သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တသီးပုဂ္ဂလအမတ်တွေ ပါတီတွေလောက် အခွင့်အလမ်းမရ


တသီးပုဂ္ဂလအမတ်တွေ ပါတီတွေလောက် အခွင့်အလမ်းမရ
တသီးပုဂ္ဂလအမတ်တွေ ပါတီတွေလောက် အခွင့်အလမ်းမရ

ရွေးကောက်ပွဲ ဝင်ပြိုင်ကြမယ့်သူတွေထဲမှာ တသီးပုဂ္ဂလ လွှတ်တော် ကိုယ်စားလှယ်လောင်းတွေက နိုင်ငံရေးပါတီတွေလောက် နိုင်ငံရေး လုပ်ပိုင်ခွင့်တွေ မရဘဲဖြစ်နေပါတယ်။ အခွင့်အရေးတွေ တန်းတူရနိုင်ဖို့ ရွေးကောက်ပွဲ ကော်မရှင်ဆီ အကြောင်းကြားပေမဲ့လဲ မထူးဘူးလို့ဆိုပါတယ်။ တသီးပုဂ္ဂလ နိုင်ငံရေးသမားတွေ ကြုံနေရတဲ့အခြေအနေတွေ အကြောင်း ကိုကျော်အောင်လွင်က တင်ပြထားပါတယ်။


နိုဝင်ဘာလ ၇ ရက်နေ့ကျရင် ကျင်းပမယ့်ရွေးကောက်ပွဲဟာ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲမှာတုန်းကလောက် လွတ်လပ်မှုတွေ မရှိဘူးလို့ နိုင်ငံရေး ပါတီတွေတင်မကဘဲ တသီးပုဂ္ဂလ လွှတ်တော် ကိုယ်စားလှယ်လောင်းတွေကပါ ပြောနေကြပါတယ်။ ၁၉၉၀ ခုနှစ်တုန်းက ရေဒီယိုနဲ့ ရုပ်မြင်သံကြားတွေကနေ တသီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေရဲ့ နိုင်ငံရေးအမြင်တွေကို တင်ပြခွင့်ရခဲ့ကြပေမဲ့ အခု ၂၀၁၀ ရွေးကောက်ပွဲမှာတော့ ဒီအခွင့်အရေးကို မရကြပါဘူး။

“ရေဒီယို၊ တီဗွီနဲ့ ရုပ်မြင်သံကြားပေါ့နော်၊ ထုတ်လုပ်ခွင့်၊ ပြောဆိုခွင့်မှာ တသီးပုဂ္ဂလက မရဘူးရှင့်။ ပါတီ ၃၇ ပါတီကိုပဲ သူတို့ ခွင့်ပေးထားတယ်လေ။ တချို့ပါတီတွေဆိုရင် ကိုယ်စားလှယ်လောင်းတွေ အနေနဲ့ ၃ ဦးရှိတယ်။ ဒါပေမဲ့ ၃ ဦးရှိလည်း ပြဿနာမရှိဘူး။ ပါတီဖြစ်တဲ့အတွက်ကြောင့် သူတို့သည် အခွင့်အရေး တန်းတူရတယ်။ သို့သော် တသီးပုဂ္ဂလ၊ ဥပမာ ကျမတို့ဆိုရင် အဖွဲ့အစည်းအနေနဲ့ ၈ ဦး ဖွဲ့ထားတယ်။ ဒါပေမဲ့ တန်းတူအခွင့်အရေးတော့ မရဘူးပေါ့။ တသီးပုဂ္ဂလ ဖြစ်တဲ့အတွက်ကြောင့် ကျမတို့ကို ဒီအခွင့်အရေး မပေးထားဘူးပေါ့။”

အဲဒါကတော့ ရန်ကုန်တိုင်း လှိုင်မြို့နယ်ကနေ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နေရာ ဝင်ပြိုင်မယ့် ဒေါ်ယူဇာမော်ထွန်း ပြောသွားခဲ့တာပါ။ ရုပ်သံထုတ်လွှင့်ခွင့်ပေးဖို့ ရွေးကောက်ပွဲ ကော်မရှင်ဆီ အကြောင်းကြားပေမဲ့လည်း အခုထိ ဘာမှအကြောင်းပြန် မလာဘူးလို့ ဆိုပါတယ်။

