သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ-အမေရိကန်ဆက်ဆံရေး လက်ထောက်ဝန်ကြီးဟောင်း သုံးသပ်


IRI ဥက္ကဌ မစ္စတာ ခရိန်နာ
IRI ဥက္ကဌ မစ္စတာ ခရိန်နာ

မြန်မာနိုင်ငံ စစ်အစိုးရရဲ့ တရားမျှတမှုမရှိတဲ့ ၂၀၁၀ ရွေးကောက်ပွဲလုပ်ငန်းစဉ်တွေကို အမေရိကန်အစိုးရအနေနဲ့ အပြတ်သားဆုံး ပြောဆိုဝေဖန်နေပြီး ဒဏ်ခတ်အရေးယူမှုတွေ ပိုပြီးလုပ်ဖို့ အချိန်ကျနေပြီလို့ အမေရိကန်နိုင်ငံခြားရေး လက်ထောက်ဝန်ကြီးချုပ်ဟောင်း နဲ့ လက်ရှိ နိုင်ငံတကာ ရီပတ်ဘလစ်ကန် အဖွဲ့ (International Republican Institute - IRI) ဥက္ကဌ Lorne W. Craner (သမ္မတ ဂျော့ချ်ဘုရှ် (George Bush) လက်ထက်မှာ အမေရိကန် နိုင်ငံခြားရေးဌာန ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ အလုပ်သမားရေးရာဌာန လက်ထောက်နိုင်ငံခြားရေးဝန်ကြီး အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ) က ဝါရှင်တန်ဒီစီ Heritage Foundation မှာ ကျင်းပပြုလုပ်ခဲ့တဲ့ “The Way Ahead on U.S. Burma Policy” ဆွေးနွေးပွဲမှာ မစ္စတာ ခရိန်နာ က မြန်မာ့အရေး ဆွေးနွေးပြောဆိုတင်ပြခဲ့ပါတယ်။ သူက (၁၉) နှစ်ကြာ မြန်မာအစိုးရနဲ့ ဆက်ဆံဆောင်ရွက်လာတဲ့ ကာလတလျှောက်မှာ မြန်မာစစ်အစိုးရရဲ့ ဖိနှိပ်မှုတွေဟာ တစနဲ့တစ ပိုဆိုးဝါးလာတာကိုပဲ မြင်တွေ့ရကြောင်း အခုအချိန်မှာ မြန်မာအစိုးရ ပြောဆိုလာတဲ့ ၂၀၁၀ ရွေးကောက်ပွဲဆိုတာ တကယ်စစ်မှန်တဲ့ ရွေးကောက်ပွဲဖြစ်ဖို့ ခဲယဉ်းတယ်ဆိုတဲ့ အထောက်အထားတွေ ရှိနေကြောင်း ပြောဆိုခဲ့ပါတယ်။

မစ္စတာ ခရိန်နာ ။ ။ ရွေးကောက်ပွဲလို့ အမည်တပ်ထားပေမယ့် စစ်အစိုးရအနေနဲ့ ဒီရွေးကောက်ပွဲမှာ တကယ့် အတိုက်အခံတွေ ဝင်မပြိုင်နိုင်အောင် အဆင့်ဆင့် တားဆီးမှုတွေ လုပ်ထားတာကို တွေ့ရပါတယ်။ ရွေးကောက်ပွဲဟာ ဒီမိုကရေစီရဲ့ အနှစ်သာရဆိုပေမယ့် မြန်မာနိုင်ငံမှာ စစ်အစိုးရက စီစဉ်နေတဲ့ ရွေးကောက်ပွဲကတော့ ဘယ်လိုနည်းနဲ့မှ ပွင့်လင်းမျှတမှု မရှိတဲ့အပြင် လွတ်လပ်စွာ အရွေးချယ်ပိုင်ခွင့်ကိုလည်း ငြင်းပယ်ထားတဲ့ ရွေးကောက်ပွဲ ဖြစ်နေပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ မြန်မာနိုင်ငံသားတွေအနေနဲ့ စစ်အစိုးရကို ထောက်ခံနေတဲ့ ကိုယ်စားလှယ်တွေနဲ့ စစ်အစိုးရရဲ့ အခြေခံဥပဒေကို လက်ခံတဲ့ အတိုက်အခံကိုယ်စားလှယ်ကြားမှာပဲ ရှိနေပြီ။ ဒီ ရွေးကောက်ပွဲကို အခြေခံတဲ့ ၂၀၀၈ အခြေခံဥပဒေအရ စစ်တပ်ရဲ့ နိုင်ငံရေးအရ တရားဝင်ခေါင်းဆောင်မှုအပိုင်းတွေကို အသိအမှတ်ပြုထားပါတယ်။ ဒါတွေကို သေချာမှုရှိအောင် မြန်မာစစ်အစိုးရက စီမံလုပ်ဆောင်နေပါတယ်လို့ မစ္စတာ ခရိန်နာ က ပြောဆိုခဲ့ပါတယ်။

မစ္စတာ ခရိန်နာ ။ ။ ဗိုလ်ချုပ်မှုးကြီးသန်းရွှေ အနေနဲ့ ၁၉၉၀ ရွေးကောက်ပွဲမှာ စစ်အစိုးရ အတွက်မှားခဲ့တာကို သင်ခန်းစာယူပြီးတော့ အခုတကြိမ် ၂၀၀၈ ခုနှစ် အခြေခံဥပဒေ ဆန္ဒခံယူပွဲတုန်းကလို ကိုယ်လိုချင်တာကို ပြတ်ပြတ်သားသား ရရှိဖို့ စီမံချက် ချထားလုပ်ကိုင်နေပါတယ်။ ရွေးကောက်ပွဲမှာ ထိရောက်တဲ့ အဓိက အတိုက်အခံတွေ ပါမလာစေရေးအတွက် အဆင့်ဆင့် စည်းမျဉ်းတွေချပြီး ဟန့်တားမှုတွေ လုပ်ဆောင်ထားပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားအများအပြားကို ထုတ်ပယ်ရမယ်လို့ စည်းမျဉ်းသတ်မှတ်ချက်တွေ ချထားတာမို့ အဓိက အတိုက်အခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနေနဲ့ တရားဝင်ပါတီအဖြစ် ပြန်လည်မှတ်ပုံတင်ဖို့ ငြင်းပယ်ခဲ့ပါတယ်။ ဒါဟာ စစ်အစိုးရက ကျင်းပပြုလုပ်မယ့် ၂၀၁၀ ရွေးကောက်ပွဲကို သပိတ်မှောက်တယ့် သဘောလည်းဖြစ်ပါတယ်။ လက်ထောက်ဝန်ကြီး Lorne W. Craner ကတော့ သာမန်အားဖြင့် ရွေးကောက်ပွဲဆိုတာ ဒီမိုကရေစီစံနစ်ရဲ့ အနှစ်သာရဖြစ်တာမို့ နိုင်ငံရေးပါတီတခုအနေနဲ့ ရွေးကောက်ပွဲကို သပိတ်မမှောက်သင့်ပါဘူးလို့ ယူဆရနိုင်ပါကြောင်း။ ဒါပေမဲ့ မြန်မာ့နိုင်ငံရေးမှာတော့ မြန်မာစစ်အစိုးရရဲ့ စည်းကမ်းသတ်မှတ်မှုနဲ့ ဖိနှိပ်ချုပ်ချယ်မှုတွေဟာ အန်အယ်လ် အတွက် အလွန်အခက်အခဲတွေ့စေတဲ့ အခြေအနေဖြစ်တယ်လို့ ပြောဆိုပါတယ်။ ရွေးကောက်ပွဲကို သပိတ်မှောက်ဖို့ ဆုံးဖြတ်ချက်ချပြီး နောက်ပိုင်းမှာ အန်အယ်လ်ဒီ ကို နိုင်ငံရေးပါတီဟောင်း