောက ပြောသလို ဖြတ်သန်းသွားလာတယ်ဆိုတဲ့ နေရာမှာ ကချင်ပြည်ဘက်က သစ်တွေထုတ်တာ၊ ကချင်ပြည်နယ်ဘက်က ကျောက်စိမ်းတွေ ထွက်လာတာ။ မြေစာတွေ ဟိုဘက်ကို ပိုတာတွေ။ ဒါတွေကဆိုရင် ကချင်ပြည်နယ်ထဲကပဲ KIA ထိန်းချုပ်ထားတဲ့ နယ်မြေထဲကပဲ ဖြတ်ရတာဆိုတော့ ဒီကိစ္စကို အခုကာလတွေထဲမှာ ထိန်းထိန်းသိမ်းသိမ်း လုပ်သင့်တယ်လို့ကော မယူဆဘူးလား။

Gun Sam ။ ။ ကျနော်တို့ တခု စိုးရိမ်စရာ ရှိတာကတော့ ဒီအကြောင်းကြောင့်ပဲ အစိုးရကနေ ထိုးစစ်ဆင်နေတဲ့ဟာတွေကို ကြားသိရမှာပဲ။ တနေရာမှာ သူတို့ နယ်မြေရှင်းလင်းရေးဆိုပြီး နာမည်တတ်ပြီးတော့ ထိုးစစ်တွေဆင်တယ်။ အကယ်၍ ဒီလိုမျိုး ပိတ်စို့မှုတွေ လုပ်လာပြီဆိုရင် ကျနော်တို့ ပုံမှန်မြင်တွေ့ရတာကတော့ သူတို့ရဲ့ တပ်မတွေ၊ တပ်ရင်းတွေ လိုက်ပါလာတယ်ဆိုတာ ကျနော်တို့မြင်တယ်။ အကယ်၍ ပိတ်စို့တာတို့ ဘာတို့လုပ်တယ်ဆိုတာကတော့ သူတို့က ပြန်ပြီးတော့ အစိုးရတပ်တွေက လာပြီးတော့ ထိုးစစ်ဆင်တာတွေ ရှိပါတယ်။ ကျနော်တို့ တွေ့နေရတယ်။ ကြားသိရတယ်။

ဦးသန်းလွင်ထွန်း ။ ။ ကချင်မဟာမိတ်အဖွဲ့အနေနဲ့ လာမယ့် အစိုးရသစ်ကာလမှာ နယ်မြေထဲမှာ ရှိနေတဲ့ KIO အဖွဲ့တွေနဲ့ နောက်တက်လာမယ့် အစိုးရ ပူးပေါင်းပြီးတော့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ သယံဇာတ ခွဲဝေရေးကိစ္စတွေအပေါ်ကို ဘယ်လိုများ တိုက်တွန်းပြောဆိုမှုတွေ လုပ်ချင်သလဲ။

Gun Sam ။ ။ ကျနော်တို့ အစိုးရိမ်ဆုံးက ကျနော်တို့ ကချင်ပြည်နယ်တင်မက တနိုင်ငံလုံး။ တနိုင်ငံလုံးမှာ နေရာတိုင်း ရေကြီးတယ်။ နောက်ဆုံးက နေဖို့နေရာက တော်တော်ရှားပါးလာတဲ့ အခြေအနေ ရောက်လာမယ်လို့ ကျနော်တို့ ထင်မြင်ယူဆတယ်။ နောက် ကျနော်တို့ဘက်မှာ သစ်တွေဆို တချို့နေရာတွေ မရှိသလောက် ဖြစ်သွားပြီ။ နောင်လာနောင်သားတွေအတွက်က ချန်ထားပေးဖို့ မရှိသလောက်ကို ဖြစ်နေတဲ့ အခြေအနေဆိုတော့ ဒါကို အစိုးရကလဲ ပြည်သူလူထုတွေ အကုန်လုံး ဝိုင်းရံပြီးမှ ဖြေရှင်းသင့်တဲ့ ကိစ္စကြီးတခုလို့ ကျနော်တို့ မြင်တယ်။ ထင်မြင်ယူဆပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ ကျေးဇူးတင်ပါတယ် Gun Sam။

XS
SM
MD
LG