သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွေးကောက်ပွဲနေ့ အခြေအနေ တုံ့ပြန်သုံးသပ်ချက်


ရွေးကောက်ပွဲနေ့ အခြေအနေ တုံ့ပြန်သုံးသပ်ချက်
ရွေးကောက်ပွဲနေ့ အခြေအနေ တုံ့ပြန်သုံးသပ်ချက်

နှစ်၂၀ကျော်ကြာပြီးမှ ဒီကနေ့ နိုဝင်ဘာ ၇ ရက်မှာ ကျင်းပခဲ့တဲ့ အထွေထွေရွေးကောက်ပွဲ ပြီးဆုံးသွားခဲ့ပါပြီ။ ခုဆိုရင် မဲတွေ ရေတွက်နေတာမှာ တချို့နေရာတွေမှာ အနိုင်အရှုံးစာရင်းတွေကို သိနေရပါပြီ။ အဲဒီအခြေအနေတွေကို ပြည်ထောင်စုမြန်မာနိုင်ငံ အဝေးရောက်ညွန့်ပေါင်းအစိုးရအဖွဲ့ (NCGUB)က နိုင်ငံခြားရေးဝန်ကြီး ဦးဘိုလှတင့်၊ အမေရိကန်နိုင်ငံရောက် မြန်မာ့အရေးသုံးသပ်သူ ချင်းအမျိုးသား ဒေါက်တာဆလိုင်းငုန်ကျုံးလျှန်နဲ့အတူ VOA ဝိုင်းတော်သား ကိုကျော်အောင်လွင်နဲ့ ကိုဇော်ဝင်းလှိုင်တို့က ခြုံငုံသုံးသပ်ကြမှာဖြစ်ပါတယ်။

ကျော်အောင်လွင် - မြန်မာနိုင်ငံမှာ ရှားရှားပါးပါး အနှစ်၂၀အတွင်း ကျင်းပတဲ့ ရွေးကောက်ပွဲတော့ ပြီးသွားပါပြီ။ စစ်အစိုးရကတော့ အရင်ကတည်းက နိုင်ငံတကာကို အသိပေးထားပါတယ်။ မြန်မာပြည်သူတွေကိုလည်း အသိပေးထားပါတယ်၊ ဒီရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတမှု ရှိပါမယ်၊ နိုင်ငံတကာက လာကြည့်ဖို့လည်း မလိုပါဘူး၊ ကုလသမဂ္ဂက လာကြည့်ဖို့လည်း မလိုပါဘူးလို့ ပြောထားပါတယ်။ ခုတော့ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲက ခုန ပြောဆိုချက်တွေနဲ့ လွဲနေတာကို တွေ့ရပါတယ်။ ရွေးကောက်ပွဲ ရလဒ်ကိုတော့ လောလောဆယ် မသိနိုင်သေးပါဘူး။ ဒါပေမဲ့ ဒီနေ့ ဖြစ်ပျက်ခဲ့တဲ့ အခြေနေတွေ သတင်းတွေပေါ်မှာ ခြုံပြီးတော့ သုံးသပ်ဖို့ NCGUB နိုင်ငံခြားရေးဝန်ကြီး ဦးဘိုလှတင့် က ဒီရွေးကောက်ပွဲအခြေနေပေါ် ခြုံပြီးတော့ ဘယ်လို သုံးသပ်ချက်ပေးချင်ပါသလဲ။ -

ဦးဘိုလှတင့် - “ထူးတော့လည်း မထူးဆန်းပါဘူး။ ဒါက နအဖက နည်းလမ်းပေါင်းစုံနဲ့ စနစ်တကျ ပြင်ဆင်ပြီးတော့ သူတို့ရဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက နိုင်အောင် လုပ်ထားတဲ့ ရွေးကောက်ပွဲ ဖြစ်တဲ့အတွက် မတရားမှုတွေ ပြည့်နှက်နေမယ်၊ ဒါပေမဲ့ ဒီရွေးကောက်ပွဲ ပြီးသွားတဲ့အခါမှာလည်းပဲ သူတို့ သေချာအောင်လို့ ကြားရတဲ့သတင်းတွေအရ ဒီ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက မနိုင်ခဲ့ဘူးဆိုရင် အာဏာလွှဲပြောင်းရေး ကိစ္စတွေမှာ ကြန့်ကြာနိုင်တယ်လို့ ပထမဆုံး သုံးသပ်ချင်ပါတယ်။”

ကျော်အောင်လွင် - မြန်မာ့အရေးလေ့လာသုံးသပ်သူ ဒေါက်တာဆလိုင်းငုန်ကျုံးလျှန် ကရော ဘယ်လို သုံးသပ်ချက် ပေးချင်ပါသလဲ။ -

ဒေါက်တာဆလိုင်းငုန်ကျုံးလျှန် - “ကျွန်တော့်အမြင်မှာတော့ ဒီကနေ့ ရွေးကောက်ပွဲဟာ ဗမာပြည်မှာ ဒီမိုကရေစီစနစ်ကို အစပြုပြီးတော့ ပြန်လည်လုပ်ဆောင်ရဖို့အတွက် လိုအပ်ချက်တွေအများကြီး ရှိတဲ့အထဲက အချက်တချက်ဖြစ်တယ်။ ပြည်သူတွေက ကိုယ့်အခြေခံအခွင့်အရေးကို အသုံးချပြီးတော့ မဲပေးတယ်။ ဒီတိုင်းမဲပေးလိုက်ရုံနဲ့ မလုံလောက်ဘဲ မဲမပေးခင်မှာလည်း ကိုယ့်မဲ လုံခြုံဖို့နဲ့ မဲပေးပြီးတဲ့နောက်ပိုင်းမှာလည်း ကိုယ့်မဲကို သူများမတရားမပြုနိုင်အောင် လုပ်ဆောင် စရာအများကြီး ရှိတယ်ဆိုတာကို ပြသလိုက်တာဖြစ်တယ်။ ဆက်ပြီးလုပ်ဆောင်စရာအများကြီးကျန်ပါသေးတယ်လို့ပဲ ပြောချင်ပါတယ်။”

ကျော်အောင်လွင် - ဘန်ကောက်မှာ ရောက်နေတဲ့ VOA ဝိုင်းတော်သား ကိုဇော်ဝင်းလှိုင်က ဒီကနေ့ ရွေးကောက်ပွဲအခြေအနေတွေကို အစကတည်းက တောက်လျှောက် စောင့်ကြည့်နေတာမို့ အခြေနေတွေကို ပြောပြပါဦး။ ဒီနေ့ ရွေးကောက်ပွဲအခြေအနေက မြန်မာစစ်အစိုးရပြောထားသလို လွတ်လပ်ပြီး တရားမျှတတဲ့ အခြေအနေရှိပါသလား၊ သတင်းတွေအရ ဘယ်လိုတွေ့ရပါသလဲ။ -

ဇော်ဝင်းလှိုင် - “ခု ရွေးကောက်ပွဲက ရွေးကောက်ပွဲမတိုင်ခင်ကတည်းက မဲဆွယ်စည်းရုံးတဲ့ ကာလ တွေမှာကတည်းက တရားမျှတမှု မရှိဘူး၊ မဲမသမာမှုတွေ ရှိတယ်၊ အထူးသဖြင့် ကြိုတင်မဲ ပေးတဲ့ နေရာတွေမှာ မသမာမှုတွေ အရမ်းများတယ်ဆိုတဲ့သတင်းတွေက လူတိုင်း ကြားသိပြီးသား သတင်း တွေပါ။ ဒီကိစ္စတွေပေါ်မှာ သူတို့နဲ့ ပုလင်းတူဗူးဆို့ လို့ ခေါ်လို့ရတဲ့ တစညပါတီ ကိုယ်တိုင်ကတောင် ရွေးကောက်ပွဲကော်မရှင်ဆီတိုင်ကြားထားတာမျိုးတွေ အများကြီၤးရှိခဲ့ပါတယ်။ လက်ရှိအနေအထားမှာ ဒီလို တိုင်ကြားထားတာတွေအပေါ် ကော်မရှင်က ဘာမှလုပ်ပေးတာမျိုး မရှိသေးပေမဲ့လည်း ရွေးကောက်ပွဲ ကျင်းပပြီးတဲ့ နောက်မှာလည်း တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ (တစည)က လွှတ်တော်ထဲ ရောက်ရင်တောင်မှပဲ ဥပဒေလမ်းကြောင်းအရ ဒီကိစ္စတွေကို ဆက်ပြီး ကိုင်တွယ်သွား မယ်လို့ တစညပါတီၤက ကျွန်တော့ကို မကြာသေးခင် ဒီကနေ့ညနေကပဲ ပြောထားတာလည်း ရှိပါတယ်။ ဒီတော့ မဲမသမာမှုတွေ ရွေးကောက်ပွဲမှာ ဘက်လိုက်မှုတွေနဲ့ ပတ်သက်ပြီးတော့ ဥပဒေလမ်းကြောင်းနဲ့ စောင့်ကြည့်ရဦးမယ့် အနေအထားတွေအများကြီး ရှိပါတယ်။”

ကျော်အောင်လွင် - ဒါဆို ဒီကနေ့ ၂၀၁၀ ရွေးကောက်ပွဲမှာ မပါတဲ့၊ ရွေးကောက်ပွဲကို သပိတ်မှောက်တဲ့ ၁၉၉၀ခုနှစ်မှာ အနိုင်ရခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က ရွေးကောက်ပွဲနေ့မှာ ဘာလုပ်နေသလဲ၊ NLD ပါတီရဲ့ အသံတွေ ထူးထူးခြားခြား မကြားရပါဘူး။ NLD ပါတီရဲ့ လှုပ်ရှားမှုတွေကရော ရွေးကောက်ပွဲနေ့မှာ ထူးထူးခြားခြား ဘာများရှိပါသလဲ၊ -