တခုအနေနဲ့သာ မြင်လာကြတာတွေ ရှိနေကြောင်း။ ဒါပေမဲ့ အန်အယ်လ်ဒီ ခေါင်းဆောင်ပိုင်းအနေနဲ့က မူလကတည်းက ထိထိရောက်ရောက် လုပ်ပိုင်ခွင့်မရှိတဲ့ နိုင်ငံရေးအခန်ကဏ္ဍထက် အခုနောက်ပိုင်းမှာ လူ့အခွင့်အရေး၊ လူမှုအသိုင်းအဝိုင်းနဲ့ တခြားအရေးပါတဲ့အခန်းကဏ္ဍတွေမှာ ရည်ရွယ်ချက် သတ်မှတ်ပြီး အဖွဲ့အစည်းအသွင်ကို ထိန်းသိမ်းပြီး ဆက်လျှက် လှုပ်ရှားသွားဖို့ ပြင်ဆင်နေကြောင်း။ တဆက်တည်းမှာ ရွေးကောက်ပွဲ သပိတ်မှောက်ရေးကိ လှုံဆော်သွားနိုင်ဖို့ အလားအလာ ရှိပေမယ့် ရွေးကောက်ပွဲကျင်းပမယ့်အချိန်ဟာ သိပ်မကျန်တော့တာမို့ အန်အယ်လ်ဒီ အနေနဲ့ အခွင့်အရေး သိပ်မရှိတော့ကြောင်း သူကပြောဆိုပါတယ်။

မစ္စတာ ခရိန်နာ ။ ။ အန်အယ်လ်ဒီ ရဲ့ အခြေအနေဟာ စိုရိမ်စရာ ဖြစ်နေပါတယ်။ ၂၀၁၀ ခုနှစ်ဟာ အန်အယ်လဒ်ဒီ အနေနဲ့ ကျနော်တို့ သိထားတဲ့ မူလ အတိုက်အခံနိုင်ငံရေးအဖွဲ့ကြီး အဆင့်ကနေ အဆုံးသတ်သွားတဲ့နှစ် ဖြစ်နိုင်သွားပြီး လူငယ်ခေါင်းဆောင်ပိုင်းတွေက လူ့အခွင့်အရေး၊ လူမှုအသိုင်းအဝိုင်း လုပ်ငန်း စသည်ဖြင့် ကဏ္ဍအလိုက် ရပ်တည်မှုအတွက် ပုံစံတမျိုးနဲ့ လုပ်ကိုင်လာတာကို တွေ့ရဖို့ ရှိနိုင်ပါတယ်။ တချိန်တည်းမှာ ရွေးကောက်ပွဲအပြီးမှာ အာဏာကို ပိုပြီးတရားဝင် ချုပ်ကိုင်လာနိုင်မယ့် စစ်အစိုးရအနေနဲ့ ဒီကျန်ရစ်နေတဲ့ အတိုက်အခံ လှုပ်ရှားမှု၊ ဒီမိုကရေစီ လှုပ်ရှားမှုတွေကို ပိုပြီး နှိပ်ကွက်လာမှာကို မြင်ရဖို့ရှိနေပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ ဒါဆိုရင် အမေရိကန်အစိုးရရဲ့ မြန်မာ့ရေးရာ မူဝါဒမှာ ဘယ်လိုသုံးသပ် ပြောင်းလဲမှုတွေ လိုနေပြီလဲ မေးခွန်းအပေါ်မှာတော့ မစ္စတာခရိန်နာ က လက်ရှိ အမေရိကန်အစိုးရဟာ မြန်မာနိုင်ငံနဲ့ လက်တွေ့ကျ ဆက်ဆံရေးမူ ကို ကျင့်သုံးနေပေမယ့် ပြတ်သားတဲ့ ဝေဖန်ထောက်ပြမှုတွေလုပ်ဖို့ ပျက်ကွက်နေသေးတယ်လို့ ဆိုပါတယ်။

