သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းရေး ပါတီများ အခက်ကြုံ


နိုဝင်ဘာလ ၇ ရက်နေ့မှာ ရွေးကောက်ပွဲတွေ ကျင်းပမယ်လို့ ဒီကနေ့ ကြေညာလိုက်ပြီး ဝင်ပြိုင်မယ့် လွှတ်တော် ကိုယ်စားလှယ်လောင်း အမည်စာရင်းကို သီတင်းနှစ်ပတ်အတွင်း တင်သွင်းရမယ့် ကိစ္စက ပါတီအများစုအတွက် အကြီးမားဆုံး အခက်အခဲတခု ဖြစ်နေပါတယ်။ အဲဒါကြောင့် အမည်စာရင်း တင်သွင်းရမယ့်ရက်ကို နောက်ရွှေ့ပေးဖို့ ပါတီတချို့ကနေ ကော်မရှင်ကို တင်ပြရေး ပြင်ဆင်နေကြပါတယ်။ အပြည့်အစုံကို ဘန်ကောက်ကနေ ကိုကျော်အောင်လွင်က သတင်းပို့ထားပါတယ်။

ဘယ်နေ့မှန်းမသိဖြစ်နေတဲ့ မြန်မာပြည်က ရွေးကောက်ပွဲ ကျင်းပမယ့်ရက်ကိုတော့ ဒီကနေပပဲ မြန်မာစစ်အစိုးရပိုင် သတင်းဌာနတွေကနေ ကြေညာလိုက်ပါပြီ။ နိုဝင်ဘာလ ၇ ရက်နေ့မှာ ကျင်းပမယ်ဆိုတဲ့ စုစုပေါင်း အချိန် ၂ လကျော်ပဲ ရှိပါတယ်။ ဒီကိစ္စကို အခုမှ ကြေညာရတာ ဘာကြောင့်လဲဆိုတာကို အာဏာပိုင်တွေဘက်က ဘာမှရှင်းမပြပါဘူး။ ရွေးကောက်ပွဲ ရက် သတ်မှတ်ချက်ထက် ပိုပြီး နိုင်ငံရေးပါတီ အများစု တအံ့တသြ ဖြစ်နေကြတာက ဝင်ပြိုင်ကြမယ့် ပါတီ ကိုယ်စားလှယ်လောင်းတွေရဲ့ စာရင်းကို အခု သြဂုတ်လ ၁၆ ရက်နေ့ကနေ ၃၀ ရက်နေ့အတွင်း ရွေးကောက်ပွဲ ကော်မရှင်ဆီကို တင်ရမယ်ဆိုတဲ့ကိစ္စပါ။

“ကျနော်တို့ပါတီဆိုရင် အခုချိန်ထိ လူဦးရေ ၁,၀၀၀ ပြည့်ဖို့အတွက်ကို ကျနော်တို့က ဒီလ နောက်ဆုံးထားပြီးတော့ စာရင်း ပေးဖို့ ပြင်ဆင်တုန်း၊ နယ်တွေကနေ ဒီစာရင်းတွေ မဝင်သေသးဘူး။ ၁,၀၀၀ ဦးရေကို ကျနော်တို့က လကုန် ဖြတ်ပြီးတော့ ကိုယ်စားလှယ်လောင်း ဆိုတဲ့ ကိစ္စကို ကျနော်တို့က နောက်တဆင့် ပြင်ဆင်ထားတာ။ ကိုယ်စားလှယ်လောင်းက ခုချိန်ထိ ကျနော်တို့ သတ်မှတ်ထားတဲ့ ဦးရေအပြည့် ကျနော်တို့မှာ မရှိဘူး။ သူက အဲဒီလို အနေအထားမျိုးမှာ ၂ ပတ်ပဲ အချိန်သတ်မှတ်လိုက်တဲ့ အခါကျတော့ ကျနော်တို့အနေနဲ့ အရမ်းကို ခက်ခဲသွားပြီ။ ဒါ လုံး၀ မဖြစ်နိုင်ဘူး။”

အဲဒါကတော့ ပြည်ထောင်စုဒီမိုကရေစီပါတီ UDPရဲ့ တွဲဘက် အထွေထွေအတွင်းရေးမှုး (၁) ကိုသောင်းဝင်းပြောခဲ့တာပါ။

ရွေးကောက်ပွဲ ဝင်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းတွေနဲ့ ပါတီဌာနချုပ်က လူတွေနဲ့ တွေ့ဆုံနိုင်ဖို့ မလွယ်သေးတဲ့ အချိန်မှာပဲ စာရင်းတင်ရတော့မယ့် အချိန်မလောက်နိုင်ဘူးလို့ ဒီမိုကရေစီပါတီရဲ့ အထွေထွေ အတွင်းရေးမှူးချုပ် ဒေါ်သန်းသန်းနုက ပြောပါတယ်။