ဇော်ဝင်းလှိုင် - “ဒီရွေးကောက်ပွဲမှာ NLD မပါဘူးဆိုပေမဲ့ NLD ရဲ့ အခန်းကဏ္ဍကိုတော့ ကျွန်တော်တို့ မေ့ထားလို့ မရပါဘူး။ ဒီရွေးကောက်ပွဲကို မဲမထည့်ကြဖို့ကိစ္စတွေ၊ ဦးဝင်းတင်တို့ကိုယ်တိုင် လုပ်ဆောင်ကြတဲ့ လှုပ်ရှားမှုတွေ ရှိပါတယ်။ ဒါတွေကို ထောက်ခံကြတဲ့သူတွေ ရှိသလို တချို့လည်း သဘောမတူကြတဲ့သူတွေ ရှိရင် ရှိမှာပေါ့လေ။ ဒါပေမဲ့ တော်တော်များများက ထောက်ခံကြတယ် ဆိုတာကိုတော့ ဒီရွေးကောက်ပွဲကို မဲလာပေးသူ အရည်အတွက်ကို ကြည့်ခြင်းအားဖြင့် သိနိုင်ပါတယ်။ အထူးသဖြင့်တော့ မြို့ကြီးတွေမှာ မဲလာပေးသူ နည်းတယ်ဆိုတာ တွေ့ရပါတယ်။ မဲမသမာမှုတွေနဲ့ ပတ်သက်ပြီးတော့လည်း NLD ဟာ ဒီတိုင်းတော့ မနေဘူး။ သူတို့အနေနဲ့ မဲရုံတွေကို လိုက်ပြီးတော့ လေ့လာနေတယ်၊ မှတ်တမ်းတွေပြုစုနေတယ်ဆိုတာကိုလည်း NLD လူကြီးပိုင်းက ဒီကနေ့ပဲ ကျွန်တော့ကို ပြောပါတယ်။ အဲဒီပြုစုထားတဲ့ မှတ်တမ်းတွေကို နောက် တရက် ၂ရက် မဲတွေ ကြေညာပြီးတဲ့ နောက်ပိုင်းမှာ အစည်းအဝေးထိုင်ပြီးတော့ ဥပဒေလမ်းကြောင်းအရ လုပ်လို့ ရတဲ့ လမ်းကြောင်းတွေကို ရှာပြီးတော့ ဒီကိစ္စတွေကို ဖော်ထုတ်သွားမယ်လို့ ပြောပါတယ်။”

ကျော်အောင်လွင် - တစညပါတီဟာ NLD ပါတီက ရွေးကောက်ပွဲမဝင်တဲ့အတွက် အစောပိုင်းမှာ တော်တော်လေး မျှော်လင့်ချက်ရှိတယ်ဆိုတဲ့ အသံတွေ ကြားခဲ့ရပါတယ်။ နောက်ပိုင်း ကြံ့ခိုင်ဖွံ့ဖြိုးရေး အဖွဲ့က ပါတီအသွင်ပြောင်းပြီး ရွေးကောက်ပွဲဝင်မယ်ဆိုတဲ့ အသံထွက်လာပြီးတဲ့နောက်ပိုင်း တကယ်လည်း ရွေးကောက်ပွဲဝင်ဖို့ လုပ်လာပြီးနောက်မှာ တစညရဲ့အသံကို သိပ်ပြီး ခပ်ကျယ်ကျယ် မကြားရတော့ပါဘူး။ ခုရွေးကောက်ပွဲမှာ ထိပ်တိုက် တွေ့ကြရတာကလည်း ပါတီကြီး ၂ခုဖြစ်တဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီနဲ့ တစည ပါတီပါပဲ။ ဆိုတော့ ဒီပါတီကြီး ၂ခုရဲ့ ရပ်တည်ချက်နဲ့ ရွေးကောက်ပွဲ အနေအထားကို ဦးဘိုလှတင့် ဘယ်လို သုံးသပ်ချက်ပေးချင်ပါသလဲ။

ဦးဘိုလှတင့် - “တစညဟာ မဆလပါတီက တဖြစ်လဲတဲ့ ပါတီဖြစ်ပေမယ့် ဒီမိုကရေစီကို ဆက်ပြီး ဦးတည်သွားမယ့် ပါတီဖြစ်တယ်လို့ ပြည်သူတွေကို ကြိုးပမ်းပြီး စည်းရုံးနေတာတွေ ကျွန်တော်တို့ ကြားနေ သိနေရပါတယ်။ တချိန်တည်းမှာပဲ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကတော့ စစ်တပ်ရဲ့ လက်ကိုင်တုတ် ပါတီ ဖြစ်တာနဲ့ အညီ စစ်တပ်ရဲ့ မူဝါဒတွေကို စစ်တပ်ရဲ့ အခွင့်အာဏာတွေကို အလွဲသုံးစားပြု ပြီးတော့သေချာအောင် လုပ်တဲ့ ပါတီဖြစ်ပါတယ်။ အဲလို ကွာဟချက်တော့ ရှိပါတယ်။ သို့သော်လည်းပဲ ဒီပါတီ နှစ်ခုစလုံးကို စစ်တပ်ကမွေးထားပြီးတော့ သူ့အာဏာချိန်ခွင်လျှာထဲမှာ အသုံးချသွားမယ့် လက္ခာတွေ တွေ့ရတဲ့အတွက် ဘယ်ပါတီ နိုင်လာသည်ဖြစ်စေ၊ စစ်တပ်ကနေ လူထုကို မွဲပြာကျအောင် လုပ်တဲ့ အခြေခံကနေ ပြောင်းလဲသွားလိမ့်မယ်လို့တော့ မထင်ပါဘူး။”

ကျော်အောင်လွင် - ဒေါက်တာဆလိုင်းငုန်ကျုံးလျှန် ကို မေးချင်ပါတယ်။ ဒီကနေ့ ကျွန်တော်တို့ရဲ့ အနယ်နယ်အရပ်ရပ်က သတင်းထောက်တွေ တင်ပြသွားတဲ့ သတင်းတွေအရတော့ တိုင်းရင်းသား ဒေသတွေမှာ မဲထည့်ကြတဲ့အခြေနေတွေကို ဆရာလည်း ကြားမှာပါ။ ဒီရွေးကောက်ပွဲကို တိုင်းရင်းသားပါတီတွေဘက်ကလည်း တော်တော်လေး မျှော်လင့်ချက်ထားကြတာကို ရွေးကောက်ပွဲ မတိုင်ခင် ကာလတွေမှာတုန်းကလည်း သတိထားမိပါတယ်။ ဒီတော့ ဒီနေ့ ရွေးကောက်ပွဲ အခြေအနေ အရ တိုင်းရင်းသားပါတီတွေရဲ့ အလားအလာ ဘယ်လိုရှိမလဲဆိုတာ သုံးသပ်ပေးပါဦး။ -

