သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွေးကောက်ပွဲစည်းရုံးမှု နိုဝင်ဘာ ၆ ရက်နောက်ဆုံး သတ်မှတ်


ရွေးကောက်ပွဲစည်းရုံးမှု နိုဝင်ဘာ ၆ ရက်နောက်ဆုံး သတ်မှတ်
ရွေးကောက်ပွဲစည်းရုံးမှု နိုဝင်ဘာ ၆ ရက်နောက်ဆုံး သတ်မှတ်

ရွေးကောက်ပွဲ ဝင်ကြမယ့်သူတွေရဲ့ မဲဆွယ်စည်းရုံးမှုတွေကို ရွေးကောက်ပွဲရက် မတိုင်ခင်တစ်ရက်အလို နိုဝင်ဘာလ ၆ ရက်နေ့အထိ လုပ်ခွင့်ရမှာဖြစ်တယ်လို့ ရွေးကောက်ပွဲ ကော်မရှင်က ပြောလိုက်ပါတယ်။ ဒီကိစ္စကို အားလုံး သိနိုင်အောင် တရားဝင် သတင်းထုတ်ပြန်တာတော့ မဟုတ်ပါဘူး။ နိုင်ငံရေးပါတီတွေက သေချာအောင် စုံစမ်းကြလို့သာ သိကြရတာပါ။ ဟိုတရက်ကပဲ အခုလ ၃၀ ရက်နေ့ နောက်ဆုံးဆိုပြီး သတင်းတွေ ထွက်လာခဲ့ပါသေးတယ်။ ဘာကြောင့်များ အခုလို ရက်အပြောင်းအလဲတွေ ဖြစ်နေရသလဲ ဆိုတာနဲ့ပါတ်သက်ပြီး ကိုကျော်အောင်လွင်က တင်ပြထားပါတယ်။
ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဌက အခု အောက်တိုဘာလ ၃၀ ရက်နေ့ဟာ မဲဆွယ်စည်းရုံးမှုတွေအတွက် နောက်ဆုံးနေ့ပဲလို့ ပြီးခဲ့တဲ့ တနင်္လာနေ့က သတင်းမီဒီယာတွေကို ပြောဆိုလိုက်ပြီးနောက်ပိုင်း မြန်မာပြည်တွင်းက သတင်းဂျာနယ်တွေမှာလည်း ဒီအကြောင်းကို သတင်းတွေ ရေးသား ဖော်ပြခဲ့ကြပါတယ်။ အဲဒီတုန်းက ဒီသတင်းကို ရှင်းရှင်းလင်းလင်း သိနိုင်အောင် နိုင်ငံရေးပါတီတွေက သက်ဆိုင်ရာ ရွေးကောက်ပွဲ ကော်မရှင်တွေဆီကို စုံစမ်းမေးမြန်း ခဲ့ကြတော့လည်း ရေရာသေချာတဲ့ အဖြေကိုမရခဲ့ကြပါဘူး။

အဲဒါကြောင့် ဒီကနေ့မှာတခါ အမျိုးသားဒီမိုကရေစီ အင်အားစု NDF ပါတီကနေ ကော်မရှင်ဆီကို ထပ် စုံစမ်းတော့ အခုလ ၃၀ ရက်နေ့ နောက်ဆုံးမဟုတ်ဘဲ ရွေးကောက်ပွဲမတိုင်ခင် တရက်အလို နိုဝင်ဘာလ ၆ ရက်နေ့အထိ စည်းရုံးခွင့်တွေ လုပ်ပိုင်ခွင့်ရှိတယ်လို့ သိရတဲ့အကြောင်း NDF ပါတီရဲ့ ရန်ကုန်တိုင်း လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးမြတ်ဉာဏစိုးက ရှင်းပြပါတယ်။