“၁၆ ရက်နေ့ကနေ ရက် ၃၀ ဆိုတော့ သိပ်ကပ်သွားတယ်လေ။ အခုဟာက ကျမတို့အတွက်ကလည်း ဒါလဲ အင်မတန် ခက်ခဲတဲ့ အလုပ်တခုပဲ။ အဲဒီနယ်မြေတွေကိုလည်း ကျမတို့က မသွားရသေးဘူး။ တချို့တွေဆိုရင်လည်း ဘယ်နေမြေကနေပြီးတော့ ဘယ်ပြည်နယ်ကနေပြီးတော့ အရွေးခံမယ်၊ သူတို့စားရိတ်နဲ့သူတို့ပေါ့နော်။ ကျမတို့ဆီကို စာတင်ထားတာ ကျမတို့အနေနဲ့ကလည်း အဲဒီနေရာတွေကို သွားသင့်တယ်လေ။ ဗဟိုကနေ သွားသင့်တယ်။ အမည်စာရင်းတွေက အခု တကယ် တင်ရတော့မယ်ဆိုတဲ့အခါမှာ အသေအချာ တင်နိုင်မယ့်လူတွေလား ဆိုတာ အဲဒါလည်း ကျမတို့ သွားပြီးတော့ လေ့လာဖို့ရှိသေးတယ်။ အဲဒီအတွက်က အချိန်အများကြီး လိုပါတယ်။”

ဒေါ်သန်းသန်းနုပါ။ သူဟာ ကွယ်လွန်သူ ဝန်ကြီးချုပ်ဟောင်း ဦးနုရဲ့သမီးလည်း ဖြစ်ပါတယ်။ အမျိုးသား ဒီမိုကရေစီအင်အားစု NDF ပါတီကတော့ အခုကိစ္စကို ရွေးကောက်ပွဲ ကော်မရှင်ကို တင်ပြပြီး အချိန်ရွှေ့ပေးဖို့ တောင်းဆိုမယ်လို့ NDF ပါတီရဲ့ ဥက္ကဌ ဒေါက်တာ သန်းငြိမ်းကဆိုပါတယ်။

“အီက ပြဿနာကတော့ လွှတ်တော်ကိုယ်စားလှယ်တွေကို အချိန်တိုတိုနဲ့ လုပ်ရမှာ အဓိက ပြဿနာ ဖြစ်သွားတာပေါ့။ ဘယ်လောက်ကြာသေးလို့လဲ။ ကျနော်တို့ တရားဝင် ပါတီအဖြစ်နဲ့ တလပဲ ကျနော်တို့ ရှိသေးတယ်လေ။ အဲဒီတော့ လွှတ်တော် ကိုယ်စားလှယ်တယောက် ရဖို့ဆိုတာက ခင်ဗျားလုပ်ဗျာ ဆိုယုံနဲ့ မပြီးသေးဘူးလေ။ ငွေရေးကြေးရေး ကိစ္စတွေ၊ ကိုယ်ရေးကိုယ်တာ ကိစ္စတွေ။ ဒါတွေပါ ကျနော်တို့ အကုန်လုံး ညှိနှိုင်းလုပ်နေရတာကိုးဗျ။ တစ်ယောက် နှစ်ယောက်လည်း မဟုတ်ဘူး။ ဒီလို ရာနဲ့ချီ လုပ်ရမယ့်ကိစ္စတခုက ဒီလို ရက်အနည်းငယ်အတွင်းမှာ ဘယ်လိုလုပ် ပြီးနိုင်မလဲ။ အင်မတန်ကို အချိန်တိုလွန်းတယ်လေ။ အဲဒီတော့ ဒီကိစ္စကို သက်ဆိုင်ရာ ကော်မရှင်ကိုတော့ ကျနော်တို့က စာတင်ဖို့ပေါ့။ ထပ်ပြီးတော့ ကျနော်တို့ အချိန်ပေးဖို့တော့ တင်ကြည့်မယ်လေ။”

ပြည်ထောင်စုဒီမိုကရေစီပါတီ (UDP) ကတော့ သူတို့လို အခက်ခဲကြုံနေရတဲ့ ပါတီတွေနဲ့ စုပေါင်းတိုင်ပင်ပြီး တောင်းဆိုမှုတွေ လုပ်သွားဖို့ စီစဉ်မယ်လို့ ပါတီရဲ့ တွဲဘက် အတွင်းရေးမှူး ကိုသောင်းဝင်းက ရှင်းပြပါတယ်။