ဒေါက်တာဆလိုင်းငုန်ကျုံးလျှန် - “၂၀၁၀ ရွေးကောက်ပွဲမှာ တိုင်းရင်းသားတွေ တက်တက်ကြွကြွ ပါဝင်နေတဲ့ နံပါတ်တစ် အချက်ကတော့ ၁၉၄၈ လွတ်လပ်ရေးရပြီးတဲ့နောက်ပိုင်း တိုင်းရင်းသား ပြည်နယ် ခုနစ်ခုမှာ ကိုယ့်ပြည်နယ်အစိုးရကို ကိုယ်စားပြုတဲ့ အစိုးရကို ရွေးကောက်တဲ့ ရွေးကောက်ပွဲ မရှိခဲ့ဘူး။ ခုက ပထမအကြိမ်ဖြစ်တဲ့အတွက် ဒီရွေးကောက်ပွဲကို သူတို့က လက်လွတ်မခံချင်ဘူး။ ရွေးကောက်ပွဲကို ဆန္ဒပြတဲ့သူတွေကို သူတို့က မလေးစားတာလည်း မဟုတ်ဘူး၊ ဒီအခွင့်အရေးကို မရမက သုံးချင်လို့ ဒါ သုံးတာဖြစ်တယ်လို့ ကျွန်တော် ယူဆတယ်။ ခုချိန်ထိ ဘာအဖြေ ထွက်လာမလဲ ဆိုတာတော့ ကျွန်တော် မျှော်လင့်မထားဘူး။ ဒါပေမဲ့ ကျွန်တော် စိုးရိမ်တာတခုက ကျွန်တော်တို့ တခါမျှ ၄၈နောက်ပိုင်းမှာရော ၆၂နောက်ပိုင်းမှာပါ မလုပ်ဖူးတဲ့ မတွေ့ကြုံဖူးတဲ့ နိုင်ငံရေးနယ်ပယ်ကို ဖြတ်သန်းရတဲ့အချိန်မှာ တိုင်းရင်းသားတွေဖြစ်ဖြစ် ဒီမိုကရေစီဘက်တော်သားတွေဖြစ်ဖြစ် နောက်ကြောင်း ရာဇဝင်မရှင်းသလိုဖြစ်နေတဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီဖြစ်ဖြစ် အတူတကွ ပူးပေါင်းဆောင်ရွက်ပြီးတော့ ဒီကနေ ရှေ့ဆက်သွားရမယ့် လမ်းကြောင်းပေါ်မှာ တယောက်နဲ့တယောက် အပြန်အလှန်လက်တွဲပြီးတော့ တနိုင်ငံလုံးကောင်းစားရေးအတွက် အတူတကွလုပ်ဆောင်နိုင်မယ့် လမ်းကြောင်းကို ခုချိန်ကတည်းက သူတို့ရှာသင့်ပြီလို့ ကျွန်တော် ယူဆပါတယ်။”

ကျော်အောင်လွင် - နောက်တခု တိုင်းရင်းသားကိစ္စနဲ့ တဆက်တည်းပဲပေါ့ဗျာ၊ ရွေးကောက်ပွဲနဲ့ တိုက်ရိုက်ပတ်သက်တာတော့ မဟုတ်ပေမဲ့လည်း တိုင်းရင်းသားအရေးနဲ့ ဆက်စပ်နေတာပါ။ သတင်းတွေကြားနေရပါတယ်။ ဒီသတင်းတွေ ဘယ်လောက်သေချာသလဲဆိုတာတော့ အတည်ပြုချက် မယူနိုင်သေးပါဘူး။ အဲဒါကတော့ မြန်မာစစ်အစိုးရနဲ့ အပစ်အခတ်ရပ်စဲထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် အင်အားစုအဖွဲ့တွေနဲ့ ပတ်သက်တဲ့ ကိစ္စပါ။ ရွေးကောက်ပွဲပြီးရင် သူတို့နဲ့ စစ်အစိုးရတို့ကြားက တင်းမာမှုတွေက ပိုပြီးတော့ ထင်ရှားလာမယ် ကြီးကျယ်လာမယ်ဆိုတဲ့ ခန့်မှန်းချက်တွေ ထွက်နေပါတယ်။ ခု ရွေးကောက်ပွဲပြီးသွားပြီဆိုတော့ အဲဒီအပစ်ရပ်အဖွဲ့တွေနဲ့ မြန်မာစစ်အစိုးရကြားက ပဋိပက္ခတွေအခြေနေ ဘယ်လိုရှိမယ်လို့ ခန့်မှန်းပါသလဲ။ -

ဒေါက်တာဆလိုင်းငုန်ကျုံးလျှန် - “ကျွန်တော့အမြင်မှာတော့ ၂၀၀၈ အခြေခံဥပဒေအရ နောက်တက်လာတဲ့ အစိုးရဟာ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့တွေအားလုံး အပစ်ရပ်ရော၊ အပစ်မရပ်တာတွေရောမှာ အပစ်မရပ်တာတွေကတော့ ထပ်ပြီးတော့ ချဖို့ပဲရှိတယ်။ အပစ်ရပ်တဲ့သူတွေအားလုံးကတော့ တပ်မတော်ရဲ့ ဦးဆောင်မှုအောက်မှာ သွပ်သွင်းကြမှာဖြစ်တယ်။ မဖြစ်မနေ လုပ်ရမယ်၊ မလုပ်ရင် ပြန်တိုက်မလား၊ နောက်တနည်းနဲ့ ဖြေရှင်းမလား၊ ခုလို ဟိုမရောက် ဒီမရောက်နည်းနဲ့ ဖြေရှင်းနေလို့ မရတော့တဲ့အတွက် စစ်ရေးအရဖြစ်လာနိုင်တဲ့ပြင်ဆင်မှုကို သူတို့တွေ အပစ်ရပ်ရော မရပ်ရော၊ ခုချိန်ကတည်းက လုပ်နေတယ်လို့ပဲ ကျွန်တော် ယူဆပါတယ်။”