မစ္စတာ ခရိန်နာ ။ ။ စစ်အစိုးရအနေနဲ့ ၂၀၁၀ ရွေးကောက်ပွဲ စီစဉ်ဆောင်ရွက်နေတာကို အမေရိကန်အစိုးရနဲ့ အိမ်ဖြူတော်တို့က သိပ်ပြီး ဝေဖန်ပြောဆိုခဲ့တာတွေ မရှိခဲ့သလို အထက်လွှတ်တော်အမတ် ဂျင်မ်ဝက်ဘ် (Jim Webb) လို့ ပုဂ္ဂိုလ်မျိုးတွေရဲ့ မြန်မာပြည် အလည်အပတ်ခရီးစဉ် နဲ့ ပြောဆိုမှုတွေကြောင့် အမေရိကန်ပြည်ထောင်စုရဲ့ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒအပေါ် မြန်မာအတိုက်အခံတွေကြားမှာ ဝေခွဲရခက်တဲ့ အနေအထားတွေ ဖြစ်ပေါ်စေခဲ့ပါတယ်။ အထက်လွှတ်တော် ဂျင်မ်ဝက်ဘ် ဟာ မြန်မာစစ်အစိုးရအပေါ် အရေးယူဒဏ်ခတ်မှုအပေါ် ပြင်းပြင်းထန်ထန် ဆန့်ကျင်သူ ဖြစ်ပါတယ်။ ဒါပေမဲ့ သူဟာ အမေရိကန်အစိုးရ မူဝါဒကို ကိုယ်စားပြုသူ မဟုတ်ပါဘူး။ မကြာသေးခင်က မြန်မာနိုင်ငံကို သွားရောက်ခဲ့တဲ့ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Kurt Campbell က အမေရိကန်အစိုးရကို ကိုယ်စားပြုပါတယ်။ သူကတော့ စစ်အစိုးရရဲ့ ၂၀၁၀ ရွေးကောက်ပွဲ အစီအစဉ်တွေအပေါ် ကျေနပ်မှုမရှိကြောင်း ပြောဆိုထားသလို အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နဲ့လည်း တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ အမေရိကန်အစိုးရရဲ့ဆက်ဆံရေး မူဝါဒဆိုတာဟာ အရင် အစိုးရလက်ထက်က ချမှတ်ကျင့်သုံးခဲ့တဲ့ ဒဏ်ခတ်ဖိအားပေး မူဝါဒနဲ့ လုံးဝဆန့်ကျင်နေပါတယ်။ ဆက်ဆံရေးမူဝါဒကို ကျင့်သုံးမယ်ဆိုရင် အပေါ်ယံ မဟာဗျူဟာ ဆွေးနွေးမှု ဆက်ဆံမှုတွေနဲ့ မပြီးဘဲ အခြေခံ အတွင်းကျကျ တိုက်တွန်းမှုတွေ လုပ်ရပါလိမ့်မယ်။ ဒီလို ဆက်ဆံမှုကြောင့် မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေး ကာကွယ်ရေး ကိစ္စတွေမှာ လစ်ဟမသွားစေသင့်ပါဘူးလို့ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး နဲ့ အလုပ်သမားရေးရာ လက်ထောက်ဝန်ကြီးဟောင်း Lorne Craner ထောက်ပြပြောဆိုသွားပါတယ်။ အမေရိကန် အစိုးရအနေနဲ့ အရေးပါတဲ့ အတိုက်အခံများနဲ့ ဆွေးနွေးသွားဖို့ လိုအပ်ပြီး တိကျခိုင်မာတဲ့ သဘောထားတွေကို လူသိရှင်ကြား ထုတ်ဖော်ဖို့ လိုလိမ့်မယ်လို့ ဆိုပါတယ်။ လောလောဆယ်တော့ လက်ရှိ အစိုးရရဲ့ လက်တွေ့ကျ ဆက်ဆံရေးမူဝါဒ ဟာ ရလဒ်ရေရေရာရာ မရှိသေးတာကတော့ ထင်ရှားပါတယ်လို့ သူက ပြောဆိုပါတယ်။

