သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နယ်စပ် တိုင်းရင်းသားများ မဲပေးခွင့်ဆုံးရှုံး


အခုလာမယ့် နိုဝင်ဘာ ရွေးကောက်ပွဲအတွင်း မြန်မာနိုင်ငံ အရှေ့ဘက်ခြမ်း နယ်စပ်က ကျေးရွာတွေ အတော်များများမှာ ရွေးကောက်ပွဲ ကျင်းပနိုင်မှာ မဟုတ်ဘူးလို့ မြန်မာအစိုးရက ကြေညာခဲ့ပါတယ်။ လွတ်လပ်ပြီးမျှတတဲ့ ရွေးကောက်ပွဲ ကျင်းပပေးနိုင်ဖို့ အခြေအနေ မရှိဘူးဆိုပြီး ကော်မရှင်က ကြေညာလိုက်တဲ့ မြို့နယ်တွေဟာ တိုင်းရင်းသား လက်နက်ကိုင်တွေ ထိန်းချုပ်တဲ့နယ်မြေအများစု ဖြစ်နေပါတယ်။

ရွေးကောက်ပွဲမဖြစ်ဘူးလို့ ကြေညာတဲ့စာရင်းမှာ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ်နဲ့ ဝအထူးဒေသ မြို့နယ်တွေက ကျေးရွာတွေ အတော်များများ ပါဝင်ပါတယ်။ အခုလို လုပ်ရပ်ဟာ စစ်အစိုးရကို လက်မခံတဲ့ တိုင်းရင်းသား ပြည်သူတွေရဲ့ မဲပေးခွင့် အခွင့်အလမ်းကို ဟန့်တားလိုက်တာပဲလို့ လူ့အခွင့်အရေးအဖွဲ့ တခုဖြစ်တဲ့ Alternative ASEAN က Debbie Stothardt က ဝေဖန်ပါတယ်။

“ဒါဟာ အတော့်ကို ဆိုးဆိုးရွားရွား လက္ခဏာပါပဲ။ ဒီရွေးကောက်ပွဲဟာ အမျိုးသား ပြန်လည် သင့်မြတ်ရေးအတွက် အခြေအနေကောင်းတွေ ဖန်တီးဖို့ ကြိုးစားတာထက် မြန်မာနိုင်ငံတွင်း ပဋိပက္ခတွေရဲ့ အဓိက အရင်းအမြစ် ပြဿနာကို ပိုပြီး တင်းမာလာအောင် လုပ်သလို ဖြစ်နေပါတယ်။” - လို့ ပြောသွားတာပါ။

အခု ရွေးကောက်ပွဲ မလုပ်နိုင်တဲ့ ဒေသတွေက တိုင်းရင်းသား လက်နက်ကိုင်တွေကို စက်တင်ဘာ ၁ ရက် နောက်ဆုံး ထားပြီး စစ်အစိုးရ လက်အောက်ခံ နယ်ခြားစောင့်တပ်အသွင် ပြောင်းဖို့ စစ်အစိုးရက ဖိအားပေးခဲ့ပါတယ်။ ဒါပေမဲ့ တိုင်းရင်းသားအဖွဲ့ အတော်များများက လက်မခံခဲ့ကြပါဘူး။ ဒါကြောင့်လဲ အဲဒီနေရာတွေမှာ စစ်အစိုးရနဲ့ တိုင်းရင်းသား အုပ်စုတွေအကြား တင်းမာမှုတွေက ရှိနေတာပါ။

မြန်မာနိုင်ငံ တိုင်းရင်းသား ဒေသတွေက မြို့နယ် ၃၂ မြို့နယ်က ကျေးရွာအများစုမှာ ရွေးကောက်ပွဲတွေ ကျင်းပပေးမှာ မဟုတ်ဘူးလို့ ရွေးကောက်ပွဲ ကော်မရှင် ကြေညာလိုက်ပါတယ်။ အဲဒီဒေသတွေမှာ လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ အခြေအနေ မရှိတာကြောင့်လို့လည်း အကြောင်းပြပါတယ်။ အဲဒီအထဲမှာ ကချင်ပြည်နယ်က မြို့နယ် ၁၈ မြို့နယ်ရှိတဲ့အထဲက ၉ မြို့နယ် ပါဝင်ပါတယ်။ တကယ်တော့ ကချင်ပြည်နယ်တွင်း တိုင်းရင်းသား လက်နက်ကိုင် အားလုံးဟာ စစ်အစိုးရနဲ့ အပစ်အခတ် ရပ်စဲရေးသဘောတူညီမှု ရယူ ထားတာဖြစ်ပါတယ်။ အခုလို နယ်တွေမှာ ရွေးကောက်ပွဲ မကျင်းပနိုင်တာရဲ့ နောက်ကွယ် အခြေအနေတွေ ဘယ်လိုရှိတာကြောင့်ပါလဲ၊ အပြည့်စုံကို ထိုင်းအခြေစိုက် ဗွီအိုအေ သတင်းထောက် မနူးပန်က တင်ပြထားပါတယ်။

ရွေးကောက်ပွဲကော်မရှင်က လွပ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ကျင်းပဖို့ အခြေနေမရှိတဲ့အတွက် ရွေးကောက်ပွဲ မကျင်းပမယ့် အထဲမှာ ကချင်ပြည်နယ်မြို့နယ် ၉ ခုက ကျေးရွာ အုပ်စုပေါင်း ၆၈ ခု ပါဝင်ပါတယ်။