ကျော်အောင်လွင် - ဒီအချက်ပေါ်မှာ ဦးဘိုလှတင့် ကရော ဘယ်လို မှတ်ချက်ပေးချင်ပါသလဲ။ -

ဦးဘိုလှတင့် - “နအဖကတော့ ဒီရွေးကောက်ပွဲမှာ အနိုင်ရတာ သေချာသွားရင်တော့ တိုင်းရင်းသားလက်နက်ကိုင် အင်အားစုတွေကိစ္စဘက်ကို လှည့်လာမှာပါပဲ။ ခုတည်းကလည်း လက်နက်ကိုင်တပ်တွေကို သက်ဆိုင်ရာနယ်မြေအသီးသီးမှာ တိုးချ ထားတဲ့အပေါ်မှာ တင်းမာမှုတွေ ဆက်ပြီးတော့ ဖြစ်လာနိုင်တယ်။ ခုနပြောတဲ့ တိုင်းရင်းသားအင်အားစုတွေဘက်ကလည်း စစ်ရေးမဟာမိတ်ဖွဲ့မှုတွေ ရှိနေတဲ့အခါကျတော့ ဒီအချိန်မှာ ကျွန်တော်တို့ တကယ် ပြေလည်အောင် ဆောင်ရွက်နိုင်ဖို့ ဒါမှမဟုတ်လည်း ဒီအဆင့်မှာ ကိုယ်လိုလားတဲ့ဘက်ကို ကျော်လွှားသွားနိုင်ဖို့ ဆိုရင် ဒီမိုကရေစီ အင်အားစုတွေကြားထဲမှာ အင်မတန်မှကို ညီညွတ်ဖို့ ၊ လက်တွေ့ကျကျ နဲ့ စနစ်ကျတဲ့ မဟာဗျူဟာ နည်းဗျူဟာတွေ ရှိဖို့လိုတယ်လို့ မြင်ပါတယ်။”

ကျော်အောင်လွင် - ရွေးကောက်ပွဲမတိုင်ခင်ကတည်းက အသံကျယ်ကျယ်ထွက်နေတဲ့ ကိစ္စတခုကို ပြောချင်ပါသေးတယ်။ အဲဒါကတော့ ကြိုတင်မဲ ကိစ္စပါ။ ကြိုတင်မဲတွေကောက်တဲ့နေရာမှာ အာဏာပိုင်တွေဘက်က ပတ်သက်တာတွေ၊ ရွေးကောက်ပွဲကော်မရှင် ဘက်က ပတ်သက်တာတွေ ရှိနေတယ်ဆိုပြီးတော့ နိုင်ငံရေးပါတီတွေဘက်က ပြောဆိုတာတွေ ကြားပါတယ်။ ဒေသခံတွေဘက် ကလည်း မကျေမနပ်ပြောဆိုကြတာတွေ ကြားပါတယ်။ ဆိုတော့ ကိုဇော်ဝင်းလှိုင် ရေ.. ကြိုတင်မဲ ပြဿနာဟာ ခု ရွေးကောက်ပွဲမှာ ဘယ်လောက်အရေးပါပါသလဲ။ -

ဇော်ဝင်းလှိုင် - “ကြိုတင်မဲပြသနာက တော်တော့်ကို အရေးပါပါတယ်။ ဥပမာဆိုလို့ရှိရင် တောင်ဥက္ကလာပမှာ မြို့တော်ဝန်ဦးအောင်သိန်းလင်း နိုင်သွားတဲ့ ကိစ္စဟာ ကြိုတင်မဲတွေက အရေးပါတဲ့ အခန်းကဏ္ဍမှာပါတယ်လို့ ဒေသခံတွေက ခန့်မှန်းကြတယ်။ မွန်ပြည်နယ်ထဲမှာ ဆိုရင်လည်း နောက်ဆုံးကြားရတဲ့သတင်းတွေအရ မွန်တိုင်းရင်းသားပါတီတွေက နိုင်တယ်လို့ ပထမ သတင်းထွက်လာတယ်။ နောက်တော့ ကြိုတင်မဲတွေကို ပြန်ရေလိုက်တဲ့အတွက် ကြံံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်က နိုင်သွားတယ်ဆိုတဲ့ ပြောင်းပြန် ပြန်ဖြစ်သွားတဲ့ အခြေနေတွေ သတင်းတွေ ကြားရတယ်။ ဒါကြောင့် ဒီကိစ္စက သိပ်ကြီးကျယ်တယ်။ ရွေးကောက်ပွဲပြီးသွားတဲ့ တိုင်အောင် ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး တာဝန်ရှိတယ်လို့ ယူဆထားတဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီကို တစညအပါအဝင် နိုင်ငံရေးပါတီတွေက လွှတ်တော်ထဲ ရောက်သွားတဲ့အထိ ဥပဒေကြောင်းအရ အရေးယူ ဆောင်ရွက် သွား ဖို့ စီစဉ်နေကြတယ်လို့ သိရပါတယ်။”