“နုတ်နဲ့လည်း တင်ပြပါတယ်။ တိုင်းကော်မရှင်ကိုရော၊ ခရိုင် ကော်မရှင်ကိုရောလေ။ လိုအပ်တယ်လို့၊ ဘာဖြစ်လို့လဲဆိုတော့ ပြည်သူနဲ့ ထိတွေ့မှုမှာ ရုပ်မြင်သံကြားကလည်း သိပ်ပြီး ထိရောက်တာကိုး။ ကိုယ့်ရဲ့ အယူအဆလေးတွေကို ပြည်သူ တိုက်ရိုက်တွေ့ရအောင် ပြောချင်တာပေါ့။ တင်ပြပါမယ် ပြောပြီးတော့ ကျမတို့ကို ဘာမှ အကြောင်းမပြန်ဘူးပေါ့နော်။”

တသီးပုဂ္ဂလ လွှတ်တော် ကိုယ်စားလှယ်လောင်းတွေအတွက် ရွေးကောက်ပွဲဝင်ရေး သင်္ကေတ အမှတ်တံဆိပ်တွေကိုလည်း ရွေးချယ်ပိုင်ခွင့် မရရှိခဲ့ကြဘူးလို့ သူက ဆက်ပြောပါတယ်။

“ပါတီတခုချင်းမှာ သူတို့ သင်္ကေတနဲ့သူတို့ တင်ပြကြတယ်။ ပြည်သူနဲ့ မိတ်ဆက်တဲ့နေရာမှာ ဒီသင်္ကေတလေးတွေက အရေးကြီးတယ်။ နောက်တခုက မဲပေးတဲ့အချိန်မှာ သင်္ကေတက အဓိက ကျသွားတယ်။ မဲလက်မှတ်ပေါ်မှာ ပါတီနံမည် မပါဘူးရှင့်။ လူပုဂ္ဂိုလ် နံမည်ရယ်၊ သင်္ကေတရယ်၊ အမှားအမှန် ခြစ်တဲ့အကွက်ရယ် ဒါပဲပါမှာ။ ဆိုတော့ ပါတီတွေဟာ သူတို့ရဲ့ သင်္ကေတာကို အများကြီး ကြိုပြီးတော့ မိတ်ဆက်ထားခွင့် ရှိတာပေါ့။ တသီးပုဂ္ဂလကကျတော့ သင်္ကေတ ပေးပါတဲ့။ ဆိုတော့ ကျမတို့က ပေးတာပေါ့။ ပေးတဲ့အချိန်မှာ အဲဒီသင်္ကေတတွေကို တခုမှ ခွင့်မပေးဘူး။ မပေးဘဲနဲ့ သူတို့ နိုင်ငံတော်က ပြန်ပြီးချပေးတဲ့ သင်္ကေတ တစ်ခုစီနဲ့ ပေးတာပေါ့။ အဲဒါ ကိုယ့်သင်္ကေတကို သူတို့ သတ်မှတ်ပေးလိုက်တယ် ဆိုပါတော့။ ကိုယ်က ရွေးချယ်ခွင့်မရှိတော့ အဓိပ္ပါယ် ဖော်ပြဖို့ ခက်ခဲတာပေါ့။”

ဒေါ်ယူဇာမော်ထွန်း တို့ ဘယ်လို သင်္ကေတမျိုး ရပါသလဲခင်ဗျ။ -

“ကျမ သင်္ကေတက ဘောလုံးလေးပါ။ မရမှတော့လည်း မရွေးတော့ပါဘူး။ သို့သော် ရွေးချယ်ပိုင်ခွင့် မရှိဘူးလို့ပြောတယ်။ ဒါပေမဲ့ ကျမ ချက်ချင်းပြောတယ်။ အမျိုးသမီးနဲ့ ဘောလုံးနဲ့ မသင့်လျော်ပါဘူး။ ဘောလုံးကို ကျမ ပြင်ချင်ပါတယ်ပေါ့။။ ပြင်ပေးပါပေါ့။ သို့သော်လည်း ဒါကို မပြင်ပေးပါဘူး။ ဘောလုံးပါပဲ။”

တသီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်ယူဇာမော်ထွန်း ပြောခဲ့တာပါ။ သူဟာ ဂျပန်ခတ်မှာ နိုင်ငံတော် အဓိပတိ လုပ်ခဲ့တဲ့ ဒေါက်တာဗမော်ရဲ့မြေးလည်း ဖြစ်ပါတယ်။ နိုင်ငံရေးပါတီတွေနဲ့ ရပိုင်ခွင့်တွေ တန်းတူမရတဲ့အကြောင်း ရှင်းပြတဲ့သူ နောက်တစ်ဦးကတော့ အမျိုးသားလွှတ်တော်မှာ ဝင်ပြိုင်မယ့် တသီးပုဂ္ဂလ လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးစန်းမြင့် ပါ။