“ကျနော်တို့တောင် အဲဒီလို အနေအထားရှိရင် ကျနော်တို့ထက် အခုနောက် ရုန်းကန်နေတာတွေ အများကြီးရှိတယ်လေ။ လာမယ့်ရက်တွေကနေစပြီး အဲဒီလိုပါတီတွေနဲ့ ညှိနှိုင်းပြီး ဘယ်လိုပုံစံမျိုးနဲ့ ရပ်တည်မလဲ။ ဘယ်လို ကျော်လွှားနိုင်မလဲ။ ဘယ်လို တောင်းဆိုစရာရှိတာတွေ တောင်းဆိုမလဲဆိုတာတွေ ကျနော်တို့ ဆက်ပြီး စီစဉ်သွားမယ်။” ရွေးကောက်ပွဲ ဝင်ပြိုင်ကြမယ့်ပါတီတွေ တော်တော်များများ အခုလို အမှတ်မထင်တဲ့ အခက်အခဲတွေ ရင်ဆိုင်နေရပေမယ့် ရွေးကောက်ပွဲဝင်ဖို့ အဆင်သင့်ပဲ၊ ဘာအခက်အခဲမှ မရှိဘူးဆိုတဲ့ ပါတီကတော့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ တစည ပါ။

“ကျနော်တို့အဖွဲ့မှာ ပြဿနာ မရှိပါဘူး။ နှစ်ရှည်လများ စည်းရုံးလာပြီးသားပဲလေ။ မနေ့တနေ့က ထောင်တဲ့ပါတီတွေဆိုတော့ ခက်ခက်ခဲခဲ လုပ်ချင်လည်း လုပ်ရမှာပေါ့။ သူတို့ဘက်က စဉ်းစားကြည့်ရင်တော့ နည်းနည်း အခက်အခဲ ဖြစ်နိုင်ပါတယ်။ ကျနော်တို့ကတော့ ready ပဲ ဆိုကြပါစို့။”

အဲဒါကတော့ တစည ပါတီရဲ့ဗဟိုကော်မတီဝင် ဦးချစ်လှိုင် ပြောသွားတာပါ။ နိုဝင်ဘာလ ၇ ရက်နေ့မှာ ရွေးကောက်ပွဲ ကျင်းပမယ် ဆိုပေမဲ့ ပါတီအများစုက အကန့်အသတ်တွေ တော်တော်များများ ကြားက ခက်ခက်ခဲခဲနဲ့ လုပ်နေကြရတော့ အဆင်သင့်ဖြစ်နိုင်ဖို့ တော်တော်နဲ့ မလွယ်ကြဘူးလို့ ဒီမိုကရေစီပါတီရဲ့ အတွင်းရေးမှုးချုပ် ဒေါ်သန်းသန်းနုက ဆိုပါတယ်။

“နိုဝင်ဘာပဲလုပ်လုပ်၊ ဒီဇင်ဘာပဲလုပ်လုပ် အချိန်ကတော့ တော်တော်နည်းပါတယ်။ အင်မတန် တိုတောင်းတဲ့အချိန်ကာလပါ။ ဘာဖြစ်လို့လဲဆိုတော့ ကျမတို့စပြီးတော့ ပါတီဖွဲ့ခွင့်ပေးတာတို့ ပါတီမှတ်ပုံတင်တွေ အဆင့်ဆင့် လုပ်ခဲ့ရတာ၊ ပါတီဝင်စာရင်းတင်တာတို့ ဒီအချိန်အတိုအတွင်းမှာ ကျမတို့ အရမ်းကို အချိန်ကိုလုပြီးတော့ အလုပ်လုပ်လာရတယ်။” ၁၉၉၀ ရွေးကောက်ပွဲထက် အခု ၂၀၁၀ ရွေးကောက်ပွဲက နိုင်ငံရေးပါတီတွေ အတွက် ပိုပြီး အခက်အခဲတွေ များပါတယ်။ ပါတီတွေမှာ သတ်မှတ်ထားတဲ့ ရန်ပုံငွေ ရဖို့ဆိုတာလည်း လွယ်တာ မဟုတ်ပါဘူး။ ဒီကြားထဲမှာ အခုလို အချိန်ကန့်သတ်ချက်တွေကို ကပ်ပြီးမှ ကြေညာလိုက်တာဟာ ရွေးကောက်ပွဲဝင်မယ့် ပါတီအရေအတွက်ကို လျှော့သွားအောင် လုပ်တဲ့သဘောပဲလို့ ယူဆကြတဲ့ နိုင်ငံရေးပါတီတွေလည်း ရှိပါတယ်။ ရွေးကောက်ပွဲကို ဘယ်တော့ကျင်းပမလဲ ဆိုတာကို အာဏာပိုင်တွေဘက်က အခု ကြေညာခဲ့ပြီ ဆိုပေမဲ့လဲ ထူးခြားတာတခုကတော့ မြန်မာပြည်သူ အများစုဟာ ရွေးကောက်ပွဲကိစ္စကို စိတ်ဝင်တစား မရှိကြသေးတာပဲ ဖြစ်ပါတယ်။

XS
SM
MD
LG