ကျော်အောင်လွင် - ဒီကြိုတင်မဲကိစ္စတွေက တိုင်းရင်းသားဒေသတွေမှာလည်း တော်တော် အသံထွက် ပါတယ်။ ကြိုတင်မဲတွေမှာ မဲမသမာမှုတွေ ရှိတယ် ဘက်လိုက်မှုတွေ ရှိတယ် ဆိုတာနဲ့ ပတ်သက်ပြီး ဆရာငုန်ကျုံးလျှန် ဘလို မှတ်ချက်ချချင်ပါသလဲ။ -

ဒေါက်တာဆလိုင်းငုန်ကျုံးလျှန် - “ကိုဇော်ဝင်းလှိုင်ပြောတဲ့အထဲမှာ NLD က ဒီရွေးကောက်ပွဲမှာ သူတို့ ပါတီအနေနဲ့ မပါပေမဲ့ သူတို့ လုပ်သင့်လုပ်ထိုက်တာဖြစ်တဲ့ ရွေးကောက်ပွဲမှာ မဲပေးပုံ မဲရေပုံ မတရားမှုတွေ လုပ်မလုပ် စတာတွေကို အလွတ်သဘောနဲ့ ဝင်လုပ်ပေးနေတယ်ဆိုတာကြားရလို့ တော်တော် ဝမ်းသာတယ်။ ဒါဟာ ၉၀မှာ အနိုင်ရတဲ့ပါတီကြီးတခုအနေနဲ့ သိက္ခာရှိရှိနဲ့ လုပ်သင့် လုပ်ထိုက်လို့ လုပ်နေတာဖြစ်တယ်လို့ ကျွန်တော်မြင်တယ်။ နောက်တချက်က NUP ပ ါတီက ခုချိန်ထိ ကြိုတင်မဲကိစ္စနဲ့ နာမည်ဆိုးလည်း မရှိဘူး။ သူတို့ကိုယ်တိုင်က USDP လုပ်နေတဲ့ကိစ္စမှာ မကျေနပ်တဲ့ ပါတီဖြစ်လာတယ်။ ဒီတော့ ကျွန်တော်ပြောချင်တာက ကြိုတင်မဲကိစ္စတွေ မဲ ပေးပြီးနောက်ပိုင်း ရေတွက်တာတွေကို NLD ဖြစ်ဖြစ် NUP ဖြစ်ဖြစ် ဒီမိုကရေစီဘက်က နိုင်ငံရေးပါတီတွေဖြစ်ဖြစ် တိုင်းရင်းသားပါတီတွေဖြစ်ဖြစ် အားလုံးပူးပေါင်းပါဝင်ပြီးတော့ ရွေးကောက်ပွဲကော်မရှင် ဥပဒေဘောင် ထဲ ကနေ ရွေးကောက်ပွဲ ကော်မရှင်က ဒီကိစ္စကို အချိန်တိုတိုအတွင်း အားလုံးဖြေရှင်းနိုင်ဖို့ လိုတယ်လို့ ကျွန်တော် ယူဆတယ်။ ရွေးကောက်ပွဲမှာ အနိုင်ရတဲ့သူဖြစ်ဖြစ် အနိုင်မရတဲ့သူဖြစ်ဖြစ် တသီးပုဂ္ဂလတွေဖြစ်ဖြစ် ပြည်သူပြည်သားတွေပဲ ဖြစ်ဖြစ် ဒီကိစ္စမှာ ရှေ့နေတွေက ကိုယ်စားပြုနိုင်တယ်ဆိုတော့ မြန်မာနိုင်ငံက လူကြီးရှေ့နေတွေ လုူငယ်ရှေ့နေတွေ အားတက်သရော ဝင်ပါပြီးတော့ ဖော်ထုတ်သင့်တယ်လို့ ယူဆပါတယ်။”

ကျော်အောင်လွင် - ဦးဘိုလှတင့် ဘယ်လိုမှတ်ချက်ပေးချင်ပါသလဲ။ -

ဦးဘိုလှတင့် - “မှန်ပါတယ်။ ဒီလို မသမာမှုကိစ္စအားလုံးဟာ မြန်မာပြည်သူတွေအားလုံးက ရော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဖြစ်စေ တစညပါတီဖြစ်စေ ကျန်တဲ့ ဘယ်သူမဆို ဒီဟာကို ဖော်ထုတ်ချင်တဲ့ ပုဂ္ဂိုလ်တိုင်းနဲ့ လက်တွဲပြီးတော့ ဆောင်ရွက်သွားသင့်တဲ့ ကိစ္စဖြစ်ပါတယ်။ ဒါကို မြန်မြန်ဆန်ဆန် တိတိကျကျ လုပ်နိုင်ကြဖို့ အင်မတန်အရေးကြီးတယ်လို့ ကျွန်တော် ယူဆပါတယ်။ ဒီတိုက်ပွဲမှာ အမှန်တရားကို ဖော်ထုတ်နိုင်တယ်ဆိုရင် ဒုတိယအဆင့်ကို ညီညွတ်မှုနဲ့ ဆက်တက်လှမ်းသွားနိုင်မယ်။ ဒီအခါမှာ ပါတီစွဲ ပုဂ္ဂိုလ်စွဲ လူမျိုးစွဲ ဂိုဏ်းဂဏစွဲ ကင်းဖို့တော့ လိုတယ်လို့ ကျွန်တော် မြင်ပါတယ်။”