မစ္စတာ ခရိန်နာ ။ ။ မြန်မာနိုင်ငံနဲ့ လက်တွေ့ကျ ဆက်ဆံရေးဟာ ထိရောက်မှု အကန့်အသတ်ရှိတယ်လို့ Kurt Campbell က ပြောထားသလို ကျနော်တို့ကြားမှာလည်း ရှင်းလင်းတဲ့ သဘောတူညီချက်တွေ ရှိလာနေပါတယ်။ အမေရိကန်ပြည်ထောင်စုအနေနဲ့ ၂၀၀၃ ခုနှစ်ကတည်းက မြန်မာ့ဒီမိုကရေစီ နဲ့ လွတ်လပ်မှု ဥပဒေအရ မြန်မာစစ်အစိုးရနဲ့ နီးစပ်တဲ့ စီးပွားရေးအသိုင်းအဝိုင်းကို ဘဏ္ဍာရေးအရ ပိတ်ဆို့အရေးယူမှုတွေ ပြုလုပ်နေတာပါ။ အခုအချိန်မှာတော့ ၂၀၀၈ ခုနှစ်က ပြဌာန်းခဲ့တဲ့ Burma Jade ဥပဒေလို့ခေါ်တဲ့ မြန်မာစစ်အစိုးရအပေါ် ဒဏ်ခတ်အရေးယူရေး ဥပဒေအတိုင်း နောက်ထပ်အရေးယူမှုတွေ လုပ်ဖို့လိုအပ်နေပါပြီ။ နိုင်ငံတကာ ဘဏ္ဍာရေးအတွေ့အကြုံရှိတဲ့ ပုဂ္ဂိုလ်တဦးကို မြန်မာနိုင်ငံ အထူးတာဝန်ခံအနေနဲ့ ခန့်အပ်ပြီးတော့ သံတမန်ရေးလုပ်ပိုင်ခွင့်တွေ နဲ့ ဆောင်ရွက်စေသင့်ပါတယ်။ စင်္ကာပူ၊ ဒူဘိုင်း အချက်အခြာဒေသတွေက ပူးပေါင်းဆောင်ရွက်မှုတွေကိုလည်း တောင်းဆိုဖို့ လိုအပ်ပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ မြန်မာနိုင်ငံလို နိုင်ငံတခုအနေနဲ့ စီးပွားရေးပိတ်ဆို့အရေးယူ ခံရတယ်ဆိုတာဟာ အင်မတန် ကြီးလေးတဲ့ ဒုက္ခတခု ဖြစ်နေပါလိမ့်မယ်။ ဒါဟာ ပုဂ္ဂိလိကလုပ်ငန်းတွေအနေနဲ့ ပြည်သူတွေကြားမှာ ထိခိုက်မှုတွေ ရှိစေတယ်လို့ ပြောဆိုဝေဖန်မှုတွေ ရှိနေပေမယ့် တကယ်တမ်းမှာ မြန်မာနိုင်ငံမှာ လုပ်ပိုင်ခွင့်ရှိနေသူတွေဟာ စစ်အစိုးရအပြင် သူတို့နဲ့ နီးစပ်တဲ့ အခွင့်အထူးခံ လူတစုသာ ဖြစ်နေတယ်လို့ မစ္စတာ ခရိန်နာ က ထောက်ပြပါတယ်။ မြန်မာစစ်အစိုးရဟာ သဘာဝဓါတ်ငွေ့၊ ကျောက်မျက်ရတနာ နဲ့ သစ်ထုတ်လုပ်ရေး လုပ်ငန်းကြီးတွေက ရတဲ့ ဝင်ငွေတွေကို ပြည်သူ့အကျိုးပြု လုပ်ငန်းတွေမှာ ထိထိရောက်ရောက် လုပ်ကိုင်ခြင်း မရှိပါဘူး။ စစ်တပ်အင်အား တိုးချဲ့ခြင်းနဲ့ လက်နက်ဖြည့်တင်းရေးတွေမှာပဲ အသုံးပြုနေပါတယ်။ အနုမြူလက်နက် ထုတ်လုပ်ဖို့အထိ တန်းဖိုးကြီးကြီးမားမား ပေးဆပ်ရမယ့် လုပ်ငန်းကြီးတွေကိုလည်း လျှို့ဝှက်စီမံနေတယ်လို့ သတင်းတွေပေါက်ကြား ရှိနေခဲ့ပါတယ်။