အခု ရွေးကောက်ပွဲမှာ မှတ်ပုံတင်ခွင့်မရခဲ့တဲ့ ကချင်ပြည်နယ် တိုးတက်ရေးပါတီ (KSPP) အတွင်းရေးမှူး ဦးတူးရော် က ဒီနယ်မြေတွေဟာ ဘယ်လိုနယ်မြေတွေလဲ ဆိုတာ ခုလိုပြောပါတယ်။

“အဲဒီနေရာတွေက အခု ကချင်ပြည်နယ်အတွင်းမှာ သူတို့ သတ်မှတ်လိုက်တဲ့ နယ်မြေတွေက ကေအိုင်အို ထိန်းချုပ်လိုက်တဲ့ နယ်မြေတွေမှာ များပါတယ်။ အဲဒီဘက်မှာ အများအားဖြင့်က ကချင်လူမျိုးတွေပဲ နေထိုင်တဲ့နေရာတွေ ဖြစ်နေတယ်။ အဲဒီတော့ သူတို့ မဲယှဉ်လာတဲ့အခါမှာလည်း အဲဒီဘက်ကမှာကတော့ သူတို့နိုင်ဖို့ မသေချာဘူး။ အစိုးရဘက်ကနဲ့ ကြံ့ခိုင် ဖွံ့ဖြိုးရေးတွေ သူတို့တင်ထားတဲ့သူတွေ အနိုင်ရရှိခြင်းကို အဓိက ထားပြီးတော့ အဲဒီလိုလုပ်တာဖြစ်မယ်။ သူတို့အနေနဲ့ လုပ်ချင်သလိုလုပ်တဲ့ သဘောပါပဲ။ ကျွန်တော် အဲလိုပဲ နားလည်တယ်။”

ဒါပေမဲ့ ဒီနယ်မြေတွေက ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ဆန္ဒခံယူပွဲ လုပ်စဉ်က မဲပုံးထောင်ခဲ့တဲ့ နယ်မြေတွေဖြစ်ပါတယ်။

ကချင်လူမှုဖွံ့ဖြိုးရေး ကွန်ယက်တာဝန်ခံ ဦးအောင်ဝါ ကတော့ -

“ဖြစ်နိုင်တာကတော့ အဲဒီနေရာမှာ ရှုံးဖို့ များပါတယ်။ ကေအိုင်အိုနေရာ ဖြစ်ဖြစ် တခြားနေရာဖြစ်ဖြစ် ဒီလက်ရှိ အစိုးရကို မကြိုက်တာတော့ အမှန်ပဲ။ ဒါကြောင့်မို့ ဆန့်ကျင်ပြီးတော့မှ လွတ်လွတ်လပ်လပ် မဲပေးဖို့၊ အဲဒီဒေသမှာတွေ ပိုပြီး အခွင့်အရေး ရှိတယ်၊ ဒါကြောင့်မို့ အဲဒီဟာတွေလည်း သူတို့ စိုးရိမ်ပုံရတယ်။ ဒါကြောင့်မို့ ဒီတဝိုက်ကို မဲမထည့်ရဆိုပြီး သတ်မှတ်ထားတဲ့ ပုံစံလည်း ဖြစ်ပါတယ်။”

အခုလိုမကြေညာခင် စက်တင်ဘာလ ၁ ရက်နေ့ နောက်ဆုံးထားပြီးတော့ အပစ်ရပ် လက်နက်ကိုင် အဖွဲ့အစည်းဖြစ်တဲ့ ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ ကေအိုင်အို ကို နယ်ခြားစောင့်တပ်အသွင်ပြောင်းရေး ထပ်မံ ဖိအားပေးခဲ့တာကို ကေအိုင်အိုက ငြင်းဆိုခဲ့ပါတယ်။

အဲဒီအခြေနေတွေမူတည်ပြီး နယ်မြေလုံခြုံရေးကို အကြောင်းပြချက်အနေနဲ့ ရွေးကောက်ပွဲတွေ မလုပ်ဖို့ ကြေညာခဲ့တာ ဖြစ်နိုင်တယ်လို့ ဦးအောင်ဝါက ပြောပါတယ်။

အဓိကကတော့ ခုရက်ပိုင်းမှာ ကေအိုင်အိုနဲ့ သူတို့ဆွေးနွေးတဲ့ အပေါ်မှာလည်း မူတည်နေပါတယ်။ ကေအိုင်အိုနဲ့ ဆွေးနွေးတဲ့ နေရာမှာ အဆင်မပြေမှုတွေ ဖြစ်သွားတယ်။ အဲဒီဟာက အကြောင်းတစ်ကြောင်း ဖြစ်ပါလိမ့်မယ်။ နောက်တစ်ခုကတော့ ဒီနေရာက သူတို့အတွက် ရှုံးနိုင် တယ်လို့ ယူဆရပုံရတယ်။ ဒါကြောင့်မို့ ဒီနေရာမှာ မဲမထည့်ရဆိုပြီး ကန့်သတ်ထားတာမျိုး ဖြစ်ပါလိမ့်မယ်။”

ရွေးကောက်ပွဲ မကျင်းပမယ့် ကျေးရွာအုပ်စုတွေပါဝင်တဲ့ မြို့နယ်တွေကတော့ ဝိုင်းမော်၊ အင်ဂျန်းယန်၊ ဆော့လော်၊ ချီဖွေ၊ တနှိုင်း၊ ဆွမ်ပရာဘွမ်၊ မန်စီ၊ မိုးမောက်၊ ရွှေကူမြို့နယ်တွေမှာ ဖြစ်ကြပါတယ်။

XS
SM
MD
LG