ကျော်အောင်လွင် - ဒီတခါတော့ အကြောင်းအရာတခု ပြောင်းရအောင်ပါ။ ရွေးကောက်ပွဲမှာ အရေးကြီးဆုံးအစိတ်အပိုင်းက ရွေးကောက်ပွဲ ကော်မရှင်ပါ။ ရွေးကောက်ပွဲ ကော်မရှင်က ရွေးကောက်ပွဲမှာ ဘယ်လို ရပ်တည်ခဲ့သလဲ၊ ဘာတွေ လုပ်ခဲ့သလဲဆိုတာကို ကျွန်တော်တို့ ကြည့်ကြရ အောင်ပါ။ ကိုဇော်ဝင်းလှိုင် ရေ.. ရွေးကောက်ပွဲ ကော်မရှင်က ဒီနေ့ ဘာတွေ လုပ်ခဲ့သလဲဆိုတာကို မြင်တွေ့ရသမျှ ပြောပြပါဦး။ -

ဇော်ဝင်းလှိုင် - “ရွေးကောက်ပွဲကော်မရှင်ရဲ့ ရပ်တည်ချက် ရိုးသားလား မရိုးသားဘူးလားဆိုတာ ပြောရခက်ပါတယ်။ တချို့ နေရာတွေမှာ ဥပမာ မနေ့ကပဲ NLD ကပြောတာက ကြိုတင်မဲပေးတဲ့ နေရာတွေမှာကို ကော်မရှင် လူကြီးတွေကိုယ်တိုင် ပါဝင်ပတ်သက်ပြီးတော့ ကြံ့ခိုင်ရေးပါတီအတွက် မဲတွေကို စာအိတ်တွေထဲမှာ သူတို့ကိုယ်တိုင် ထည့်ပေးနေတယ်ဆိုတာမျိုးကြားရတယ်။ ဒီကနေ့လည်း တိုင်းရင်းသားဒေသတချို့မှာ ရွေးကောက်ပွဲကော်မရှင်လူကြီးတွေကိုယ်တိုင်က မဲရုံမှာလာပြီးတော့ ကြံံခိုင်ရေးပါတီကို မဲပေးကြဖို့ တိုက်ရိုက်မဟုတ်ပေမဲ့ သွယ်ဝိုက်တဲ့နည်းနဲ့ ဘေးနားကနေ ရပ်ကြည့်နေတဲ့ ပုံစံမျိုးလုပ်တယ်ဆိုတာတွေ ကြားရပါတယ်။ ဒီတော့ ရွေးကောက်ပွဲကော်မရှင်က ရိုးသားလား မရိုးသားဘူးလားဆိုတာကိုတော့ ဒီအခြေနေကို ကြည့်ြ့ပီးတော့သာ ဆုံးဖြတ်ကြပေတော့ လို့ ပြောရတော့မလို ဖြစ်နေတယ်။”

ကျော်အောင်လွင် - ဆရာဆလိုင်းငုန်ကျုံးလျှန်ခင်ဗျ.. ရွေးကောက်ပွဲ ကော်မရှင်အနေအထား ဘယ်လိုများတွက်မိပါသလဲ။ -

ဒေါက်တာဆလိုင်းငုန်ကျုံးလျှန် - “ကျွန်တော့အမြင်မှာတော့ ဒီရွေးကောက်ပွဲ ကော်မရှင်က ရွေးကောက်ပွဲ ဥပဒေတွေအတိုင်း ဒီမတရားမှုတွေကို တိတိကျကျ ခုံအဖွဲ့ဖွဲ့ပြီးတော့ လုပ်နိုင် မလုပ်နိုင်ဆိုတာကို အဲလို ရွေးကောက်ပွဲမတရားမှုတွေ တင်ပြချင်တဲ့လူတွေက တကွဲတပြားစီမလုပ်ဘဲ တစုတစည်းတည်း လုပ်မယ်ဆိုရင်တော့ ဒီၤကော်မရှင်အဖွဲ့က ဘယ်မှပြေးမယ်မထင်ပါဘူး။ သူတို့ ကြိုက်ကြိုက်မကြိုက်ကြိုက် အမှန်အတိုင်းပဲ လုပ်ရမယ်လို့ ထင်ပါတယ်။”

ကျော်အောင်လွင် - ဦးဘိုလှတင့်က ၁၉၉၀ရွေးကောက်ပွဲမှာတုန်းက မန္တလေးတိုင်း မိုးကုတ်မြို့နယ် ကနေ အနိုင်ရခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ်တဦးဖြစ်ပါတယ်။ ဒီတော့ ၁၉၉၀တုန်းက ရွေးကောက်ပွဲ ကော်မရှင်နဲ့ ဒီကနေ့ ရွေးကောက်ပွဲ ကော်မရှင် ဘာများ ကွာခြားချက်တွေ သတိထားမိပါသလဲ။