မစ္စတာ ခရိန်နာ ။ ။ မြန်မာနိုင်ငံနဲ့ ဆက်ဆံရေးမှာ အမေရိကန်နိုင်ငံအနေနဲ့ အဓိကထား ဖြေရှင်းရမယ့် အန္တရာယ်ကြီးမားတဲ့ ကိစ္စတခုကတော့ မြန်မာစစ်အစိုးရနဲ့ မြောက်ကိုရီးယားနိုင်ငံတို့ကြားက နျူကလီးယား ပူးပေါင်းဆောင်ရွက်မှုဘဲ ဖြစ်ပါတယ်။ ဒီအကြောင်းကို မြန်မာ့အရေးလေ့လာသူတွေကြားမှာ ကြားသိနေရတာ နှစ်အတော်ကြားဖြစ်နေပေမယ့် မကြာသေးခင်ကမှ လူသိရှင်ကြား ဖြစ်လာခဲ့ပါတယ်။ အမေရိကန်ပြည်ထောင်စု အနေနဲ့ ဒီကိစ္စကို ပိုပြီးထိထိရောက်ရောက် စုံစမ်းအရေးယူပြီးတော့ ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ မကြာသေးခင်ကမှ လုပ်ခဲ့တဲ့ အီရန်နိုင်ငံအပေါ် ချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက်မျိုး ချနိုင်ဖို့ ဦးတည်လုပ်ဆောင်သင့်ပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ ခြုံငုံသုံးသပ်ရရင် မြန်မာစစ်အစိုးရဟာ အမေရိကန်အစိုးရရဲ့ လက်တွေ့ကျ ဆက်ဆံရေးမူဝါဒ စတင်ကတည်းက ဒီမူဝါဒကို သူတို့အကျိုးအတွက်ပဲ အချိန်ဆွဲ အသုံးချနေခဲ့တာဖြစ်ကြောင်း အမေရိကန်အစိုးရဘက်ကို အချိုသတ်ပြောဆိုမှုတွေအမျိုးမျိုး ရှိခဲ့ပြီး သူတို့ရဲ့ အာဏာခိုင်မာရေးအပြင် လာမယ့်ရွေးကောက်ပွဲမှာ လိုချင်တဲ့ရလဒ်တွေ ထွက်ပေါ်လာစေရေး တဆင့်ဆီလုပ်ဆောင်နေခဲ့တာဖြစ်ကြောင်း မစ္စတာ ခရိန်နာ က ပြောဆိုပါတယ်။ မြန်မာစစ်အစိုးရရဲ့ ၂၀၁၀ ရွေးကောက်ပွဲဟာ ပွင့်လင်းမျှတတဲ့ ရွေးကောက်ပွဲမဖြစ်နိုင်ဘူးဆိုတာ ထင်ရှားနေတဲ့အတွက် အမေရိကန်ပြည်ထောင်စုအနေနဲ့ အီးယူ ဥရောပသမဂ္ဂလိုပဲ ၂၀၁၀ ရွေးကောက်ပွဲကို ဆန့်ကျင်ရှုတ်ချကြောင်း အခိုင်အမာပြပြီး ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မြန်မာနိုင်ငံက ရဲဝံ့ပြတ်သားတဲ့ နိုင်ငံရေးအတိုက်အခံတွေကို ထောက်ခံပံ့ပိုးမှုတွေ ပေးသင့်တယ်လို့ IRI ခေါ် နိုင်ငံတကာရီပတ်ဘလစ်ကန်အဖွဲ့ လက်ရှိ ဥက္ကဌနဲ့ အမေရိကန်နိုင်ငံခြားရေးဌာန ဒီမိုကရေစီ နဲ့ လူ့အခွင့်အရေး အလုပ်သမားရေးရာ ဝန်ကြီးဟောင်း မစ္စတာ ခရိန်နာ က ပြောဆိုသွားခဲ့ပါတယ်။

XS
SM
MD
LG