“ပါတီတွေကတော့ ပါတီစာစောင်တွေ ထုတ်ခွင့်ရတယ်။ ကျနော်တို့ တသီးပုဂ္ဂလကတော့ စာစောင်ထုတ်ခွင့် မရဘူး။ နောက်ပြီးတော့ ကျနော်တို့ အလံလုပ်ခွင့်လည်း မရပါဘူး။ ဆိုင်းဘုတ်တွေဘာတွေ တည်ထောင်ခွင့် မရပါဘူး။ နောက်ပြီးတော့ ရွေးကောက်ပွဲပြီးတဲ့ ကာလမှာလည်း နိုင်ငံရေး ဆက်လုပ်မလုပ် ဆိုတဲ့ကိစ္စမှလည်း ကျနော်တို့အတွက်က မသေချာပါဘူး။ ပါတီတွေကတော့ ၃ ယောက် ယှဉ်ပြိုင်ရင် ပါတီကတော့ ဆက်လက် ရပ်တည်ခွင့် ရရှိမှာဖြစ်ပါတယ်။ ကျနော်တို့ကတော့ နိုင်ငံရေးသမား ဖြစ်တဲ့အတွက် ရွေးကောက်ပွဲ ကာလမှာလည်း ကျနော်တို့ ယှဉ်ပြိုင်မယ်။ ပြီးသွားတဲ့အခါမှာလည်း မြန်မာ့နိုင်ငံရေးဟာ မပြီးဆုံးသေးတဲ့ကာလမှာ ရှိတယ်လို့ ယူဆရတဲ့အတွက် ကျနော်တို့က နိုင်ငံရေးကို ဆက်လုပ်မယ်လို့ အစီအစဉ်ကတော့ ရှိပါတယ်။”

ရန်ကုန်တိုင်း၊ တာမွေမြို့နယ် ပြည်သူ့လွှတ်တော်ကနေ ဝင်ပြိုင်မယ့် တသီးပုဂ္ဂလ လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးတင့်ဆန်း ကလည်း နိုင်ငံရေး ပါတီတွေနဲ့ အခွင့်အရေးခြင်း မတူညီတဲ့ အချက်တချို့ကို ရှင်းပြပါတယ်။

“ပါတီရုံးကျတော့ သူတို့ရုံးမှာ ဟောပြောခွင့်ရတယ်။ ကျနော်တို့ကျတော အဲဒီလို အခွင့်အရေး မရဘူးလေ။ စည်းရုံးရေး လုပ်ရတာကတော့ တသီးပုဂ္ဂလကတော့ အရမ်းခက်ခဲတာပေါ့ဗျာ။ ပါတီမဟုတ်တော့လေ။ ကိုယ့်ရဲ့ ပေါ်ပျူလာ ဖြစ်မှု၊ ကိုယ့်ရဲ့ စည်းရုံးရေးအားအပေါ်မှာ မူတည်ပြီး လုပ်ရတာကိုး။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့မှာ ပါတီအင်အား မရှိဘူး။”

တသီးပုဂ္ဂလ လွှတ်တော် ကိုယ်စားလှယ်လောင်းတွေနဲ့ နိုင်ငံရေးပါတီတွေ အခွင့်အရေး တန်းတူမရကြဘူး ဆိုပေမဲ့လည်း တသီးပုဂ္ဂလ သမားတွေဆီမှာ အားသာချက်တချို့ ရှိတဲ့အကြောင်းကိုလည်း ဦးတင့်ဆန်းက ရှင်းပြပါတယ်။

“အားသာချက်က ကျနော်တို့က လွတ်လပ်တယ်ဗျာ။ မြို့နယ်မှာရှိတဲ့ ပြည်သူကို ကိုယ်စားပြုပြီးတော့ ကျနော်တို့က ရဲရဲဝံ့ဝံ့ ပြောလို့ရတယ်ဗျာ။ ပါတီကျတော့ သူ့မှာ မူဝါဒတွေ ရှိတော့ သူက ထိန်းချုပ်မှုတွေ များတယ်။ နောက်ပြီးတော့ ကျနော်တို့ကျတော့ ပြိုင်ဖို့လုပ်တဲ့အခါမှာ ဘယ်သူနဲ့အတူ တွဲလုပ်လို့ရတယ်။ ဘယ် ပါတီနဲ့ဖြစ်ဖြစ်၊ ဘယ် တသီးပုဂ္ဂလနဲ့ ဖြစ်ဖြစ်ပေါ့။

နိုဝင်ဘာလ ၇ ရက်နေ့မှာ ကျင်းပမယ့် ရွေးကောက်ပွဲမှာ တသီးပုဂ္ဂလ လွှတ်တော် ကိုယ်စားလှယ်တွေအဖြစ် ဝင်ပြိုင်ကြမယ့်သူတွေဟာ အယောက် ၅၀ ကျော် ရှိပါတယ်။

XS
SM
MD
LG