ဦးဘိုလှတင့် - “ရွေးကောက်ပွဲ ကော်မရှင် နှစ်ခုစလုံးကတော့ ရုပ်သေးသာသာ အဆင့်ရှိတဲ့ ကော်မရှင်တွေပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီကနေ့ကတော့ ပိုပြီးတော့ စစ်အာဏာရှင်တွေက စနစ်တကျနဲ့ လူရွေးချယ်မှုအရရော နည်းလမ်းအရ လုပ်ထုံးလုပ်နည်းတွေအရပါ ချုပ်ကိုင်ထားတဲ့ ရုပ်သေးသာသာ ရွေးကောက်ပွဲ ကော်မရှင်ဖြစ်နေတဲ့အတွက် သူတို့ရဲ့ အဆင့်အတန်းက ပိုပြီးတော့ နိမ့်ကျတယ်။ ပိုပြီးတော့ ဒီမသမာမှုတွေမှာ ကိုယ်တိုင်ပါဝင်ပတ်သက်တဲ့ အဆင့်ထိရောက်အောင် အဆင့်အတန်း မရှိဘူးဆိုတဲ့ဟာမျိုးကို နှိုင်းယှဉ်တွေ့ရပါတယ်။ ဒါပေမဲ့လည်း သူ့ရဲ့ ဝတ္တရားကတော့ ကြိုက်ကြိုက် မကြိုက်ကြိုက် အမှန်တရားကို ဖော်ထုတ်ပေးရမယ်။ စစ်အာဏာရှင်ကို အလိုလိုက်ပြီးတော့ ပြောနေတယ်ဆိုရင်တော့ သူတို့ သမိုင်း သူတို့ ရေးတာပဲ ။ ဒါကြောင့် ကျန်တဲ့ အင်အားစုတွေက ဝိုင်းပြီးတော့ ဒီရွေးကောက်ပွဲ ကော်မရှင်ပေါ် ဖိအားဘယ်လောက်ပေးနိုင်မလဲဆိုတာပေါ် မူတည် တယ်လို့ ပြောရမှာဖြစ်ပါတယ်။”

ကျော်အောင်လွင် - ဒီနေ့ ဆွေးနွေးတဲ့အထဲမှာ ပထမတော့ ကြံံခိုင်ရေးပါင်္တီအကြောင်း ထည့်ပြော မလားလို့ စဉ်းစားပါတယ်။ ဒါပေမဲ့ ခုနပြောတဲ့ အကြောင်းအရာတွေ သတင်းတွေထဲမှာလည်း ဒီအဖွဲ့အကြောင်း ကြားထားပြီးသားဖြစ်လို့ ထည့်ပြောစရာမလိုတော့ပါဘူး။ ခုကို တော်တော် ထင်ရှားနေပါပြီ။ ဆိုတော့ ခု ကျန်တဲ့ အချိန်လေးမှာ ခု ရွေးကောက်ပွဲကို သပိတ်မှောက်ထားတဲ့ ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီရဲ့ အခြေနေကို သုံးသပ်ပြီးတော့ပဲ အဆုံးသတ်ကြရအောင်ပါ။ ဆရာဦးဘိုလှတင့် ဆက်ပြီးပြောပေးပါ။ NLD ပါတီဟာ ခုရွေးကောက်ပွဲမှာ မပါပါဘူး။ ဒီတော့ သူ့ရဲ့ ရပ်တည်ချက် နဲ့ နိုင်ငံရေးအလားအလာ နိုင်ငံရေးအခြေအနေ ဘယ်လိုဖြစ်လာနိုင်တယ်လို့ ထင်ပါသလဲ။

ဦးဘိုလှတင့် - “ကျွန်တော်တို့တိုင်းပြည်ရဲ့ အခြေခံလိုအပ်ချက်တွေက တစ်အချက်က အမျိုးသား ပြန်လည် သင့်မြတ်ရေးဖြစ်ပါတယ်။ နောက် တိုင်းရင်းသားတန်းတူညီမျှအခွင့်အရေးတွေ အာမခံချက် ရှိရေးနဲ့ ဒီမိုကရေစီ ရရှိရေးနဲ့ လူ့အခွင့်အရေးတွေ ရရှိရေးတွေ ဖြစ်ပါတယ်။ ဒါတွေကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အတိအလင်း အာမခံချက်ပေးပြီးတော့ ကြိုးစားခဲ့တဲ့ ပါတီဖြစ်တယ်။ ဒါကြောင့်မို့ ဒီဟာတွေ မပြည့်စုံမချင်းကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ပြည်သူလူထု ရှေ့မှောက်ကနေ လူထုနဲ့ လက်တွဲ ဆက်လုပ်သွားဖို့ လိုပါတယ်။ လုပ်လည်း လုပ်သွားလိမ့်မယ်လို့ ယုံလည်း ယုံကြည်ပါတယ်။”

ကျော်အောင်လွင် - ဆရာ ငုန်ကျုံးလျှန် ကျွန်တော်တို့ စကားဝိုင်းကို အဆုံးသတ်ပေးပါ။ NLD ပါတီရဲ့ နိုင်ငံရေးရပ်တည်ချက်နဲ့ ခု ရွေးကောက်ပွဲ။ ပြီးတော့ ရှေ့နိုင်ငံရေးအလားအလာ ဘယ်လို ခန့်မှန်းမိပါသလဲ။

ဒေါက်တာ ဆလိုင်းငုန်ကျုံးလျှန် - “ကျွန်တော်ကတော့ NLD ပါတီကို မဝေဖန်ချင်ပါဘူး။ ဝေဖန်စရာ လည်း မရှိပါဘူး။ ရွေးကောက်ပွဲ င်္ပြီးသွားပြီ။ နောက် ဒီရွေးကောက်ပွဲ မတရားမှုတွေကို ရွေးကောက်ပွဲ ဝင်တဲ့သူရော မဝင်တဲ့ သူရော တတ်နိုင်သလောက် ဖော်ထုတ်ဖို့ ကြိုးစားရမယ်။ ရွေးကောက်ပွဲ ပြီးလို့ အစိုးရ တက်လာပြီးတဲ့ နော်ကမှာလည်း NLD လည်း ရှိမှာပဲ၊ အပစ်ရပ်တွေ အပစ်မရပ်အဖွဲ့တွေလည်း ရှိမှာပဲ။ အားလုံးက ဗမာပြည်ကောင်းကျိုး ဆက်လုပ်ကြဖို့ လိုပါတယ်။”

XS
SM
MD
LG