“ဒီနေ့မနက်ပဲပေါ့နော်၊ ကျနော်တို့ ရန်ကုန်တိုင်းဒေသကြီး ကော်မရှင်ဥက္ကဌနဲ့ အဆက်အသွယ် ရပါတယ်။ ရတဲ့အခါကျတော့ ကျနော်တို့က ၆ ရက်နေ့အထိ မဲဆွယ်စည်းရုံးခွင့် ရှိပါတယ်။ သူတို့ ၃၀ ရက်နေ့လို့ ဆိုလိုတာက ရေဒီယိုနဲ့ ရုပ်မြင်သံကြားကနေ မဲဆွယ်စည်းရုံးတာ တခုတည်းကိုပဲ ၃၀ ရက်နေ့အဖြစ် သတ်မှတ်ထားတာပါ။ ကျနော်တို့ ကမ်ပိန်းတွေ သွားတာကတော့ တောက်လျှောက်သွားလို့ရတယ်လို့ ပြောပါတယ်ခင်ဗျ။”

အခုလို မဲဆွယ်စည်းရုံးခွင့် နောက်ဆုံးအချိန် သတ်မှတ်ချက်ကို ရွေးကောက်ပွဲ ဝင်ကြမယ့် ပါတီတွေနဲ့ ကိုယ်စားလှယ်လောင်းတွေကို ကော်မရှင်ကနေ အခုချိန်ထိ ဘာမှအသိပေး အကြောင်းကြားတာတွေ မလုပ်သေးဘူးလို့လည်း ဦးမြတ်ဉာဏစိုးက က ဆက်ပြီး ပြောပါတယ်။

“၃၀ ရက်နေ့ဆိုတဲ့ဟာက ပြည်တွင်းမီဒီယာတွေအပေါ်မှာ ပါလာတာပေါ့နော်။ ပါတီအဖွဲ့အစည်းတွေ တော်တော်များများနဲ့ ကိုယ်စားလှယ်တွေ တော်တော်များများက ၃၀ ရက်နေ့ကိုပဲ နောက်ဆုံးရက်လို့ ထင်နေတုန်းပါခင်ဗျ။ ဒါကိုလည်း ရှင်းလင်းချက် ထုတ်ပြန်ခြင်း မရှိသေးပါဘူးခင်ဗျ။ ကျနော်တို့ နိုင်ငံရေးပါတီတွေကို ဘာမှ ပြတ်ပြတ်သားသား လမ်းညွှန်ခြင်းလည်း မရှိပါဘူး။ ကျနော်ဆိုရင်လည်း ရန်ကုန်တိုင်း ဒေသကြီးက ကော်မရှင်တာဝန်ရှိ ပုဂ္ဂိုလ်တွေကို ဆက်သွယ်မေးမြန်းလို့သာ ကျနော်တို့က ဒီလိုသိတာမျိုး ဖြစ်နေပါတယ်ခင်ဗျ။”

မဲဆွယ်စည်းရုံးခွင့် နောက်ဆုံးအချိန် သတ်မှတ်ချက်ဟာ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေထဲမှာ ထည့်သွင်း ထားသင့်တဲ့အချက်လို့လည်း သူက ထောက်ပြပါတယ်။

“အချိန် တိတိကျကျ သတ်မှတ်မထားပါဘူး။ တကယ့်တကယ်တော့ ကျနော်တို့ ရွေးကောက်ပွဲနဲ့ဆိုင်တဲ့ ဥပဒေ နောက်က နည်းဥပဒေတွေ ထဲမှာ ဒါက ပါရမှာပါခင်ဗျ။”

ရွေးကောက်ပွဲဝင်ကြမယ့် ကိုယ်စားလှယ်လောင်းတွေနဲ့ နိုင်ငံရေးပါတီ တော်တော်များများကတော့ အခုလို မရေမရာ ထွက်ပေါ်နေတဲ့ သတင်းတွေကြောင့် သူတို့ရဲ့ မဲဆွယ်စည်းရုံးရေး လုပ်ငန်းတွေကို စီစဉ်တဲ့နေရာမှာလည်း မရေမရာနဲ့ လုပ်ဆောင်နေကြရပါတယ်။

XS
SM
MD
LG